စောမိညိုတွင် ကြက်စားပြင်ရပ်ကွက်သားနှစ်ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်

0
181

ထားဝယ်မြို့၊ စောမိညိုရပ်ကွက်တွင် ကြက်စားပြင်ရပ်ကွက်သားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တပ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။

မေလ ၃၁ ရက် ညနေပိုင်းက စောမိညိုရပ်ကွက်လယ်တဲတွင် အုပ်စုဖွဲ့ထိုင်နေစဉ် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကြက်စားပြင်ရပ်ကွက်သား ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းတို့နှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် နှစ်ဦးစလုံးတွင် သေနတ်ဒဏ်ရာရရှိထားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မိသားစုဝင်များက မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။

“ကိုယ့်အိမ်က ထိသွားပြီဆိုတာ ဝမ်းကွဲအစ်မအိမ်ကိုရောက်မှ သိတယ်၊ အဲဒီချိန်မှ ဟိုလူလိုက်မေး ဒီလူလိုက်မေးနဲ့ ပစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသွားပြီလိုလို၊ ကားပေါ်ရောက်မှပဲ ပွဲချင်းပြီးသွားပြီလိုလိုနဲ့ အကြီးအကျယ်ပဲ သတင်းတွေတက်လာတာက၊ ကိုယ့်အိမ်ကလူတွေကလည်း ဘယ်နားကိုလိုက်ရမှန်းမသိဘူး၊ အခု မနက်မှပဲ အရဲစွန့်ပြီးသွားလိုက်မှ စစ်တပ်ဆေးရုံမှာရှိနေတယ်” ဟု ကိုဝေယံဖြိုး၏ အစ်မဖြစ်သူက ပြောသည်။

ကိုဝေယံဖြိုးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိထားသည်ဟု ၎င်း၏ အစ်မက ဆိုသည်။

ကိုဉာဏ်ဝင်းကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးဘဲ လူချင်း တွေ့ခွင့်မရသေးကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောကြားသည်။

“ဒဏ်ရာတော့ နည်းနည်းရထားတယ်ဆိုပြောတယ်၊ မနက်တုန်းက စစ်ဆေးရုံမှာ ဆေးသွားထည့်တယ်ဆိုပြီး သတင်းရတယ်၊ ဆေးထည့်ပြီး ပြန်ပြီး ဖမ်းခေါ်သွားတယ်လို့ပြောတယ်” ဟု ကိုဉာဏ်ဝင်း၏ ဇနီးက ဆိုသည်။

ယမန်နေ့က နေ့လယ် ၂ နာရီခွဲခန့်တွင် စောမိညိုလယ်ကွက်းအတွင်း ပစ်ခတ်ဖမ်းဆီးမှုတွင် ကြက်စားပြင်ရပ်ကွက်သားနှစ်ဦးအပါအဝင် အခြားသူများလည်း ပါဝင်သည်ဟု ကြက်စားပြင် ရပ်ကွက်သားတစ်ဦးက ဆိုသည်။

ဓာတ်ပုံ – တပ်ကောင်စီက ထုတ်ပြန်ထားသော ပုံ၊