ထားဝယ်စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီ ရှုပ်ခဲ့သမျှ

0
958
အီတာလျံ-ထိုင်း ကုမ္ပဏီ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်းကုမ္ပဏီကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာအစိုးရက စာချုပ်ဖျက်သိမ်းပြီး ထုတ်ပယ်လိုက်သည်။ အဆိုပါ ကုမ္ပဏီက စီးပွားရေးဇုန်နှင့် ပတ်သက်သည့် ကနဦးစီမံကိန်း ၉ ခုကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် လက်မှတ်ထိုးသည်။

ကနဦးစီမံကိန်းအဖြစ် ဆိပ်ကမ်းငယ်၊ သဘာဝဓာတ်ငွေ့ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ်အထိ နှစ်လမ်းသွားကားလမ်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။

ကုမ္ပဏီဘက်မှ စီမံကိန်းလုပ်ငန်းများမလုပ်ဘဲ အကြိမ်ကြိမ်နှောင့်နှေးကြန့်ကြာနေခြင်း၊ စာချုပ်ပါ စည်းမျဉ်းအရ ဘဏ္ဍာရေးတာဝန် ဝတ္တရားများကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းလုပ်ဆောင်ရန် ဘဏ္ဍာရေးအထောက်အထား မတင်ပြနိုင်ခြင်းအစရှိသည့် အကြောင်းများကြောင့် စာချုပ်ရပ်ဆိုင်းလိုက်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းရသည့်အဓိကအကြောင်းအရင်းနှင့် ယင်းသို့ထုတ်ပယ်လိုက်သည့်အတွက် ကုမ္ပဏီနှင့် မြန်မာအစိုးရကြား ရှိလာမည့် အလျော်အစားကိစ္စများကို ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းအား တနင်္သာရီအပတ်စဉ်က မေးမြန်းထားသည်။

“တရားစွဲမယ် တရားရုံးတက်မယ်ဆိုလည်း ကျွန်တော်တို့ဘက်ကတော့ Ready ပဲ”

ဒေါက်တာမြင့်ဆန်း၊ ဒုတိယဥက္ကဋ္ဌ (၂)
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ

တနင်္သာရီအပတ်စဉ်- အချက်သုံးချက်ကြောင့် မို့လို့ စာချုပ်ကို ပယ်ဖျက်လိုက်တယ်လို့ ဆရာတို့ ထုတ်ပြန်ထားတယ်ပေါ့နော်။ ဆိုတော့ အဲလိုမျိုး စာချုပ်ပယ်ဖျက်လိုက်တဲ့အတွက် ITD ကုမ္ပဏီနဲ့ မြန်မာအစိုးရကြားမှာ ဘယ်လိုအလျော်အစားတွေ ရှိလာနိုင်လဲခင်ဗျား။

ဒေါက်တာမြင့်ဆန်း- အလျော်အစားတွေက တော့ သူကစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ ပေးရန်ရှိ၊ ရရန်ရှိပေါ့နော်။ အဲဒါတွေကတော့ ပြန်တွက်ရမှာပေါ့နော်။ လောလောဆယ်သူက ကျွန်တော်တို့ကို ပေးစရာရှိတာက Concession Fee လို့ခေါ်တဲ့ စီမံကိန်းဆောင်ရွက်တဲ့အတွက် မြန်မာအစိုးရကို တစ်နှစ်ကို အမေရိကန်ဒေါ်လာ သုံးသန်းကျော်လောက် ပေးစရာရှိတယ်။ အဲဒါတွေ က ပထမတစ်နှစ်ပဲ သူပေးပြီးတော့ နောက်ပိုင်းနှစ် တွေ မပေးဘူးပေါ့နော်။

နောက်ထပ် အီတာလျံ-ထိုင်းကနေပြီးတော့ စက်တွေယာဉ်ယန္တရားတွေသွင်းလာတာတွေ အများကြီးပဲ။ အဲအချိန်တုန်းကလေ။ ဒါပေမဲ့ မြေပြင်မှာ ဆင်းကြည့်လိုက်တော့ အဲဒါတွေက အစီး ၉၀ဝ ကျော်လောက်ပျောက်နေတယ်ပေါ့နော်။ အဲဒီ ၉၀ဝ ကျော်လောက်ပျောက်တော့ သူစာရင်းရှင်းပေးရမှာပေါ့နော်။ အရင်တုန်းကလည်း ပျောက်ဖူးတယ်။ အရင်တုန်းကပျောက်ဖူးတော့ မြန်မာအစိုးရက သူ့ကိုဒဏ်ရိုက်တယ်။ ဒဏ်ရိုက်တော့ အဲဒီတုန်းက လည်းများတယ် အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ရိုက်တယ်။ အဲဒီတုန်းကတော့ မြန်မာအစိုးရက သနားလို့ဆိုပြီးတော့ သူ့ကိုလျှော့ပေးလိုက်တယ်။ အခုမြေပြင်မှာ ကျွန်တော်တို့ဆင်းစစ်လိုက်တော့ အဲဒီစက်တွေယန္တရားတွေက စည်းမရှိကမ်းမရှိဘဲနဲ့ ပြန်ထွက်သွားတဲ့ပုံစံမျိုးပေါ့။ ပျောက်နေတယ်ပေါ့နော်။ ဆိုတော့ အဲဒါတွေကို သူရှင်းရမှာပေါ့။

