ဖမ်းဆီးခံရသည့် မွန်ဝန်ကြီး ၃ ဦး သုံးရက်မြောက်နေ့တွင် ပြန်လွတ်

0
241
Dawei Watch, Dawei News, Dawei News Media

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦးသည် သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီ ကျော်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီး အချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ထိုနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းမရှိပေ။

ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီး အိမ်ရာသို့ ပြန်ပို့ပေးခဲ့သည်ဟု ပြန်လွတ်လာသည့် ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပြန်လွတ်လာသည့် ဝန်ကြီးများသည် ဝန်ကြီးအိမ်ရာတွင် တည်ရှိနေကြပြီး ၃ ရက်အတွင်း ပစ္စည်းများ သိမ်းဆည်း ပြန်အပ်ပြီးလျှင် ဝန်ကြီး အိမ်ရာမှ ထွက်သွားရမည်ဟု တပ်မတော်ဘက်က ပြောထားကြောင်း ဝန်ကြီးများထံမှ သိရသည်။

ခေါ်ဆောင်ထိန်းသိမ်းထားစဉ် ကာလအတွင်း တပ်မတော်ဘက်မှ တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမရှိကြောင်း ထိန်းသိမ်းခံရသည့် ဝန်ကြီးတို့က ပြောသည်။