ဖေဖော်ဝါရီတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း စမည်

0
153
Dawei Watch, Dawei News, Dawei News Media

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲလုပ်ငန်းစဉ်အား လာမည့်ဖေဖော်ဝါရီလတွင် စလုပ်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင် က ပြောသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးရွေးချယ်မှုကို ဖေဖော်ဝါရီလ တတိယအပတ်တွင် စတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်မှုကိုမူ မတ်လအတွင်းပြုလုပ်မည်ဖြစ်ပြီး လကုန်ပိုင်းတွင် အတည်ပြုခန့်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ဧပြီလဆန်းတွင် တာဝန် စတင် ထမ်းဆောင်မည်ဖြစ်သည်။

လက်ရှိတွင် အချို့သော ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များ စတင်ဖွဲ့စည်းနေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ချိန်က အာဏာရ ပါတီဝင်ဖြစ်ခြင်း မဖြစ်ခြင်း အပါအဝင် အခြား ပြဿနာများကြောင့် ကန့်ကွက်မှုများ ရှိခဲ့သည်။

လက်ရှိတွင် ရပ်ကျေးဥပဒေနှင့် မကိုက်ညီဘဲ ရွေးချယ်ခံရပါက ကန့်ကွက်နိုင်ပြီး ဥပဒေနှင့် ညီညွတ်ပါက လက်ခံရမည်သာဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။

“ရပ်ကျေးဥပဒေအရ ရွေးချယ်ပြီးတော့ ဆောင်ရွက်တဲ့အပေါ်မှာတော့ ကျွန်တော်တို့က အသိအမှတ်ပြုရမှာပါ” ဟု ဦးမြင့်မောင်က ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်နေသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်သည့်အဆင့်တိုင်းတွင် ကိုဗစ် ကန့်သတ်ချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ထောက်ပံ့ငွေ ကျပ်ခုနစ်သောင်းရရှိပြီး ရုံးအသုံးစရိတ်အဖြစ် ကျပ်ငါးသောင်း ကို နိုင်ငံတော်က ချီးမြှင့်ထားသည်။

ရပ်ရွာဖွံ့ဖြိုးရေးအတွက် စိတ်ဝင်စား မှုအားနည်းသည့် အုပ်ချုပ်ရေးမှူးအား ရွေးချယ်တင်မြှောက်ထားသည့်အတွက် လမ်းတံတားလုပ်ငန်း ဘတ်ဂျက်လျာ ထားရန်အတွက် အခက်အခဲဖြစ်နေရသည့် ဖြစ်စဉ်အချို့ရှိခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဝင် ဦးကျော်ကျော်ဦးက ထောက်ပြသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ဦးဆောင်မှုမကောင်းရင် သူတို့တွေရဲ့ ရပ်ကွက်အပေါ်မှာ စေတနာထားမှုတွေ မကောင်းရင် နောက်ဆုံးတော့ ရပ်ကွက် ကပဲခံရတာပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် လူပြောများနေသည့် တရားမဝင် မြေအကွက်ရိုက်ရောင်းချမှုများတွင်လည်း ရပ်ကျေး အုပ်ချုပ်ရေးမှူးအချို့ ပါဝင်ပတ်သက်နေကြောင်း ဝန်ကြီးချုပ် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စုအစိုးရကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းလမ်းညွှန် (Standard Operating Procedure) အား ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ငန်းလမ်းညွှန်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့အား ရပ်မိရပ်ဖ ၅ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထိုနောက် ဆယ်အိမ်စု၊ ရာအိမ်စု များစုဖွဲ့ပြီး အိမ်ထောင်စုကိုယ်စားလှယ်များက ဆယ်အိမ်မှူးအား ဆန္ဒမဲပေး ရွေးချယ်ရမည်ဖြစ်သည်။

ယင်းနောက် ရာအိမ်စုရှိ အိမ်ထောင်စု ကိုယ်စားလှယ်များက ရာအိမ်မှူးကို ဆန္ဒမဲပေးကာ ရွေးချယ်ရမည်ဖြစ်သည်။

ကျေးရွာတစ်ရွာထက်ပိုသည့် ကျေးရွာအုပ်စုများတွင်မူ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထဲမှ တစ်ဦးကို ကျေးရွာ တာဝန်ခံအဖြစ် ဆန္ဒမဲပေးရွေးချယ်ရသည်။

ထိုနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးလောင်းများအနက် တစ်ဦးကို အိမ်ထောင်စု ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရမည်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးရာကျော်ရှိသည်။