နောက်ပြီးတော့ သူမလုပ်တဲ့အတွက် စီမံကိန်းတွေနှောင့်နှေးတယ် ကြန့်ကြာတဲ့အတွက် မြေပြင် မှာနစ်နာတယ်ပေါ့။ ဘာတွေနစ်နာလဲဆိုတော့ အလုပ်အကိုင်တွေနစ်နာတယ်။ စီးပွားရေးအခွင့် အလမ်းတွေနစ်နာတာပေါ့နော်။ အဲဒါကို ကျွန်တော်တို့က ကာလနဲ့တွက်ပြီးတော့ ဘယ်လောက်တောင်း သင့်တယ်ပေါ့နော်။ အခုဥပဒေပညာရှင်တွေကတော့ အီတာလျံ-ထိုင်းက နှောင့်နှေးကြန့်ကြာတဲ့အတွက် မြန်မာအစိုးရကနစ်နာတာတွေအတွက်ပါ တောင်းသင့်တယ်ပေါ့နော်။
ဒါပေမဲ့ ကျွန်တော်တို့ဘယ်လိုတွက်မလဲ ပေါ့နော်။ အခုကတော့ နမူနာထောက်ပြတာကတော့ ဥပမာအားဖြင့် နှစ်လမ်းသွား ကားလမ်းဆို အီတာလျံ- ထိုင်းက ဖောက်ရမှာလေ။ အီတာလျံ-ထိုင်းက မဖောက်ဘဲနဲ့ မြန်မာအစိုးရက ဖြစ်ချင်လွန်းလို့ ကိုယ့်ဟာကိုချေးငွေယူပြီး ဖောက်ရတာလေ။ ဒါဆိုရင်လည်း ကျွန်တော်တို့က နစ်နာတာပေါ့။ တကယ်တမ်းက သူ့ပိုက်ဆံနဲ့သူ လုပ်ရမှာဗျာ။ သူ့ပိုက်ဆံနဲ့သူမလုပ်တဲ့အတွက် ဒီလမ်းကလည်း အရေးကြီးတယ်ဆိုပြီး မြန်မာအစိုးရက ယူလိုက်တာ။ အဲလိုဟာမျိုးတွေပေါ့။ ကျွန်တော်တို့မှာ နစ်နာချက်တွေ အများကြီးရှိတယ်။ သူ့စီမံကိန်းကြီးတွေကို သူလုပ်ရမယ့်ဟာကို အခုချိန်ထိ မလုပ်ဘူး။ နှောင့်နှေးကြန့်ကြာတဲ့အတွက် ကျွန်တော်တို့မှာ နစ်နာမှုတွေ ရှိတာပေါ့နော်။

ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးနားလည်တဲ့သူတွေ၊ ဥပဒေနဲ့ပတ်သက်ပြီးနားလည်တဲ့သူတွေနဲ့ တိုင်ပင် ပြီး အဲဒါတွေကို နောက်ဆက်တွဲပေါ့။ Termination (အဆုံးသတ်) လုပ်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ နစ်နာချက်တွေကို တောင်းဖို့ဆိုပြီးတော့ အစီအစဉ်ရှိတယ်။

တနင်္သာရီအပတ်စဉ်- တစ်ဖက်မှာလည်း ကုမ္ပဏီဘက်က ငါးနှစ်အတွင်းမှာ (ထိုင်းငွေကြေး) ဘတ် ၈ ဘီလီယံ သုံးစွဲထားရတယ်ဆိုပြီးတော့ ထိုင်းအစိုးရကို စာပို့ထားတာ တွေ့တာပေါ့နော် ခင်ဗျား။

