ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

0
322
Dawei Watch, Dawei News, Dawei News Media

မြိတ်ဒေသနေပြည်သူများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

တပ်မတော်မှ အာဏာကို သိမ်းပြီး နာရီဝက်အတွင်း မြိတ်မြို့ရှိ အိုကေဆန်ဆိုင်အပါအဝင် ဆန်ဆိုင်များတွင် တိုးဝှေ့ဝယ်ယူမှုများ ဖြစ်နေခဲ့သည်။ ယင်းအပေါ်မစိုးရိမ်ရန်နှင့် ဆန်ပြတ်လပ်မည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောဆိုသည်။

“ဆန်ကကျွန်တော့်ဆီမှာ သောင်း ချီပြီးရှိနေသေးတယ်။ ဖျာပုံက ဆန်တင် သင်္ဘောလည်း ဆင်းလာနေပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းမှုကြောင့် ပြည်သူ လူထုများ စိုးရိမ်စိတ်မြင့်တက်ခဲ့ပြီး ဆန်များအလုအယက်ဝယ်ယူခဲ့ရာ နောက်လယ်ရပ်ကွက်ရှိ အိုကေဆန်တစ်ဆိုင်တည်း ၃ နာရီအတွင်း ၂၄ ပြည်ဝင် ဆန်အိတ် သုံးထောင်ကျော်ကို ပုံမှန်ဈေးဖြင့် ရောင်းချခဲ့ကြောင်း ဦးမောင်ထွေး က ပြောပြသည်။

“လူတစ်ဦးကို နှစ်အိတ်နှုန်းနဲ့ရောင်း ချပေးခဲ့တယ်။ သူဌေးတွေဝယ်ပြီး သိုလှောင်လာမှာစိုးတဲ့အတွက် အခုဆိုရင် လူတစ်ယောက် ၁၂ ပြည်ဝင်အိပ် အသေးပဲ ရောင်းပေးတော့တယ်” ဟု ၎င်း က ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက်တွင် ဆန်ဝယ်ယူသူများ ယခင်နေ့ကထက် ထက်ဝက်နီးပါးလျော့ကျလာကြောင်း သိရသည်။

အိုကေဆန်ဆိုင်တွင် ယခင်ဈေးနှုန်း အတိုင်းရောင်းချပေးနေသော်လည်း ဆိုင်တချို့တွင်မူ ဈေးတင်ကာ ရောင်းချခြင်းများရှိနေကြောင်း ဆန်ဝယ်ယူသူ တချို့ ထံမှသိရသည်။