ဆေးလိပ် မရောင်းပေးသဖြင့် ကုန်စုံဆိုင်ကို မီးရှို့

0
177
Dawei Watch, Dawei News, Dawei News Media

မြန်မာနှင့် ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ဆေးလိပ် မရောင်းပေးဟုဆိုကာ မီးရှို့မှု ဖြစ်ပွားခဲ့သည်။

အခင်းမဖြစ်ပွားမီ သုံးရက်ခန့်က အမျိုးသားတစ်ဦးမှ ညသန်းခေါင်အချိန်တွင် ဆေးလိပ်နှင့် အချိုရည် ဝယ်ယူရာ ဆိုင်တံခါးမဖွင့်ပေးသဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

“ကာယကံရှင်ကလည်း ဝန်ခံထား ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုန်စုံဆိုင်အတွင်းရှိ စီစီ တီဗွီမှတ်တမ်းအရ သံသယရှိသည့် အမျိုးသားတစ်ဦးအား သက်ဆိုင်ရာမှ နေ့ချင်း ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်လီတာပါ ဓာတ်ဆီဗူး သုံးဗူးဖြင့် မီးရှို့ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

ဆိုင်ကို မီးရှို့ခဲ့သည့် အသက် ၂၄ နှစ်ရှိ အမျိုးသားအား မောတောင် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)