ဒေါက်တာမြင့်ဆန်း- အဲဒါသုံးစွဲတာ ၂၀ဝ၈ ကနေ ၂၀၁၃ ခုနှစ်။ နှစ်လမ်းသွားကားလမ်းကို မြေသားကားလမ်းခင်းထား တာတို့၊ small port (ဆိပ်ကမ်းငယ်) လုပ်ထားတာတို့၊ ရေကာတာ လုပ်ထားတာတို့၊ နောက်တစ်ခုက အိမ်ရာတွေ ဆောက်ထားတာတို့။ အဲဒါတွေက ဘယ်ကာလမှာ လုပ်ခဲ့လဲဆို ၂၀ဝ၈ နဲ့ ၂၀၁၃ မှာ လုပ်ခဲ့တာ။ လုပ်ခဲ့တော့ အဲဒီပိုက်ဆံတွေက သူတို့ပြောတဲ့ ပိုက်ဆံပေါ့ အဲဒီပမာဏကုန်ကျခဲ့တယ်။ ၂၀၁၃ မှာ မြန်မာဆိပ်ကမ်းအာဏာပိုင်နဲ့ သူတို့နဲ့ စာချုပ် အခုကျွန်တော်တို့နဲ့ လုပ်ခဲ့သလိုပဲ ရပ်လိုက်တယ်။ ရပ်လိုက်တော့ အီတာလျံ-ထိုင်းက သူလုပ်ခဲ့တဲ့ ပိုက်ဆံတွေရှိတယ်လေ။ အဲဒီပိုက်ဆံတွေကို (Third Party) တတိယအဖွဲ့အစည်းကနေ တွက်ထားတယ်။ အဲဒီတွက်ထားတဲ့ဥစ္စာက Confidential (လျှို့ဝှက်) ထားတယ်။ အဲဒါကို အီတာလျံ-ထိုင်းကနေပြီးတော့ စီမံကိန်းကနေ လုံးဝထွက်သွားပြီဆိုရင် နောင်လာမယ့် Developer က အီတာလျံ-ထိုင်း အရင်က အကုန်ခံထားတဲ့ ကုန်ကျစရိတ်တွေကို ပြန်ပေးရမယ်ဆိုတဲ့ စာချုပ်ကရှိတယ်။ ဒါပေမဲ့ အခုထက်ထိ စာရင်းမရှင်းရသေးဘူး။ ဘာကြောင့်လဲဆို အီတာလျံ-ထိုင်းက ၂၀၁၃ မှာထွက်သွားပေမဲ့ ၂၀၁၅ ခုနှစ်မှာ တင်ဒါပြန်ခေါ်တယ်။ တင်ဒါ ပြန်ခေါ်တော့ တင်ဒါပြန်ပေးလိုက်တဲ့အတွက် စာချုပ်ရှစ်ခုနဲ့ Project ကိုးခု ဆိုတာ ပေါ်ပေါက်လာတယ်။ အဲဒါက ၂၀၁၅ နောက်ပိုင်းမှ ပေါ်ပေါက်လာတယ်။ ကျွန်တော်တို့ အခုဖြေရှင်းနေတာက ၂၀ဝ၈ နဲ့ ၂၀၁၃ မှာ ဖြစ်ခဲ့တဲ့ပြဿနာကို ဖြေရှင်းနေတာ မဟုတ်ဘူး။

အဲဒီမှာ သူတို့ပိုက်ဆံတွေသုံးစွဲခဲ့တယ် ပရောဂျက်တွေ လုပ်ခဲ့တယ်။ အဲဒီက ကုန်ကျစရိတ်တွေကို Third Party (တတိယ အဖွဲ့အစည်း) ကနေပြီးတော့ Consultant (အကြံပေးပညာရှင်) ကနေ တွက်ထား တာရှိတယ်။ အဲဒါကလည်း နိုင်ငံတော်က လျော်ရမှာမဟုတ်ဘူး။ အီတာလျံ-ထိုင်းနေရာမှာ နောင်ဝင်လာမယ့် Developer ကနေ လျော်ရမယ် ဆိုပြီးတော့ စာချုပ် ချုပ်ထားပြီးသား။

ကျွန်တော်တို့အမြင်ကပေါ့နော်။ ကျွန်တော်တို့ Termination လုပ်ခဲ့တဲ့ကုမ္ပဏီကို ၂၀၁၅ မှာ သူ့ကို ပြန်ပေးတယ်ဗျ။ ကနဦးစီမံကိန်းဆိုပြီးတော့။ ၂၀ဝ၈ နဲ့ ၂၀၁၃ မှာကျတော့ သူက ဒီဧရိယာကြီး အကုန်လုံးကို လုပ်ပိုင်ခွင့်ရတယ်။ ဒါပေမဲ့ ၂၀၁၅ တင်ဒါပြန်ခေါ်တော့ အကုန်မရတော့ဘူး။ ဧရိယာ အားလုံးထဲကမှ ၂၇ စတုရန်း ကီလိုမီတာ သူ့ကို ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒါကို ကနဦးစီမံကိန်းလို့ သတ်မှတ်လိုက်တာ။ စုစုပေါင်း ရှိတာက ၁၉၆ စတုရန်း ကီလိုမီတာ။ ၁၉၆ ကနေ ၂၇ နှုတ်လိုက်တော့ ၁၆၉ ကျန်တယ်။ အဲဒါကိုကျတော့ ပင်မစီမံကိန်းလို့ သတ်မှတ်လိုက်တယ်။ အဲတော့ ကနဦးစီမံကိန်းလုပ်မယ်ဆိုတော့ စာချုပ် ရှစ်ခု၊ Project ကိုးခု ကျန်နေတာပေါ့နော်။

ကျွန်တော်တို့က ဒီ Project ကိုးခုကို တစ်ယောက်တည်း (ITD) လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ပုဂ္ဂလိက ကုမ္ပဏီလည်းဖြစ်တယ်။ ကျွန်တော်တို့ဦးစားပေး တာက နှစ်လမ်းသွားကားလမ်းကို စလုပ်ပါ။ ဒါမှမဟုတ် Small Port ပြီးအောင်လုပ်ပါ။ ဒါမှမဟုတ် လျှပ်စစ်မီးလည်းပါတယ် အဲဒီထဲမှာ။ အဲဒါတွေ လုပ်ပြီးတော့မှ စက်မှုဇုန်လုပ်လို့ရမယ်။ ဒီ Project သုံးခုထဲက တစ်ခုခုကို ရလဒ်ပြပါဆိုပြီး သူ့ကို ဆွေးနွေးတာပေါ့။ သူတို့က ပိုက်ဆံတွေ အများကြီး ကုန်ထားပြီးပြီတဲ့။ ခုနကပြောတဲ့ ၂၀ဝ၈ ကနေ ၂၀၁၃ ကြားမှာသူလုပ်ခဲ့တဲ့ဥစ္စာပေါ့နော်။

