အချုပ်အနှောင်မှ ပြန်လွတ်လာသူတွေက ဘယ်လိုလူတွေလဲ

0
138

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲလူပုဂ္ဂိုလ်အချို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖမ်းဆီးခံထားရသူ နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ ထားဝယ်အကျဉ်းထောင်မှ ၂၂ ဦး ပါဝင်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လွတ်လာသူအများစုမှာ ဆန္ဒပြပွဲများ၊ ဆန္ဒပြပွဲနှင့် ဆက်နွယ်သည့် ကိစ္စရပ်များတွင် ပါဝင်သည့်အတွက် အဖမ်းခံရသူများ ဖြစ်ကြောင်း Dawei Watch မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။

ထို့အပြင် မေလအတွင်းက လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့သည့် ဆိုင်ပိုင်ရှင် ဦးတင်ထွန်းလည်း ပါဝင်သည်။

၎င်းပိုင်ဆိုင်သည့် ထားဝယ်မြို့ တောင်ခွလမ်းဆုံးရှိ လက်ဖက်ရည်ဆိုင်တွင် ဒေသခံလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့ရာမှ ဆိုင်ပိုင်ရှင်ဖြစ်သူ အဖမ်းခံရခြင်းဖြစ်သည်။

ယမန်နေ့က ပြန်လွှတ်သူများတွင် အသက်မပြည့်သေးသည့်ကလေးသူငယ် ၁၀ ဦးပါဝင်ပြီး အများစုမှာ အဖမ်းခံရပြီးနောက် အာမခံဖြင့် တရားရင်ဆိုင်နေရသူများဖြစ်ကြောင်း သိရသည်။

အာမခံဖြင့် တရားရင်ဆိုင်နေရပြီး လက်ရှိ ပြန်လွှတ်သူများတွင် ပါဝင်သူတစ်ဦးကမူ ၎င်းအား ယခင်ကတည်းက မဖမ်းသင့်ဘဲ အဖမ်းခံရခြင်းဖြစ်သည့်အတွက် ပြောစရာစကားမရှိကြောင်း Dawei Watch သို့ပြောသည်။

“အမှုရုပ်သိမ်းလိုက်တယ်ဆိုတာက ဘယ်လိုကြံနေမှန်းမှ မသိတာ၊ လွှတ်ပြီး ဘာဆက်လုပ်မယ်ဆိုတာ ဆက်ကြည့်ရမှာ”ဟု ၎င်းက ဆိုသည်။

ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်သူများစာရင်းကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာဌာနသို့ ဆက်သွယ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အမှုရုပ်သိမ်းပြီးပြန်လွှတ်ရန် ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေး စာရင်းများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူများနှင့် NLD ပါတီဝင်များ မပါရှိစေရန် တပ်ကောင်စီက ညွှန်ကြားထားကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြချက်အရ သိရသည်။