အိပ်မက်တွေ ချန်မထားပါနဲ့

0
331
Dawei Watch, Dawei News, Dawei News Media

ကံပေါက်၊ ကံပေါက်ဆိုသည်မှာ ထားဝယ်ခရိုင် လေးမြို့နယ်မှာ နာမည် ကြီးဆိုတာ အမှန်ပါပဲ။ ယနေ့လက်ရှိ အချိန် ကံပေါက်ကိုတော့ တိုးတက်မှုမှာ ဒီဒေသတစ်ဝိုက်မှာ ဘယ်ရွာ၊ ဘယ်ဒေသမှ လိုက်မီမယ်မထင်ပါ။ ၁၉၉၅-၁၉၉၆ နောက်ပိုင်း၊ ကံပေါက်ရွာရဲ့ ပြောင်းလဲမှုဟာ တစ်ရှိန်ထိုး ဖြစ်လာတာ ယနေ့ ယခုတိုင်ပါပဲ။

ကံပေါက်ရွာ၊ ကံပေါက်ဒေသကို မှီခို အားထားနေရတဲ့ အုန်းပင်ကွင်း၊ ဇာဒီ၊ ဖောင်းတောလိုရွာကြီးတွေ၊ ပင်လယ်ရေကြောင်းက ရွာကြီးတွေ အတွက်လည်း စားနပ်ရိက္ခာအတွက် မှီခိုအားထားနေရတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။

ယနေ့ ကံပေါက်ရွာဆိုလား၊ ကံပေါက် ဒေသဆိုလား မသိသေးဘူး။ အမည်နာမတော့တပ်ပေးပြီး မရေမရာ မသေမချာတဲ့ အဆင့်မှာပဲ ရှိနေခဲ့တယ်။ ရွာဧရိယာဟာ သတ္တုမြေဆိုပြီး ဒေသခံတွေကို ဘယ်လို ပိုင်ဆိုင်မှု မြေယာ အထောက်အထားမှ အစိုးရက မပေးထားပါဘူး။

ယနေ့ ကံပေါက်အခြေအနေက အိမ်ခြေ ၂၅၀ဝ ကျော်ရှိပြီး ရပ်ကွက် ၁၁ ခုရှိပါတယ်။ ကံပေါက်ရဲ့ အခြေအနေကို အကြမ်းဖျဉ်း Google မှာ ရှာလိုက်ရင် သိနိုင်ပါတယ်။ ကံပေါက်ရဲ့ လူနေအိမ်ခြေ ရွာပတ်လမ်းတစ်လျှောက် အတိုင်းအတာအားဖြင့် ဧက ၆၀ဝ လောက်ရှိပါတယ်။ ကံပေါက်ကို မရောက်ဖူးသေးတဲ့ ဧည့်သည် တစ်ယောက်အဖို့ ရောက်ခဲ့သော် မြို့ငယ်တစ်မြို့လို ခံစားလိုက်ရမှာ အမှန်ပါပဲ။ ကား-ဆိုင်ကယ် အများအပြား နဲ့ လမ်းဖြတ်ကူးရမှာပင် အတော်လေး အချိန်ယူရပါတယ်။ လမ်းတွေ၊ အိမ်တွေ လျှပ်စစ်မီးတွေကလည်း မြို့ပြငယ် တစ်ခုလိုပဲ။ တစ်နေ့တစ်နေ့ ဝင်ထွက်နေ သော ကုမ္ပဏီယာဉ်များမှာဆိုရင် သူတို့ ထုတ်ကုန်တွေအတွက် ဈေးကွက်လုနေရ တဲ့ အခြေအနေမှာ ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်း၊ CB ဘဏ်၊ GTB ကမ္ဘာ့ရတနာဘဏ်လုပ်ငန်းတွေ ဆိုတာကလည်း ကံပေါက်မှာ ရွာဆိုတဲ့ အဆင့်နဲ့ မလိုက်အောင် တည်ရှိနေဆဲပါ။

