နေပြည်တော်ရောက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ နေရပ်ပြန်

0
288
မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စား ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော် ကိုယ်စားလှယ်တို့က ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော် တက်ရန် နေပြည်တော် စည်ပင်ဧည့် ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံး နေရပ်ပြန် နိုင်ပြီးဖြစ်ကြောင်း တပ်မတော်မှ လာရောက် ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က ၄ နာရီခွဲလောက်မှာပေါ့ ပြန်ချင်ရင် ပြန်လို့ရပါပြီ။ ကိုယ့်အစီအစဉ် နဲ့ကိုယ် ပြန်ကြပါဆိုပြီး လာပြောတယ်” ဟု နိုင်စံတင်က ပြောသည်။

တပ်မတော်မှ လွှတ်တော်ကိုယ်စား လှယ်များအားလုံး နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း လာပြောပြီးနောက် ချက်ချင်းပြန်သွားကြသည့်ကိုယ်စားလှယ်များလည်း ရှိသည်ဟု စည်ပင်ဧည့်ရိပ်သာရှိ ကိုယ်စားလှယ်တို့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပြန်ကြသည်ဟု နိုင်စံတင်က ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များမှာ ထိုအချိန်အထိ နေရပ်မပြန်သေးပေ။