မော်လမြိုင်နှင့် သံဖြူဇရပ်ရှိ စားသောက်ဆိုင်များ ပါဆယ်သာ ရောင်းရမည်

0
234
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု များနေသည့် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ ဇူလိုင်လ ၂ ရက်နေ့မှစပြီး ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လ ၁ ရက်နေ့ရက်စွဲဖြင့် စာထုတ် ညွှန်ကြားထားခြင်းဖြစ်သည်။

“မနက်ဖြန် (ဇူလိုင် ၂ ရက်) ကစပြီးတော့ ပါဆယ်စနစ်နဲ့ပဲ ရောင်းချသွားရမယ်လို့တော့ သိရတယ် တရားဝင် စာတော့ မရောက်သေးဘူး” ဟု မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုအထူ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော် တွေ့ရှိထားသည့် သံဖြူဇရပ်မြို့နယ်တွင်လည်း ဇူလိုင်လ ၂၉ ရက်နေ့မှစပြီး စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားသည်။

ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာမှုမရှိပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့်အခြေအနေမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များကို ကန့်သတ်လိုက်သည့်အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို ဇူလိုင် ၁ ရက်နေ့မှစပြီး ကန့်သတ်လိုက်သည်။

“(ဇူလိုင် ၁ ရက်နေ့ကစပြီး) စစ်တောင်းတံတားမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီးမှ မွန်ပြည်နယ်ကို အဝင်ခံမှာဖြစ်ပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှစပြီး မွန်ပြည်နယ်သို့ Stay at Home သတ်မှတ် မြို့နယ်များမှ လာရောက်သူများ ၁၀ ရက် Quarantine ဝင်ရပြီး ရောဂါပိုးရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်သည်။

၎င်းပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သူများကိုလည်း ကိုယ်ပူချိန်တိုင်းတာပြီး ကိုယ်ပူချိန်မြင့်သူ သံသယလက္ခဏာရှိသူများကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာပြီး သွေးတွင်းအောက်ဆီဂျင် (၉၂ ရာခိုင်နှုန်း) အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်သည်။