ကံပေါက် စည်ပင်သာယာဈေးကြီး ဆိုရင်လည်း တစ်နှစ်ထက် တစ်နှစ် အခွန်အခ သိန်းရာချီ ပေးပြီး လေလံဆွဲနေရ တာပါ။ လူနေမှုအဆင့်အတန်းအရတော့ သာမန်အဆင့်အတန်းထက်သာပါတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ ပရဟိတ အသင်းတွေဆိုလည်း ရွာနဲ့မလိုက်အောင် ရှိပြီးသား အများကြီးပါပဲ။

ကံပေါက်ရွာရဲ့ ဖြစ်စဉ်ကတော့ ရှေးနှစ်ပေါင်း ၁၃၀ လောက်က စတင် တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ မိဘ၊ ဘိုးဘွား အစဉ်အဆက် သတ္တု တူးဖော်ရေးလုပ်ငန်းနဲ့ ဖြစ်တည်လာတဲ့ ရွာတစ်ရွာပါ။ ကံပေါက်ရွာနဲ့ အရှေ့တောင်ဘက်မှာ ရေကန်တောင်ဆိုတာရှိပါ တယ်။ ၁၉၀၅ ခုနှစ်လောက်မှာ အင်္ဂလိပ်တွေက တောင်တန်းကြီးတွေကို ပိတ်ပြီး ရေကာတာ ဆည်ကြီးတည်ဆောက်ထား ပါတယ်။ အဲဒီရေကန်တောင်ကရေတွေ ကို ရေပိုက်လိုင်း၊ ရေလမ်းတွေဖောက်ပြီး ရွာရဲ့တောင်ဘက်မှာ ရှိတဲ့ သတ္တုမိုင်းကို သတ္တုတူးဖော်ရေးနဲ့ ရေအားလျှပ်စစ်တွေအတွက် ထုတ်ယူပြီး သုံးစွဲခဲ့ပါတယ်။ ကံပေါက်ရွာဆိုတာ နှစ်ပေါင်း ရာကျော် သက်တမ်း ရှည်ခဲ့ပါပြီ။ ဟိုရှေးယခင် ကတည်းက ယခုထိတိုင်အောင် အစိုးရ အဆက်ဆက် ခေတ်အဆက်ဆက်၊ လူကြီးအဆက်ဆက် အုပ်ချုပ်ခဲ့ပါတယ်။

ယနေ့အထိ ဘာမှ မပြောင်းလဲခဲ့တဲ့ ကံပေါက်သမိုင်းကြောင်းပါ။ ကံပေါက် ရွာသူရွာသားတွေဟာ မြေယာပိုင်ဆိုင်မှု လက်မဲ့နဲ့ မပြောင်းမလဲ တည်ရှိနေဆဲပါ။ ကံပေါက်ဌာနေပြည်သူအများကတော့ ပြောင်းလဲဖို့အတွက် အစဉ်အဆက် ကြိုးစားအားထုတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံပေါက်ကတော့ သတ္တုကုမ္ပဏီများရဲ့ ဈေးကွက် လုတဲ့အဆင့်ကနေ မပိုခဲ့ပါဘူး။ ရုန်းကန်နေရဆဲပါ။ အခြေအနေကတော့ မှန်းဆ တမ်းတလို့ မရနိုင်သော အိပ်မက်တစ်ခုလိုဖြစ်နေတုန်း ပါပဲ။

ဒေသခံရွာသူရွာသားတွေကတော့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံ တွေကို ကိုယ်ပိုင်ထင်ပြီး အဟုတ်ကြီးထင်ပြီး စီးပွားရေးပြေလည်လာကြတော့ ပိုင်ဆိုင်မှုတွေကို လူအများ သိအောင် ထုတ်ဖော်ပြသလာခဲ့တယ်။ တိုက်တာ အဆောက်အအုံတွေ၊ မြေကွက်တွေ ရောင်းဝယ်ဖောက်ကား လာကြပါတယ်။ ဒါပေမဲ့ ပိုင်ဆိုင်မှု အထောက်အထားကတော့ လက်မဲ့ပါ။ ကိုယ်ပိုင်အိမ်ခြံတွေ ဂရန်တွေနဲ့ ပိုင်ဆိုင်နိုင်အောင် ဒေသခံတွေ တောင်းဆိုနိုင်တဲ့အခွင့်အရေးရှိပါတယ်။ တရားဝင် အမည်ပေါက်နဲ့ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

