အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်က တရားစွဲမည်ဟု အကြောင်းကြား

0
720

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသည့် ထားဝယ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းကိုးဦးကို အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်ပါ တရားစွဲဆိုမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၉ ရက်တွင် စာထုတ်အကြောင်းကြားခဲ့သည်။

အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသူများက နှစ်လစာအတိုးမဲ့ချေးငွေအား ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထား ပြန်ဆပ်ရန် အကြွေးတောင်းစာတွင် ဖော်ပြထားသည်။

ယမန်နှစ် အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်းများကို လစာ၏ နှစ်လစာကို အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးထားခြင်းဖြစ်သည်။ယင်းကဲ့သို့ ပြန်မဆပ်ပါက တရားစွဲမည်ဟု စာပို့အကြောင်းကြားလာသော်လည်း လက်ရှိ တပ်ကောင်စီလက်ထက်တွင် ပြန်ဆပ်မည်မဟုတ်ကြောင်း အကြွေးတောင်းခံရသူများတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“အကြွေးရှင်မဟုတ်ဘဲနဲ့ တောင်းနေတာဆိုတော့ မပေးနိုင်ဘူးခင်ဗျား၊ အကြွေးရှင်ဆိုရင်တော့ ပေးမယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ချေးငွေပြန်ဆပ်ရန် အကြောင်းကြားသည့်စာကို ရာထူးမှထုတ်ပယ်ခံရသူများထံ အုပ်စုလိုက် အသုတ်လိုက် စာပို့နေသည်ဟု သိရကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

လက်ရှိ အကြွေးတောင်းခံရသူ ၉ ဦးမှာ ပြီးခဲ့သည့် မတ်လကုန်က ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံထားရသည်။

ချေးငွေပြန်မဆပ်ပါက တရားစွဲမည့်အကြောင်းကြားစာအား ထားဝယ်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးထားပြီး ချေးငွေပြန်ဆပ်ရန် အကြိမ်ကြိမ် အကြောင်းကြားထားပြီးဖြစ်ကြောင်း အထက်ပါစာတွင် ဖော်ပြထားသည်။