ကိုဗစ်နှစ်ပတ်လည် အတွေးများ

ကိုဗစ်နှစ်ပတ်လည် အတွေးများ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဟေမန္တ၏ ဆောင်းညချမ်းသည် အေးအေးစိမ့်စိမ့်။ အေးသော လေသည် ခြောက်သယောင်းသောရွက်ကြွေတောကို ဖြတ်ကာ တိုက်ခတ်လာသည်။

ခြောက်သယောင်းသော အပင်တို့ မှာ အခက်အလက်ပြိုင်းရရိုင်းထလျက်။ တိတ်သော ညချမ်းမှာ ကျွန်တော်တို့ တွေးရင်းဆိတ်ဆိတ် ထိုင်နေဖြစ်ကြသည်။

တစ်ချက်ချက် နာရီစက္ကန့်သံတို့သည် ဖြည်းဖြည်းမှန်မှန် မြည်လျက်။ ဆွဲဆွဲငင်ငင် အူသော ခွေးတို့အသံသည် တိတ်ဆိတ်ခြင်းကို ဖြိုခွဲလျက် ဆွေးဆွေးမြည့်မြည့်ထွက်ပေါ်လာသည်။ သန်းခေါင် ရောက်ပြီပဲ။

အရင်ကလို ဆိုတဲ့အတွေးမျိုး ကျွန်တော်တို့တွေ မကြာခဏ တွေးလာမိခဲ့တာ ကြာပြီ။ မှတ်မှတ်ရရ ဆိုရရင် တစ်နှစ် ပြည့်ခဲ့ပေါ့။

မနှစ်က သည်လို ဆောင်းညတွေမှာ ကျွန်တော်တို့ ပုံမှန်ဘဝမှာပဲ ရှိခဲ့ကြသေး သည်။ အရင်ကလို ကျွန်တော်တို့တွေ လူစုစုနဲ့ အလှူပွဲတွေရှိတုန်း၊ နှစ်ကူးတွေ ပျော်ကြတုန်း။ မနှစ်သည်အချိန်မှာ ဟိုးခပ်ဝေးဝေး က တိတ်တိတ်ဆိတ်ဆိတ် မှန်မှန် ပြန့်လာနေသည့် ဝူဟန်က တုပ်ကွေးတစ်မျိုးကို ကျွန်တော်တို့ နားစွင့်လို့ နေကြရတုန်းပဲ ရှိသည်။ ပုံမှန် အလုပ်တွေ လည်ပတ်နေတုန်း၊ ဈေးတွေ အရောင်းအဝယ်မပျက်ကြ၊ အလှူအတန်းတွေ မပျက်ကြသေး။ ကျောင်းတွေမပိတ်ကြသေး၊ ဈေးတွေ မပိတ်ကြသေး။

ကျန်းမာရေးဌာနတွေက ဝါးတားတား သတိပေးချက်လေးတွေ ထုတ်ပြန်တာက လွဲရင် အရာရာသည် ပုံမှန်လို့ ဆိုနိုင်သေးသည်။ ၂၀၂၀၊ ဇန်နဝါရီ ၃၀မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာသည်။

ဖေဖော်ဝါရီ၊ မတ်လတို့ ခပ်သောသော ဖြတ်သန်းသွားသည်။ လေဆိပ်တွေမှာ စစ်ဆေးတာကလွဲရင် ကျန်နေရာတွေမှာ သည်ကာလတွေ မပြောင်းမလဲ နေမြဲ ရှိနေကြသေးသည်။ အခြားဥရောပ နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အဲသည် ဗိုင်းရပ်စ် ပြန့်နေပေမဲ့ မြန်မာနဲ့ လာအိုတို့ မဆိုင်သလို နေနိုင်ကြဆဲ ကာလလို့ ဆိုနိုင်သည်။ ထူးတာက ကိုရိုနာ အုပ်စုဝင် ကူးစက်မြန်ပြင်းထန် နမိုးနီးယားကို ဖြစ်စေသော ဗိုင်းရပ်သည် ကိုဗစ် နိုင်တင်းအဖြစ် ၂၀၂၀ဖေဖော်ဝါရီ မှာ အမည်သစ်ရလိုက်သည်။ ၂၀၂၀ မတ် ၁၁ မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေသည့် အခြေအနေအဖြစ် ကြေညာသည်။