ကျွန်တော်တို့ ကံပေါက်ကို အုပ်ချုပ် လာတဲ့ ရေဖြူမြို့နယ်ဆိုလျှင် နောင်နှစ်ပေါင်းရာချီလည်း ကံပေါက်လောက် အထိကို စည်ကားလာဖို့ မမြင်ပါဘူး။ ထားဝယ်လေးမြို့နယ်အဆင့်မှာတောင် နံပါတ်လေးနေရာကို အမြဲတမ်းသိမ်း ပိုက်ထားပါတယ်။ ဝမ်းနည်းစရာကောင်း ပါတယ်။ ငါပြော သလိုနေ ငါပြောသလို လုပ်ဆိုပြီး အုပ်ချုပ်ထားခဲ့တာ နှစ်ပေါင်း ကြာခဲ့ပါပြီ။ နိုင်ငံတကာစံချိန် စံညွှန်းတွေနဲ့ တိုင်းတာမယ်ဆိုရင် အခွင့်အရေးတွေ အများကြီးဆုံးရှုံးခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ကံပေါက်ဟာ မြို့ပြငယ်အဆင့်တစ်ခုဆိုရင် မှားမယ်မထင်ပါ။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရများ၊ ယခုလက်ရှိ အုပ်ချုပ်ဆဲ အစိုးရလက်ထက်မှာလည်း နိုင်ငံ တော်ဝင်ငွေခွန်ရရှိနေဆဲပါ။ သဘာဝ သယံဇာတဝန်ကြီးဌာန အောက်ကနေ ကုမ္ပဏီတွေနဲ့ ဖက်လှဲတကင်း ရှိနေဆဲပါ။ မြို့ရွာ တည်ထောင်မှုကလည်း နိုင်ငံတော် ပြည်ထဲရေးဌာနရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါ။ ခွဲခြမ်းစိတ်ဖြာမှု လုံးဝ မရှိဘူး။

ကံပေါက်ဆိုတာ ရွာလား၊ ဒေသလား၊ မြို့လား ဘာမှ ရေရေရာရာ မရှိပေမဲ့ ထူးထူးဆန်းဆန်းပဲ စည်ပင်ခွန်၊ ကုန်သွယ်ခွန်ဆို နှစ်တိုင်းလိုလို ဆောင်နေကြရတယ်။ ဒါပေမဲ့ ပြောခဲ့တဲ့အတိုင်းပဲ ဒေသခံတွေမှာ မြေယာပိုင်ဆိုင်မှု အထောက်အထားဆိုတာကတော့ ဗလာနတ္ထိပါ။

နိုင်ငံတော်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆက်ဆက် အုပ်ချုပ်သူတွေရဲ့ လျစ်လျူရှုခြင်း ခံခဲ့ရ တာပါ။ အခြေအနေအရပ်ရပ်ကို အောက်ခြေဆန့်ပြီး ဒီရွာရဲ့ တကယ် ဖြစ်ပေါ်ပြောင်းလဲ အဆင့်အတန်းကို ဖော်ထုတ်ရမှာ ဖြစ်တယ်။

အစိုးရနဲ့ ကုမ္ပဏီတွေကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ ဒီကံပေါက်ရွာရဲ့ ပိုင်ဆိုင်မှုတွေ လက်သိပ်ထိုးပြီး ဖျက်ဆီးပုံဖော်နေတာလို့ မြင်မိပါတယ်။ နိုင်ငံတော်အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ရော ကျွန်တော်တို့ ကံပေါက်ကို ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ရေဖြစ်အောင် ပိုင်ဆိုင်မှုတစ်ခုရအောင် သတ္တုနယ်မြေမှ ကျေးရွာပိုင်မြေ တစ်ခုအဖြစ် ခွဲဝေပေးစေလိုကြောင်း အစိုးရမင်းများ ဆောင်ရွက်ပေးပါရန် တောင်းဆို တင်ပြလိုက်ရပါတယ်။

ကိုလေး (ကံပေါက်)