တိုင်းအစိုးရအဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေးမည်

0
163
Dawei Watch, Dawei News, Dawei News Media

တိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းအစိုးအဖွဲ့ဝင်များကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဟု သိထားသော်လည်း ပြည်သူအများအား ထိုးပေးမည့် အစီအစဉ်ကိုမူ မသိရသေးဟု အထက်ပါဌာနမှ ဒေါက်တာထွန်းမင်း က ပြောသည်။

“သေချာတာကတော့ အစိုးရအဖွဲ့ ဝင်တွေကို ထိုးပေးမယ်၊ ပြည်သူတွေကတော့ ပါတာပေါ့။ ဒါပေမယ့် ဘယ်သူ့ ကို ထိုးပေးမလဲဆိုတာ မသိသေးဘူး” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေး ဒုတိယ အသုတ်ထိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့များအပါအဝင် ပြည်သူများတွင် မည်သည့်အုပ်စုကို ဦးစားပေး ကဏ္ဍအလိုက် ထိုးပေးမည်ဆိုသည့် ညွှန်ကြားချက်များ ရောက်မလာသေးဟု ၎င်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်သူများအား အလုပ်အကိုင်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းကောက်ယူနေပြီး ဦးစားပေး ကဏ္ဍအလိုက် ကိုဗစ်ကာကွယ်ဆေးထိုး ပေးမည်ဖြစ်သည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

Stay at Home မြို့နယ်တွင် နေထိုင်သည့် အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများ၊ ရောဂါရ လွယ်သော လူအုပ်စုများကို ဦးစားပေး ထိုးနှံမည်ဖြစ်ပြီး ကာကွယ်ဆေးရရှိ သည့်ပေါ်မူတည်၍ Stay at Home မြို့နယ်အတွင်း ကူးစက်မှုများသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သိရသည်။

နောက်ထပ်ရောက်ရှိလာမည့် ကာကွယ်ဆေးအပေါ်မူတည်၍ ကျန်သည့်လူ အုပ်စုများကို ဦးစားပေးအစီ အစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

“ဒီကာကွယ်ဆေးကလည်း အများ ကြီးလည်း ထိုးလာပြီးပြီ။ လူတွေလည်း အခု အိန္ဒိယတို့ ဘာတို့မှာလည်း အများကြီးလည်းထိုးလာပြီးပြီ။ ရှေ့တန်း က ကျန်းမာရေးဝန်ထမ်းတွေလည်း တော်တော်များများထိုးလာပြီးပြီ ပိုးစိုးပက်စက်လည်း ဘယ်သူမှ မဖြစ်ပါဘူး။ အကျိုးနဲ့ အပြစ်ကိုယှဉ်ပြီး ပြောမယ်ဆိုရင် ထိုးစေချင်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥက္ကာက ပြောသည်။

တိုင်းအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများကို ဇန်နဝါရီလ ၂၇ ရက်က ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်အဖြစ် ထိုးပေးခဲ့ရာ သုံးရက်အတွင်း ဆိုးဆိုးရွားရွား ဖြစ်သူများ မတွေ့ရ ကြောင်း အထက်ပါဌာနထံမှ သိရသည်။