လငပုပ်ဖမ်းတဲ့ ညများ

လငပုပ်ဖမ်းတဲ့ ညများ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်တို့မြို့မှာ နည်းနည်းတော့ ထူးဆန်းနေတယ်။

လလည်းမသာ တိမ်လည်းမဖုံးပါဘဲ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့ လုံး ယောကျာ်း၊ မိန်းမ ကလေးလူကြီး သံပုံးတွေ၊ ဒယ်အိုးတွေ၊ စတီးနဲ့လုပ်ထား တဲ့ ဝရန်ဒါတွေ၊ ပြောရရင် အသံထွက်တဲ့ အရာမှန်သမျှ နီးရာကောက်ပြီး တီးနေ ကြတယ်။
မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၃ ရက် ည ၈ နာရီကစပြီး အဲဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုး ဖြစ်နေတာ ခုဆိုရင် နှစ်ညရှိ ပြီ။ ည ၈ နာရီထိုးတာနဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ တစ်ရပ်ကွက်လုံးညံနေတာ။

ရပ်ကွက်ထဲ နားမခံသာလို့ ဆိုင်ကယ်တစ်စီးနဲ့ လမ်းပေါ်ထွက်လိုက်တော့ “အမိဝေး”။ ပိုတောင်ဆိုးသေး။ ဆိုင်ကယ်တွေ ကားတွေမှန်သမျှ ဟွန်း အဆက်မပြတ်တီးပြီးကို အလျင်စလို သွားလာနေကြတာ တစ်မြို့လုံး မီးပဲ လောင်နေသလား။ မဖြစ်နိုင် မီးသတ်ကားလည်း သူ့နေရာသူ ငြိမ်လို့။ သေချာတယ် မီးလောင်တာတော့မဟုတ်ဘူး။
ဒါဆိုတစ်ခုခုပဲ။

ဒါနဲ့သူဌေးတွေနေတဲ့ ရပ်ကွက်ဘက် သွားကြည့်တော့ အဲလိုအသံတွေသိပ် မကြားရ။
တောင်ပြေးမြှောက်ပြေးနဲ့ ဆင်းရဲသားရပ်ကွက်ဘက် ပြန်ရောက်တော့ ဘာလို့တီးတာလည်းလို့ လိုက်မေးကြည့်တာ တစ်ယောက်မှ ကျွန်တော့ကို အဖက်လုပ်ပြီး ပြန်မဖြေကြဘူး။

သူတို့ပါးစပ်က “ကမ္ဘာမကြေဘူး ကမ္ဘာမကြေဘူး” နဲ့ အဲဒါပဲ သီချင်းလုပ် ဆိုနေကြတယ်။

တချို့ဆို ဆောင်းဗောက်ကြီးဖွင့်ပြီးတောင် ဆိုနေလိုက်ကြသေး။
စိတ်လေပြီးအိမ်ပြန်။ အိပ်ကောင်းအောင် နှစ်ပက်လောက်မော့ပြီး အိပ်လိုက်တယ်။
ဟော—-။ဒီနေ့လည်း မနက် အစောကြီးကတည်းက ကြားနေရပြန်ပြီ။

“ငရဲမီးပုံး ငရဲမီးပုံး” နဲ့ “ဘာလည်းဟ” လို့မေးကြည့်တာ အနီရောင်ငရဲမီးပုံးတွေ တစ်မြို့လုံးလွှတ်မယ်တဲ့။

လာပြန်ပြီနောက်တစ်မျိုး။

ဘာတွေဖြစ်နေကြသလဲ ဘာကြောင့် ဘာအတွက် လုပ်နေကြတာလည်းမသိ။
ဆေးပေါ့လိပ်ထိုင်ဖွာပြီး ဟိုဟိုဒီဒီ တွေးရင်း။

ကျွန်တော်တို့ငယ်ငယ်က လသာတဲ့ ညတွေမှာ လမ်းပေါ်ထွက်ပြီး ကစားကြရင်း လမင်းကြီးကို တိမ်မည်းကြီးတစ်အုပ် ဝင်အုပ်လိုက်တာ လငပုပ်ဖမ်းတာကို သတိရမိတယ်။
အဲဒီအချိန်ကျရင်တော့ ကျွန်တော် တို့ကလေးတွေက မီးဖိုချောင်ဝင်ပြေးပြီး အသံထွက်နိုင်မယ့် ဒယ်အိုးအစုတ်၊ လင်ဗန်း အပေါက်၊ ပလတ်စတစ် ဂါလန်ပုံးတွေ ယူပြီး တီးကြတာ။

ကစားလို့ကောင်းတုန်းမို့ ရင်ထဲမှာလည်း ဒေါသတွေက အလိပ်လိုက်နဲ့ ပါးစပ်ကလည်း တိမ်မည်းကြီးတွေ ကြားနိုင်အောင် အသံကုန်ဟစ်လို့ “လွှတ်ပေး လွှတ်ပေး” အော်ကြ။
မနေနိုင်မထိုင်နိုင် လူကြီးတွေတောင် ဝင်တီးပြီးအော်ပေးလိုက်ကြသေး။

လငပုပ်ဖမ်းတဲ့ ညများ

အဲဒီအချိန် ကျွန်တော်တို့ သံပုံးတီးပြီး အော်သလို တစ်ဖက်လမ်း တစ်ဖက်ရပ်ကွက်တွေကလည်း ဝိုင်းအော်ကြနဲ့ သိပ်တော့လည်း မကြာလိုက်ပါဘူး။

တိမ်မည်းညိုတွေက အဝေးကိုလွှင့် လို့ လမင်းကြီးလည်း နဂိုအတိုင်း ပြန်သာလာ တာပါပဲ။

အဲသည်အချိန် ကလေးတွေလည်း လက်ခုပ်တီးပြီး အော်သူအော်။ ဂျွမ်းထိုး သူထိုး၊ အကျီချွတ်ပြီး ပတ်ပြေးသူပြေး၊ လူကြီးတွေကလည်း ပြုံးပျော်။

ကောင်းကင်ကို မော့ကြည့်တော့ လမင်းကြီးက အရင်ကထက်တောင် ပိုပြီးသာသေး။

ကိုဆန်း