ဒါပေမဲ့ အခု ၂၀၁၅ ကစပြီးဒီနေ့အထိ တစ်ပြားမှ (ကုမ္ပဏီက) မသုံးဘူး။ ဘာမှလည်း လုပ်ဆောင်ချက် မတွေ့ဘူး။ အခုပြဿနာက ၂၀၁၅ နောက်ပိုင်းမှာ ဘာမှကိုမလုပ်ဘူး။ သူလုပ်တယ် လုပ်တယ်လို့ ပြောနေတာက ၂၀ဝ၈ နဲ့ ၂၀၁၃ ပထမ ဦးဆုံး သူရခဲ့တဲ့ Project ထဲမှာ လုပ်တာ။ နောက်ပိုင်း တင်ဒါပြန်ခေါ်လို့ သူရခဲ့တဲ့ ၂၀၁၅ နောက်ပိုင်းမှာ ချုပ်ခဲ့တဲ့ စာချုပ်တွေ လုပ်ဆောင်ချက်တွေက ဘာမှမလုပ်ဘူး။ အဲဒါကို သူက လုံးချတယ်။

သူကုန်ထားတယ် ကုန်ထားတယ်ဆိုတာက ၂၀ဝ၈- ၂၀၁၃ တုန်းက Project ကြီး ရတုန်းက သူကုန်ထားတဲ့ဟာ။ အဲဒါကလည်း ကျွန်တော်တို့မှာ စာရင်းဇယားရှိတယ်။ ဒါကလည်း ကျွန်တော်တို့ တွက်တာမဟုတ်ဘူး။ Third Party (တတိယ အဖွဲ့အစည်း) Consultant ကနေ တွက်ထားတာ။

တနင်္သာရီအပတ်စဉ်- ဆိုရင် အခုဆိုရင် သူကစာချုပ်ကနေ ရပ်ဆိုင်းလိုက်ပြီပေါ့ခင်ဗျား။ ဆိုတော့လမ်းစီမံကိန်းအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ။

ဒေါက်တာမြင့်ဆန်း- လမ်းစီမံကိန်းက သူကမလုပ်လို့ ကျွန်တော်တို့က အစိုးရနဲ့ညှိပြီးတော့ ထိုင်းနိုင်ငံအစိုးရကနေ ချေးငွေယူပြီး လမ်းဖောက် ထားတာလေ။ G to G ဆိုတော့ အစိုးရချင်းလုပ် ထားတာပေါ့နော်။ ဒါပေမဲ့ တစ်ခုရှိတာက မြေသား ကားလမ်းက သူဖောက်ထားတာလေ။ အီတာလျံ-ထိုင်း ထွက်သွားပြီဆိုတော့ မြေသားလမ်းအတွက် ကုန်ထားတဲ့ ကုန်ကျစရိတ်ကိုလည်း တွက်ထား တာရှိတယ်။ ၂၀ဝ၈ နဲ့ ၂၀၁၃ ကြားမှာ သူလုပ်ထားတဲ့အပိုင်းထဲမှာ မြေသားကားလမ်းပါတယ်။ အဲဒီ စရိတ်ကိုတော့ ကျွန်တော်တို့ ပြန်ရှင်း ပေးရမယ်။ ကျွန်တော့်အမြင်အရပေါ့လေ။ သူထွက်သွားပြီ ဆိုရင် ဥပမာ မြေသားကားလမ်းကို မြန်မာအစိုးရက လုပ်တယ်ဆိုရင် မြန်မာအစိုးရက ပြန်ရှင်းပေးရမယ်။ ဒါမှမဟုတ် နှစ်လမ်းသွား ကားလမ်းမှာ ကန်ထရိုက်တာက ဘယ်သူဖြစ်မလဲ။ ကန်ထရိုက် ယူလိုက်တယ်ဆိုရင်လည်း ကန်ထရိုက်က ပြန်ရှင်း ပေးရမှာပေါ့။ လောလောဆယ်ကတော့ မြန်မာ အစိုးရကနေပြီးတော့ ယူထားတဲ့အတွက် မြန်မာ အစိုးရကနေပြီးတော့ ဖြေရှင်းပေးရမှာပေါ့။

တနင်္သာရီအပတ်စဉ်- ကုမ္ပဏီဖက်ကပြောထားတဲ့ သူထုတ်ပြန်ထားတာအရဆိုရင် မြေငှား စာချုပ်တွေ၊ လုပ်ပိုင်ခွင့်တွေ အခုထိမရသေးဘူး ဆိုပြီးတော့ သူထုတ်ပြန်ထားတာရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲမသိဘူးနော် ခင်ဗျား။

