လည်ပတ်သူ လူထောင်ချီသည့် သစ်ယာဝကမ်းခြေ ယာယီပိတ်

0
269
လည်ပတ်သူ လူထောင်ချီသည့် သစ်ယာဝကမ်းခြေ ယာယီပိတ်

ပိတ်ရက်တွင် တစ်ရက် လူဦးရေ တစ်ထောင်နီးပါးခန့်အထိ လာရောက်လေ့ရှိသည့် မြိတ်မြို့နယ်ရှိ သစ်ယာဝ သဲတန်းကမ်းခြေအား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းထံမှ သိရသည်။

သစ်ယာဝကျေးရွာရှိ သစ်ယာဝ သဲတန်းကမ်းခြေနှင့် ပနာတောင်ရွာရှိ ဆတ်ကျွန်းကမ်းခြေတို့အား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်ထားကြောင်းကို ကျေးရွာတွင် ဗီနိုင်းစာသားဖြင့် အသိပေးကြေညာထားသည်။

“ကိုဗစ်ကာလမှာ မြိတ်မှာလည်း ရောဂါတွေတိုးနေလို့ပါ” ဟု သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။

မြိတ်တွင် ကိုဗစ်နိုင်တင်း‌ကူးစက် ရောဂါများဖြစ်နေသည့်အတွက် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြကာ ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောကြားသည်။

အဆိုပါ သစ်ယာဝကမ်းခြေသို့ အလည်လာသူအများစုမှာ မြိတ်မြို့မှဖြစ်ကြပြီး နေ့စဉ် သုံးရာနီးပါးနှင့် အစိုးရ ရုံးပိတ်ရက်တို့တွင် တစ်ထောင်နီးပါးအထိ လာရောက်လည်ပတ်နေကြသဖြင့် ရွာနေသူများမှာ ကိုဗစ်နိုင်တင်း ရောဂါကူးစက်မည်ကို စိုးရိမ်နေကြကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောပြသည်။

မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ သမုတ်-လွတ်လွတ်မြစ်ကူး တံတားသစ်အား ဒီဇင်ဘာလ ၂၀ ရက်က ဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်သွားလာမှု များလာခဲ့ သည်။

ကိုဗစ်နိုင်တင်းရောဂါ အခြေအနေပေါ် မူတည်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ကမ်းခြေ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောပြသည်။

လတ်တလောကာလတွင် မြိတ်မြို့ ပေါ်နေသူတို့မှာ စိတ်အပန်းဖြေရာနေရာအဖြစ် မြို့အဝင် ကျောက်ဖျာကျေးရွာရှိ ခရုပုံပါ ပန်းခြံနှင့် ရန်ကင်းတောင်ဘုရား၊ သမုတ်-လွတ်လွတ်မြစ်ကူးတံတားပေါ်၊ တနင်္သာရီမြို့ရှိ တိမ်ပင်လယ်မြင်ရသည့် တောင်ပေါ်၊ ရေတံခွန် ရှိသည့်နေရာများ နှင့် သရက်ချောင်းမြို့နယ်ရှိ ကင်မွန်းခြုံ ကမ်းခြေများသို့ သွားလာလည်ပတ်မှု များလာနေကြောင်း သိရသည်။