၂၀၂၀၊ မတ် ၂၃ မှာ ချင်းပြည်နယ်သို့ ပြန်လာသည့် နိုင်ငံခြားပြန်အမျိုးသားမှာ ပထမဆုံး ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိကြရသည်။ အဲသည်က ကြိုကြားကြိုကြား ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု တွေ့လာကြရသည်။ စတွေ့ ကာစမို့ အစုလိုက် ကူးစက်မှုတွေရဲ့ အရင်းဇစ်မြစ်တွေအထိ ရှာဖွေထောက် လှမ်းဖော်ထုတ် နိုင်ခဲ့ကြသည်။ ဝေဘာဂီ ဆေးရုံ တစ်ရုံတည်းနဲ့ သည်လှိုင်းရဲ့ အစပိုင်းကို ပေါ့ပေါ့ပါးပါး ဖြတ်ကျော် နိုင်ခဲ့ပေမဲ့ အချို့ အသက်သေဆုံးတာတွေ ရှိခဲ့သည်။ ဆိုရလျှင် ရာဂဏန်းမပြည့် သော လူနာတွေနဲ့ သေဆုံးသူ ခြောက်ဦး ရှိခဲ့သည်။

အစုလိုက် ကူးစက်မှုတွေမှာ အင်းစိန် ဘာသာရေးဆုတောင်းပွဲက ပထမလှိုင်းမှာ ထင်ရှားသည်။ သည်အချိန်အထိ ကျွန်တော်တို့တွေရဲ့ တိုင်းဒေသမှာ ကိုဗစ် အန္တရာယ် ကင်းနေဆဲ။ Case Number 26 က မြိတ်ကို အလည်လာသွားလို့ အဲသည်က အဖျားခတ်သွားတာပဲ ရှိသည်။ သို့သော် အဲသည် ကနဦးအစ မိတ်ဆက်တာနဲ့ ကွာရန်တင်းစင်တာသို့ အပို့ခံရသူတွေ ရှိလာသလို ကြူကြသည် ဆိုသည့် စကားလုံးကို စတင်မိတ်ဆက်ကြားဖူး လာသည်။ သို့သော် ကံသီသဖြင့် တိုင်းတနင်္သာရီမှာ ကိုဗစ်လှိုင်းကို တည့်တည့် မထိခဲ့။

သည်ကြားမှာ ရန်ကုန် တောင်ဥက္ကလာ ဆေးရုံကို ကိုဗစ်ကုစင်တာအဖြစ် တိုးချဲ့ခဲ့ပြီး ဖောင်ကြီးကို ကိုဗစ်ကုသရေး စင်တာအဖြစ် ပြုပြင်သည်။မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်သည် တိတ်တိတ် ဆိတ်ဆိတ် ပြီးသွားခဲ့သည်။ ပုံမှန်လူနေမှု ဘဝသစ်ဖြင့် နေထိုင်ခြင်းလို့ ခေါ်ကြတဲ့ New Normal Life Style အဖြစ် မျက်နှာဖုံးအကာအကွယ်တွေ တပ်ဆင် ကြဖို့၊ လက်ကိုစနစ်တကျဆေးကြောတတ်ဖို့၊ လူစုလူဝေးတွေ ရှောင်ကြဖို့ လိုအပ်ကြောင်း မေ၊ ဇွန်မှာ စပြီး ပြောဆိုဆွေးနွေးလာကြတာ ကြားရသည်။ ဇူလိုင်နဲ့ သြဂုတ်မှာ မြန်မာ့ ကိုဗစ် ခပ်လျော့လျော့ပဲတွေ့တော့ လှိုင်းတစ်ခု ငြိမ်လေပြီလားလို့ ကျွန်တော်တို့ တွေးမိ ကြသည်။