ဒေါက်တာမြင့်ဆန်း- မြေငှားစာချုပ်ဆိုတာက မြေငှားစာချုပ်က အများကြီးရှိတာပေါ့နော်။ လောလောဆယ် မြေငှားစာချုပ်မှာ ကျွန်တော်တို့ ချုပ်ဖို့ အဓိကကြိုးစားတာက စက်မှုဇုန်အတွက် မြေငှားစာချုပ်။ စက်မှုဇုန်ကို သူ့အတွက် လုပ်ပိုင်ခွင့်ရထားတာက ၂၇ စတုရန်း ကီလိုမီတာရထား တယ်။ မူလစာချုပ်ထဲမှာ ဘယ်လိုပါထားလဲဆိုရင် ၂၇ စတုရန်းကီလိုမီတာကို အကုန်လုံး တစ်ပြိုင်နက်တည်း မပေးဘူး။ အဲဒါကို အဆင့် ၄ ဆင့်နဲ့ပေးရမယ်ဆိုပြီး ရေးထားတယ်။ အဆင့် ၄ ဆင့်ဆိုတာက ၇-၇-၇-၆ ပေါ့နော်။

ပထမဆုံးက ၇ စတုရန်း ကီလိုမီတာမှာ အောင်မြင်မှုရတယ်ပေါ့။ ဥပမာအားဖြင့် အလုပ်အကိုင် ဘယ်လောက်ဖန်တီးပေးရမယ်။ မြေအသုံးချမှုကို ဘယ်လောက်လုပ်ပေးရမယ်။ အဲဒါ အောင်မြင်သွားပြီဆိုရင် ဒုတိယ ၇ စတုရန်းကီလိုမီတာ ရမယ်ပေါ့။ ဒုတိယ ၇ စတုရန်း ကီလိုမီတာမှာလည်း အဲဒီလိုကန့်သတ်ချက်တွေရှိတယ်။ ဘာတွေဖြည့် ဆည်းပေးရမယ်။ အဲဒါအောင်မြင်သွားပြီဆိုရင် တတိယစာချုပ် ချုပ်မယ်ပေါ့။ ကျွန်တော်တို့ ကြိုးစားထားတဲ့မြေငှားစာချုပ်က ပထမ ၇ စတုရန်း ကီလိုမီတာကို ချုပ်မှာ။

မူလစာချုပ်ထဲမှာ ဘာပါလဲဆိုတော့ အလုပ်အကိုင် ခြောက်သောင်းဖန်တီးပေးရမယ်ပေါ့နော်။ ၂ နှစ်အတောအတွင်း ဒါမှမဟုတ် ၅ နှစ်အတောအတွင်း ဖန်တီးပေးရမယ်။ မြေအသုံးချမှုက အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိရမယ်။ အဲဒါမှမရှိဘူးဆိုရင်တော့ ဒုတိယမြေကို လျှောက်ခွင့်မရှိဘူးဆိုပြီးတော့ စာချုပ်ထဲမှာ ရေးထားတယ်။ အဲမှာသူ(ကုမ္ပဏီ) က ဘာပြောလဲဆိုရင် သတ်မှတ်ထားတဲ့ အလုပ်အကိုင်က သတ်မှတ်ချက်ကများလွန်းတယ်။ မြေအသုံးချမှုရာခိုင်နှုန်းက များလွန်းတယ်။ အဲဒါတွေကို လျှော့ပေးပါ။ ဒါမှမဟုတ်ရင် သူမလုပ်နိုင်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့လျှော့ပေးထားတယ်။ သူ့ကို ၇ စတုရန်း ကီလိုမီတာ ချုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့နဲ့ သူတို့နဲ့ ဆွေးနွေးတာ အဲဒီမြေငှားစာချုပ် တစ်ခုတည်းတင် တစ်နှစ်ခွဲလောက်ကြာတယ်။

အဲမှာ ကျွန်တော်တို့က အချက်သုံးချက်တောင်း လိုက်တယ်။ စာချုပ်ချုပ်မှာက ၇ စတုရန်း ကီလိုမီတာ ကို ဟက်တာနဲ့ပြောရင် ၇၀ဝ ဟက်တာရှိတယ်။ အဲဒီ ၇၀ဝ ဟက်တာမှာ ဟက်တာ ၁၀ဝ (၂၅၀ ဧက ဝန်းကျင်) ကိုလုပ်မယ့်စီမံချက်ပြ။ ဟက်တာ ၁၀ဝ ကို ဘယ်လိုလုပ်မယ် ဆိုတဲ့ Business Plan ကို တင်ပြပါ။ နောက်တစ်ခုက ဟက်တာ ၁၀ဝ ကို လုပ်ဖို့အတွက် ပိုက်ဆံရှိပါတယ်ဆိုတဲ့အကြောင်း Financial Plan အဲဒါတင်ပြပါ။ နောက်တစ်ခုက ဟက်တာ ၁၀ဝ ကို အချိန်ကာလအားဖြင့် ဘယ်လောက် ကြာအောင်လုပ်မယ်ဆိုတဲ့ Time Frame ပေါ့နော်။ အဲဒီအချက် ၃ ချက်ကို တင်ပြပါ။

