ထားဝယ်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဆယ်ကျော်ကို ရဲစခန်းတွင်ထိန်းသိမ်းထား

0
406

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့မှစကာ ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ကိုယ်ရေးအချက်အလက်မေးမြန်းသည်မှအပ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအထိ မည်သည့်စစ်ဆေးမှုမှ မလုပ်သေးကြောင်း သိရသည်။

ထားဝယ်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးဆယ်ကျော်ရှိသော်လည်း အချို့မှာ တိမ်းရှောင်နေသဖြင့် နှစ်ဆယ်ဦးခန့်ကိုသာ ထိန်းသိမ်းထားကြောင်း သိရသည်။

ထိန်းသိမ်းခံထားရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ကို ရဲကားဖြင့်ခေါ်ဆောင်ခံရသူများရှိသကဲ့သို့ အချို့ကိုမူ ရဲစခန်းသို့လာရန် ဖုန်းဆက်ခေါ်ယူခြင်းဖြစ်သည်။

လက်ရှိတွင် ထားဝယ်မြို့မရဲစခန်းအတွင်းရှိ ဓမ္မရုံတွင်ထားရှိပြီး ထမင်းကျွေး၊ လက်ဖက်ရည် တိုက်ထားကြောင်း သိရသည်။

ထားဝယ်ဒေသအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် မြိတ်၊ ကော့သောင်းရှိ အုပ်ချုပ်ရေးမှူးအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြသူများလည်း ရှိသည်။

ပုံစာ – ၂၀၂၀ စက်တင်ဘာလအတွင်းက တွေ့ရှိရသော ထားဝယ်မြို့မ ရဲစခန်း အားတွေ့ရစဉ်၊