တနင်္သာရီတိုင်းတွင် ပညာရေးဝန်ထမ်း ခြောက်ထောင်ကျော် ရာထူးမှထုတ်ပယ် ခံရ

0
166
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ခြောက်ထောင်ကျော်ကို ရာထူးမှ အပြီးသတ်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၂၁ ခုနှစ် မေလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေ ၁၆၂၊ နည်းဥပဒေခွဲ(ဃ)တို့ပါ ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် နိုင်ငံဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၃၊ ပုဒ်မခွဲ(ဇ)အရ ရာထူးမှထုတ်ပယ်ကာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ရာထူးမှ ထုတ်ပယ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဆုံးဖြတ်ထုတ်ပယ်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အတွက် ကာယကံရှင်ဝန်ထမ်းများအနေဖြင့် ကျေနပ်မှုမရှိပါက အမိန့်စာရရှိပြီးနေ့မှ ခြောက်လအတွင်း အယူခံဝင်နိုင်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အစတုန်းကတော့ ယာယီရပ်ထားတယ်လေ၊ ယာယီရပ်ထားစဉ်မှာ လာပြီးတော့ အလုပ်ပြန်လုပ်မယ်၊ ပြန်ဝင်မယ်ဆိုရင်တော့ ရသေးတာပေါ့၊ လုံးဝ မဆက်သွယ်ပဲနေတော့၊ တို့ထုတ်ပယ်တာတော့ မဟုတ်ဘူး တကယ်က၊ ဝန်ကြီးရုံးက သူတို့အမိန့်နဲ့ပဲပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် CDM ပြုလုပ်နေခြင်းဖြစ်ပြီး ရာထူးမှ ယာယီရပ်နားခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် မည်သို့မျှ မခံစားရကြောင်း ထားဝယ်မြို့မှ၊ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

“ကျွန်မတို့က စစ်အာဏာရှင်ကို မလိုချင်လို့ တော်လှန်နေတာဖြစ်တဲ့အတွက် သူ့တို့ဘက်က ထုတ်ပယ်တယ်ဆိုတာ ကျွန်မတို့အတွက်တော့ ပြောစရာ စကားတော့ မရှိဘူး၊ သူတို့ ယာယီရပ်နားစာပဲထုတ်ထုတ်၊ ထုတ်ပယ်စာပဲထုတ်ထုတ် ကျွန်မတို့ CDM လုပ်တဲ့သူတွေအားလုံးက ပြေးနေရတယ်ဆိုတော့ ထုတ်ပယ်စာထွက်လည်း ပြေးနေရတာပဲ” ဟု ဆရာမက ဆိုသည်။

ရာထူးမှ ထုတ်ပယ်ခြင်းကို ခြောက်လအတွင်း အယူခံဝင်နိုင်သော်လည်း စစ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် အယူခံဝင်ဖြစ်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း ရာထူးမှထုတ်ပယ်လိုက်သည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၆၈၄၆ ဦးရှိပြီး ထုတ်ပယ်လိုက်သည့် ပညာရေးဝန်ထမ်းများ၏ လစ်လပ်နေရာတွင် အစားထိုးခန့်အပ်နိုင်ရန်အတွက် ဘွဲ့ရပြီးသူများကို သက်ဆိုင်ရာမြို့နယ်အလိုက် အလုပ်ခေါ်ယူနေသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းတွင် နှစ်စဉ်လိုပင် ကျောင်းသားဦးရေအလိုက် ဆရာ၊ ဆရာမလိုအပ်ချက် နှစ်စဉ်ရှိနေပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကျောင်းများစတင်ဖွင့်လှစ်နေပြီဖြစ်သည်။