အဲဒါက စာရွက်စာတမ်း အထောက်အထားပဲ ဖြစ်တယ်။ မြေပြင်မှာ လက်တွေ့လုပ်စရာမလိုသေး ဘူး။ သူက အခုနောက်ပိုင်းပြောတာက ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့ မရဘူး ပြောတာ ပေါ့နော်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာ လုပ်လို့မရဘူးဆိုတာ နားလည်တယ်။ ဒါပေမယ့် ခုနက ကျွန်တော်တို့တောင်းတဲ့ အချက် ၃ ချက်။ စာရွက်စာတမ်းတွေ Document တွေ တောင်းတာ။ ဒီ Document က ကိုဗစ်နဲ့ မဆိုင်ဘူး။ သူတို့ရုံးကနေ ထုတ်ပေးလို့ရတယ်။ အခုကျွန်တော်တို့က မြေငှားစာချုပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ မှာ ပို့လိုက်ပြီးတော့ ဒီနေ့အထိ ကျွန်တော်တို့တောင်းတဲ့ အချက် ၃ ချက်က တစ်ရွက်မှရမလာဘူး။ ကျွန်တော်တို့ကလည်း မတရားလုပ်တာမဟုတ်ပါဘူး။ ခုနကပြောတဲ့ ၇ စတုရန်းကီလိုမီတာ ချုပ်ပြီးတော့ ၁ စတုရန်းကီလိုမီတာ (ဟက်တာ ၁၀ဝ) လုပ်မယ့် စီမံချက်နဲ့ပတ်သက်တဲ့ အထောက်အထား ၃ ခုကို တောင်းတာ။

ဒါက အဓိကကျနေတာ။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ချုပ်မယ့်ထဲမှာ Main စာချုပ်ပဲ။ ကျန်တဲ့မြေငှားစာချုပ်တွေက အသေးလေးတွေပဲ။ ဥပမာအားဖြင့် Small Port မှာ အသုံးပြုတဲ့အတွက် မြေ။ အဲဒါတွေက နည်းနည်းလေးတွေ။ ကျန်တဲ့လူ နေအိမ်တွေနဲ့ ပတ်သက်တဲ့မြေငှားစာချုပ်။ သူက အားလုံးကို တောင်းတာ။

စက်မှုမြေငှားစာချုပ်ကို သဘောတူလိုက်တာ နဲ့ ကျန်တဲ့မြေငှားစာချုပ်သေးသေးလေး တွေပေါ့ ဗျာ။ ဥပမာအားဖြင့် ၁ စတုရန်း မီတာ၊ ၂ စတုရန်း မီတာတို့။ အဲဒါတွေအားလုံးက မြန်မာအစိုးရက Ready ကိုင်ထားတယ်။ အကုန်ပေးမယ်။ ဒါပေမဲ့ စက်မှုဇုန်နဲ့ ပတ်သက်တဲ့မြေငှားစာချုပ်တောင် အဆင်မပြေဘူးဆိုရင် ကျန်တာပို့လည်း အချိန်ကုန် ရုံပဲရှိမယ်။ ဘာမှအကျိုးသက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်တို့က အဲလိုဆုံးဖြတ်လိုက်တာ။

အီတာလျံ-ထိုင်း ကုမ္ပဏီ

တနင်္သာရီအပတ်စဉ်- ပထမဆုံးဆရာရှင်းပြတဲ့ဟာကို ပြန်ကောက်မယ်ဆိုရင်ပေါ့နော် သူတို့က စက်ယန္တရားတင်သွင်းတယ်။ ပြီးတော့ မြေပြင်မှာ ပျောက်နေတယ်ပေါ့နော်ခင်ဗျား။

ဒေါက်တာမြင့်ဆန်း- ဟုတ်တယ်။ စက်ယန္တရားတွေ၊ မော်တော်ယာဉ်တွေ စုစုပေါင်း ယာဉ်တွေ ယန္တရားတွေ အကုန် ၁၀ဝ၀ နီးပါးပေါ့။ အတိအကျ ဆိုရင်တော့ ၉၀ဝ ကျော်ပေါ့ ပျောက်နေတာ။ အဲဒါ ကို စာရင်းဇယားနဲ့ရှင်းပါဆိုတာကို အခုထက်ထိ မရှင်းဘူးပေါ့။ စုစုပေါင်း ၁၇၀ဝ စီးရှိတဲ့အထဲက ၉၀ဝ ကျော်က ပျောက်တာ။ စုစုပေါင်းသူတို့သွင်း ထားတဲ့စာရင်းမှာက ၁၇၀ဝ လောက်သွင်းထားတာ။ ကျွန်တော်တို့မှာ Custom (အကောက်ခွန်) မှာ စာရင်းရှိတယ်လေ။

အကောက်ခွန်ဥပဒေအရ သူတို့သွင်းလာပြီးရင် သက်တမ်းက ၂ နှစ်ပဲရှိတယ်။ ၂ နှစ်ပြီးရင် ၂ နှစ်သက်တမ်းတိုးလို့ရတယ်။ အများဆုံး ကျွန်တော်တို့ထဲမှာ ၄ နှစ်အထိ ထားလို့ရတယ်။ ထွက်မယ် ဆိုရင်လည်း Custom ကို အကြောင်းကြားပြီးပြန်ယူပြီးတော့ သယ်သွားရမယ်ပေါ့။ အဲလိုမျိုးစနစ်တကျလုံးဝ မလုပ်ဘဲနဲ့ တဝီဝီ ထွက်ချင်သလိုထွက်ထားတယ်။

တနင်္သာရီအပတ်စဉ်- အစီးရေ ၁၇၀ဝ ဆိုတာကလေ ကုမ္ပဏီလုပ်ငန်းစတဲ့ ၂၀ဝ၈ ခုနှစ်ကတည်း က သွင်းလာတာလား။

