၀န်ကြီးချုပ်အပါအဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကန့်ကွက်ခံရ

0
164
Dawei Watch, Dawei News, Dawei News Media

ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၈ ဦးကို မဲဆန္ဒရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က အမှုပေါင်း ၂၅ မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်း ထားသည်။

ကန့်ကွက်လွှာအတင်ခံရသော အနိုင်ရကိုယ်စားလှယ်များတွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင်ဖြစ်သူ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးကင်းရှိန်တို့လည်းပါဝင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ဦးက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရ NLD ကိုယ်စားလှယ် ၁၄ ဦးကိုကန့်ကွက်ထားကြသည်။ ယင်းအပြင် မဲဆန္ဒရှင်ခြောက်ဦးကလည်း အနိုင်ရကိုယ်စားလှယ် ခုနစ်ဦးကို ကန့်ကွက်ထားသည်။

ကန့်ကွက်သူ၊ ကန့်ကွက်ခံထားရသူနှစ်ဘက်စလုံးအား ဖေဖော်ဝါရီလ ၄ နှင့် ၅ ရက်တို့တွင် ရွေးကောက်ပွဲခုံရုံးတွင် လာရောက်ရှင်းလင်းရန် ခေါ်ယူထားကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တို့က ပြောကြားသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ဥပဒေက ခွင့်ပြုထားခြင်းမရှိသည့် တရားမဲ့ပြုကျင့်မှုဆိုင်ရာ ကိစ္စရပ်များ (ဥပမာ- ဘာသာရေးခုတုံးလုပ်မဲဆွယ်ခြင်း) တို့ကိုလုပ်ဆောင်ခဲ့သဖြင့် ကန့်ကွက်လွှာတင်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းအောင်က ပြောသည်။

“အကြောင်းအရာတွေက တော်တော်များတယ်။ ဖြစ်စဉ်တွေအကျဉ်းချုံ့ရေးပြီး(ကန့်ကွက်လွှာ) တင်ရတာ” ဟု ဦးသန်းအောင်က ဆိုသည်။

နှစ်ဘက်စလုံးက ကန့်ကွက်လွှာတင်သူ၊ ကန့်ကွက်ခံရသူတို့သည် ရွေးကောက်ပွဲခုံရုံးသို့ ကိုယ်တိုင်သွားရောက်မည်မဟုတ်ဘဲ ရှေ့နေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

တိုင်း NLD ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ် အနိုင်ရတိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကင်းရှိန်ကမူ ကြံ့ခိုင်ရေး ပါတီဘက်မှ ကန့်ကွက်လွှာတင်သည့် အကြောင်းပြချက်များအားလုံးသည် အခြေအမြစ်မရှိသည်များသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်သည်။

“ကျွန်တော်တို့ရတဲ့မဲက မတရားရတဲ့မဲပေါ့။ သူတို့ရတဲ့မဲကမှ အမှန်အကန်ရတဲ့မဲပေါ့။ တစ်ယောက်တစ်ယောက်ကို စွဲတဲ့စွဲချက် ဆယ့်လေးငါးချက်လောက်စီ ရှိကြတယ်။ မဟုတ်တဲ့ဟာတွေချည်းပဲ” ဟု ဦးကင်းရှိန်က ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်လွာအမှုပေါင်း ၂၈၇ မှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ကန့်ကွက် ထားကြောင်း မဲဆန္ဒရှင်များသို့ အသိပေးပြန်ကြားချက်ခေါင်းစဉ်ဖြင့် စာပိုဒ် ၁၅ ပိုဒ်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်း ၂၈၇ မှုတွင် မဲဆန္ဒရှင်များက ကန့်ကွက်သည့် ကန့်ကွက်လွှာက ၉၄ မှုရှိပြီး လွှတ်တော်ကိုယ်စားလှယ် လောင်းများက ကန့်ကွက်သည့် ကန့်ကွက်လွှာက ၁၉၃ မှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကန့်ကွက်ခံထားရသော အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနက် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှာ သက်ဆိုင်ရာလွှတ်တော်အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော်အသစ်ကိုလည်း လာမည့် ဖေဖော်ဝါရီလ ၉ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ကန့်ကွက်ခံထားရသော အနိုင်ရကိုယ်စားလှယ်များပါ ယင်းအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။

ယင်းတိုင်းလွှတ်တော် အစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌတို့ကို ဦးစွာ ရွေးချယ်မည်ဖြစ်သည်။