ယခုနှစ် နွေရာသီ ရေရှားပါးမှု ရေတိုနည်းဖြင့် ဖြေရှင်းရန် အဖြေရှာ

0
164
နွေရာသီ ရေရှားပါးမှု

တိုင်းအတွင်း ယခုနှစ် နွေရာသီ သောက်သုံးရေရှားပါးမှုကို လတ်တလော အခြေအနေတွင် ရေတိုနည်းလမ်းများဖြင့် ဖြေရှင်းရန် ခရိုင်အလိုက် ညှိနှိုင်းဆွေနွေး ခဲ့ကြသည်။

ထားဝယ်ခရိုင်တွင်းရှိ မြို့များတွင် နွေရာသီသောက်သုံးရေရှားပါးမှုကို ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေး နွေးပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကရေပေးဝေရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်အလိုက် ပြုလုပ်မည်ဖြစ်ပြီး ခရိုင်သုံးခုလုံးမှ တင်ပြလာသည့် အခြေအနေပေါ်မူတည်ကာ ရေတိုနည်းလမ်းဖြင့် ဖြေရှင်းမည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်သုံးခုလုံးတွင် အလုပ်ရုံဆွေး နွေးပွဲပြုလုပ်ပြီးပါက နွေရာသီတွင် ရေအခက်အခဲရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများစာရင်းကို သိရှိရ မည်ဖြစ်ပြီး ရေဖြန့်ဝေရာတွင် အသုံးပြုမည့် မော်တော်ယာဉ်၊ ယာဉ်စက်သုံးဆီ စသည့်တို့အတွက် ကုန်ကျစရိတ်များကို အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြောသည်။

လတ်တလော ရေရှားပါးမှုကို ရေတိုနည်းဖြင့်သာ ဖြေရှင်းထားမည်ဖြစ်ပြီး ရေအရင်းအမြစ်ကို ခမောင်းလှချောင်း ရေလှောင်တမံနှင့် သဗျာကျေးရွာ ပကာရီချောင်းမှ ရေစုပ်စက်ဖြင့် စုပ်ယူပြီး ရေကားများဖြင့် လိုအပ်ချက်ရှိသည့် နေရာများကို လိုက်လံဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဦးအောင်ကိုဦးက ပြောသည်။

“လတ်တလောကတော့ ရေတိုနဲ့ပဲ ဖြေရှင်းလို့ရမယ်။ ရှေရည်ကတော့ ခုန ပြောတဲ့ ကျွန်တော်ပြောတဲ့ Plan တွေ စီမံကိန်းတွေ လာမယ်” ဟု ဦးအောင်ကိုဦး က ဆိုသည်။

ရေရှည်နည်းကို ရေအရင်းအမြစ်များကို အသုံးပြုပြီး ရပ်ကွက်၊ ကျေးရွာ များသို့အရောက် ရေပေးဝေရေးလုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီများ၏ စီမံကိန်းများကို စီစစ်နေသည်ဟု ဦးအောင်ကိုဦး က ပြောသည်။

တနင်္သာရီ၊ ပုလော၊ သရက်ချောင်း၊ ကျွန်းစုမြို့နယ်တွင် ရေပေးဝေရေးလုပ်ငန်းများလုပ်ဆောင်ထားပြီး ကော့သောင်းတွင် ကုမ္ပဏီတစ်ခုက လက်ရှိစတင် လုပ်ကိုင်နေပြီဖြစ်သည်ဟု ၎င်းက ပြောသည်။

မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း၊ လောင်းလုံးမြို့နယ်များတွင် ရေရှည်စီမံကိန်းအဖြစ် ရေပေးဝေရေး လုပ်ကိုင်ရန် လျာထားပြီး အဆိုပြုထားသည့် ကုမ္ပဏီများ၏ စီမံကိန်းများကို စီစစ်ပြီးပါက တင်ဒါခေါ်ယူသွားမည်ဟု ဦးအောင်ကိုဦးက ပြောသည်။

ရေပေးဝေရေး လုပ်ငန်းလုပ်ကိုင်ရန် တင်ပြလာသည့် စီမံကိန်းများကို စိစစ်ပြီးပါက ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေး မှုများ၊ လုပ်ငန်းအောင်မြင်နိုင်၊မနိုင် စသည်တို့ကို လေ့လာစိစစ်ရမည်ဖြစ်သောကြောင့် ရေလိုအပ်ချက်ရှိသည့် မြို့နယ်များအတွက် ရေရှည်စီမံကိန်းကို မည်သည့်အချိန်တွင် လုပ်ဖြစ်မည် ဆိုသည်ကို အတိအကျပြောရန် ခက်ခဲ နေသေးသည်ဟု ၎င်းက ပြောသည်။

ရေတိုစီမံကိန်းအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဂါလံ ၈၀ဝ ဆန့်သည့် ရေဘောက်ဆာ ကားတစ်စီးကို ယခုဘဏ္ဍာနှစ်တွင် ဝယ်ယူမည်ဖြစ်ပြီး လက်ရှိ ထားဝယ် မြို့နယ်တွင် ရေဘောက်ဆာကား ၂ စီး၊ မြိတ်မြို့နယ်တွင် ၂ စီး၊ ကော့သောင်း မြို့နယ်တွင် ရေပေးဝေသည့် မော်တော်ယာဉ် ၁ စီးရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။

နွေရာသီရေရှားပါးမှု ရေတိုနည်းလမ်းဖြင့် ရေဖြန့်ဝေရေးကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း ပြုလုပ်မည်ဖြစ်ပြီး အခြားပုဂ္ဂလိက ရေလှူသည့်အဖွဲ့အစည်းများကလည်း ရေလိုက်လှူမည်ဖြစ်သည်ဟု သိရသည်။