ဒေါက်တာမြင့်ဆန်း- ဟုတ်တယ်။ စလုပ် ကတည်းက သွင်းထားတဲ့ဟာတွေ။ သူက နိုင်ငံတော်ကို မရှင်းခဲ့တာပေါ့။ ပထမ တစ်ကြိမ်က စစ်ခဲ့တယ်။ စစ်ခဲ့တော့လည်း အခုတွေ့သလိုမျိုး တွေ့ခဲ့တယ်။ အဲတုန်းကလည်း ဒဏ်ရိုက်တယ်။ အဲဒီမှာ

သူက အသနားခံစာတင်တဲ့အတွက် နိုင်ငံတော်က လျှော့ပေးလိုက်တယ်ဗျ။ အဲဒါနဲ့ အခုဒုတိယ တစ်ကြိမ်ထပ်စစ်တာ။ ဒုတိယအကြိမ် ထပ်စစ်တော့လည်း အဲဒါမရှင်းဘူး။ ဆက်ပြီးတော့ပျောက်နေတာ ပေါ့နော်။

နောက်တစ်ခုက နိုင်ငံတော်ကို နှစ်စဉ်နှစ်စဉ် သူစီမံကိန်းလုပ်တဲ့အတွက် Concession Fee လို့ ခေါ်တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းလောက်ရှိတယ်။ အဲဒါက ၄ နှစ်စာ လောက် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်လောက် မြန်မာအစိုးရကိုပေးရဖို့ရှိတယ်။ အဲဒါကို သူမပေးဘူး။ အဲဒါကို ကျွန်တော်တို့က Notice ကို ကျွန်တော်ထင်တယ် ၁၅ ကြိမ်လောက် ပေးပြီးပြီ။ မြန်မာ အစိုးရဘက်ကို ပေးရန်ရှိတာ ပေးပါဆိုပြီး အဲဒီ အထောက်အထားတွေ အကုန်လုံးက ကျွန်တော်တို့ဘက်မှာ ရှိတယ်။ ဒါကမြင်သာထင်သာရှိတာကို ရှင်းပြတာပေါ့နော်။ ကျန်တာ အသေးအမွှားတွေကလည်း အများကြီးရှိနိုင်တယ်ပေါ့။

တနင်္သာရီအပတ်စဉ်- အခြားဖြည့်စွက်ပြော ချင်တာများရှိလားခင်ဗျား။

ဒေါက်တာမြင့်ဆန်း- အခုကျွန်တော်တို့ကို စွပ်စွဲတာက ဂျပန်ဝင်လာလို့ သူတို့ကို စာချုပ်ဖျက် သိမ်းလိုက်တယ်ပေါ့နော်။ အဲဒါက လုံးဝဆက်စပ်မှု မရှိဘူး။ ကျွန်တော်တို့မြေငှားစာချုပ်ပို့လိုက်တာ က ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာပို့လိုက်တယ်။ အဲဒီကတည်းက သူ့ဘက်က တုံ့ပြန်မှုကို ကျွန်တော် တို့စောင့်တယ်။ မြေငှားစာချုပ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တောင်းထားတဲ့ အထောက်အထား ၃ ခု ပေါ့နော် အဲဒါကို စောင့်တယ်။ သူတို့ဘက်က ပြန်ပြီးတော့ဆွေးနွေးမလား စကားပြောလာမလားလို့ စောင့်နေတာ။ ကိုဗစ်ကာလ ၂၀၂၀ မှာ သူတို့ဘက်က ဘာမှတုံ့ပြန်မှုမလာဘူး။ မလာတော့ ကျွန်တော်တို့က ဒီအတိုင်းတော့ ထားလို့မရဘူး။ ဒါကိုအရေးယူမှုလုပ်တော့မယ်ဆိုပြီး ပြင်ဆင်တယ်။ ပြင်ဆင်တဲ့အခါမှာ ခုနကပြောတဲ့ အထောက်အထားတွေ ပြန်တောင်းရတယ်။ ဥပဒေရှုထောင့်ကနေ အကုန်လုံးပြန်ကြည့်ရတယ်ပေါ့နော်။ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြင်ဆင်ပြီးတော့ ရွေးကောက်ပွဲနီးတော့ အပေါ်ကလူကြီးတွေက ခဏဆိုင်းထားပါ ပေါ့နော်။ ကျွန်တော်တို့လက်ထဲမှာပဲ သိမ်းထားပြီးတော့ မပို့ဖြစ်ဘူး။ နောက်ပိုင်းကျတော့ အခြေ အနေကောင်းသွားတော့ (ဒီဇင်ဘာလ) ၃၀ ရက်မှာ ပို့ဖြစ်တယ်။ ဂျပန်ကတကယ်ဝင်လာတာက နိုဝင်ဘာလလောက်မှ ဝင်လာတာ။ ဂျပန်သံအမတ်ကြီးကနေ G to G လုပ်ချင်ပါတယ်ဆိုပြီး အောက်တိုဘာ နိုဝင်ဘာလောက်မှ ဝင်လာတာဆိုတော့ အချိန်အားဖြင့် အီတာလျံ-ထိုင်းကို အရေးယူမယ်ဆိုတာ စောတယ်။ ပို့တာကတော့ နောက် ကျသွားတာပေါ့နော်။ ဒီဇင်ဘာကျမှ ပို့ဖြစ်တာပေါ့။ ဒါကလည်း ကျွန်တော်တို့ဘက်မှာ အကြောင်းကြောင်းရှိလို့ပေါ့နော်။

