နောက်အစိုးရဖွဲ့ပြီးချိန်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီများ ပြန်ဖွဲ့စည်းမည်ဟု ထုတ်ပြန်

0
183

တနင်္သာရီတိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်းမည့် စည်ပင်သာယာရေးဥပဒေပါ အခန်းကို ရုတ်သိမ်းကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ အခန်း ၄ အား မတ်လ ၂၃ ရက်နေ့က ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ယင်းဥပဒေပါ အခန်း ၄ ကို ရုပ်သိမ်းထားကြောင်း Dawei Watch သို့ အတည်ပြုပြောဆိုသည်။

အဆိုပါ ဥပဒေအခန်း ၄ မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်ခြင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ရုပ်သိမ်းသည့်ကာလကို နကစ ကောင်စီက အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်များပြီးမြောက်ပြီးနောက် ရွေးကောက်ပွဲကျင်းပပြီး အစိုးရအဖွဲ့များ ဖွဲ့စည်းပြီးသည့်နေ့အထိ အာဏာတည်ရမည်ဟု ထုတ်ပြန်ထားသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းရန်ပြဋ္ဌာန်းထားပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦး (မြို့မိမြို့ဖကိုယ်စားလှယ်) ကို မဲစနစ်ဖြင့် ရွေးချယ်ရသည်။

ကျန်သည့် အတွင်းရေးမှူးနှင့် အခြားအဖွဲ့ဝင်များကိုမူ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဆောင်ရွက်ရမည်ဟု စည်ပင်သာယာရေးဥပဒေတွင် ပြန်ဋ္ဌာန်းထားသည်။

စည်ပင်သာယာရေးကော်မတီသည် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ ရေပေးဝေရေး၊ လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှုသတ်မှတ်ခြင်း၊ ပုဂ္ဂလိကပိုင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း အစရှိသည့် လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရသည်။