ဂျပန်ဝင်လာလို့ သူတို့ထုတ်ပစ်လိုက်တယ် ဆိုတာက လုံးဝဆက်စပ်မှုမရှိဘူးပေါ့နော်။ နောက်ပြီးတော့ ဘာရေးထားတာတွေ့လဲ ဆိုတော့ ကျွန်တော်တို့ကို Challenge လုပ်မယ်ပေါ့နော်။ ဒါက သူတို့အတွက်လည်း မတရားဘူးပေါ့ဗျာ။ ကျွန်တော်တို့မှာကတော့ အစည်းအဝေးဆုံးဖြတ်ချက်တွေရှိတယ်။ ဘယ်အချိန်ဆွေးနွေးခဲ့တယ် အီတာလျံ-ထိုင်းနဲ့။ နောက်ပြီး မြန်မာအစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် အချက်လက်တွေ။ ခုနကမြေငှားစာချုပ် ဆိုတာက နောက်ဆုံးပေါ့။ အဲဒီမြေငှားစာချုပ် အရှေ့ပိုင်းမှာ ကျွန်တော်တို့တာဝန်ယူတာက ၂၀၁၆ မှာ တာဝန်ယူတာ ကျွန်တော်တို့က အီတာလျံ-ထိုင်း နဲ့ မြန်မာအစိုးရကလုပ်ပေးရမှာ ဘာတွေကျန်လဲ ဆိုတာ Mix လုပ်လိုက်တယ်။ မြန်မာအစိုးရက ကျန်တာက EIA တို့ SIA တို့ နောက်ပြီးတော့ One Stop Service လုပ်ပေးရမယ်တို့။ နောက်ဆုံးက မြေငှားစာချုပ်တွေဖြည့်ဆည်းပေးရမယ်တို့ အဲဒါတွေကျန်တယ်။ အဲဒါတွေကို ဝန်ကြီးဌာနတွေက ကိုင်ထားတာ။ ကျွန်တော်တို့က ဝန်ကြီးဌာနတွေကို လိုက်ရတာပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကြိုးစားတယ်။ ၁ နှစ် ၂ နှစ်အတွင်းမှာ အဲဒါတွေက အကုန်ပြေလည်သွားတယ်။ မြန်မာအစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် အချက်တွေလေ။

သူကတော့ စာချုပ်ပါအချက်အလက်များ ပြင်ဆင်ရန်တဲ့။ အဲဒီစာချုပ်ကတဲ့ ၂၀၁၅ တုန်းက ချုပ်ထားတာ မတရားဘူးပေါ့နော်။ သူတို့ကို အနိုင်ကျင့်ပြီး ချုပ်ထားတာ။ နောက်ပြီးတော့ Project တွေ ပေါင်းတင်တယ်ပေါ့နော်။ ဥပမာအားဖြင့် Small Port နဲ့ LNG Port နဲ့ အဲဒီနှစ်ခုကို ပေါင်း တင်တယ်ပေါ့။ အဲဒါတွေက စာချုပ်အတိုင်းပဲ လုပ်ရမှာလို့။ ပေါင်းလို့မရဘူး။ အဲဒါတွေလုပ်ရမယ် ဆိုရင် ကျွန်တော်တို့အဆင့်နဲ့လည်းမရဘူး။ အပေါ် ဆုံးအဆင့်ထိ တင်ပြပြီးတော့မှ ပြင်တာပြောင်းတာ ဖျက်တာတို့က လုပ်လို့ရမယ်ပေါ့။ ကျွန်တော်တို့ ဦးစားပေး Project သုံး၊ လေး ခုရွေးထားတယ်။ အဲဒီအထဲက အဖြစ်နိုင်ဆုံးတစ်ခုလုပ်ပါ ရလဒ်အရင်ပြပါ။ ရလဒ်ပြပြီးပြီဆို လူကြီးတွေကို ကျွန်တော်တို့ ရှင်းပြပြီးတော့ ဖြစ်ချင်တာတွေ လိုက်လျောပါ့မယ်ပေါ့။ ဒါပေမဲ့ ဘာရလဒ်မှ သူမပြလာဘူးပေါ့နော်။

ကျွန်တော်တို့ဘက်ကတော့ မလုပ်ခင်(စာချုပ် မဖျက်မီ) ကတည်းက သေချာစဉ်းစားတယ်။ ကျွန်တော် တို့ကဖြစ်စေချင်တာ ကတော့ အေးအေးဆေးဆေးညှိ နှိုင်းမယ်။ ပြီးရင် အေးအေးဆေးဆေးထွက်သွား။ လျော်စရာ ပေးစရာရှိတာကို ဆက်ပြီးရှင်းမယ်။ ဒီလိုပုံစံနဲ့ ရှင်းချင်တာပေါ့။ ဒါပေမဲ့ သူက Challenge လုပ်မယ်။ ဥပမာအားဖြင့် တရားစွဲမယ် တရားရုံးတက်မယ်ဆိုလည်း ကျွန်တော်တို့ဘက်ကတော့ Ready ပဲ။ အကုန်ပြင်ဆင်ထားတယ်ပေါ့နော်။