ကန့်သတ်ထားတာတွေကိုတော့ မလျှော့ချရဲကြသေးတာက အဲသည် ကာလမှာ ရှိနေတဲ့ ကမ္ဘာ့ကူးစက်မှု အခြေအနေတွေကြောင့် ဖြစ်သည်။ ကိုဗစ်စကားဝိုင်းတွေ မကြာမကြာ နားထောင်ကြရသည်။

မြန်မာ့ကိုဗစ် ဒုတိယ လှိုင်းအဖြစ် စက်တင်ဘာ လဆန်းမှာ ရခိုင်မှာ တစ်ကျော့ပြန်ကိုဗစ်ရဲ့ ကူးစက်မှုစတွေ့ ခဲ့ပြီး အဲသည်ကမှတစ်ဆင့် ရန်ကုန်သည် ကူးစက်မှု ဗဟိုချက်မ ဖြစ်လာသည်။ ရန်ကုန်ပြန်တွေမှတစ်ဆင့် ပထမဆုံး တနင်္သာရီတိုင်းမှာ ကူးစက်ခံရသူ လူနာ ကို စတွေ့လာသည်။ ကြိုးတားထားသော အိမ်တွေ၊ လမ်းတွေ၊ ရပ်ကွက်တွေ ရှိလာသည်။ ရန်ကုန်မြို့မှာ ရောဂါပိုး ကူးသူ၊ သေသူတွေ ခပ်စိပ်စိပ် တွေ့ရသည်။ လူနာအမှတ်စဉ် ကိန်းဂဏန်းတွေ ရာဂဏန်းမှသည် ထောင်ဂဏန်း၊ ထိုမှ သောင်းဂဏန်းသို့ ချဉ်းကာ ခပ်သွက်သွက် ကူးစက်တာတွေ ကြုံလာရသည်။

အလုပ်အကိုင်တွေရော၊ ဈေးတွေပါ ပုံမှန်မလည်ပတ်နိုင်တော့။ လော့ဒေါင်း ချတာ၊ ခရီးအသွားအလာ ကန့်သတ်တာတွေ ကြားလာကြ ကြုံလာကြရသည်။ သာမှန်မဟုတ်တော့သည့် ဘဝတွေကို ကျွန်တော်တို့ ဖြတ်သန်းကြရသည်။ ဝါတွင်းကာလ ဥပုသ်သည်တွေ မတွေ့ ကြရသလို ဝါကျွတ်ကာလ ကထိန်ပွဲတွေ၊ မင်္ဂလာပွဲတွေ အစပြုသော အခမ်း အနားတွေ၊ ဘာသာရေးပွဲတွေ မရှိတော့ဘဲ ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းကြရသည့် ကာလတွေလို့ ဆိုရပါမည်။

မြိတ်မှာလည်း ပိုးတွေ့သူ၊ ဆက်စပ်သူတွေ ခပ်စိပ်စိပ် တွေ့လာသည့်အခါ ကျွန်တော်တို့တွေ အချို့ ကာကွယ်ရေး လုပ်ငန်းတွေမှာ ကူကြရသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြိတ်အနေဖြင့် ဖျားနာကု အခမဲ့ဆေးကုခန်းကို အောက်တိုဘာ ၁၂မှာ ပြန်ဖွင့်သည်။

တစ်နိုင်ငံလုံးမှာ အနံ့မရသူ လူနာ တွေ တွေ့တာ၊ ပိုးတွေ့တာ စတာတွေ ခပ်စိပ်စိပ်တွေ့အပြီး ပိုးတွေ့သူ ကိုယ်ပိုင် နံပါတ်တွေနဲ့ ကြေညာတာတွေ ရပ်သွားသည်။ သောင်းဂဏန်း အထိ ခပ်သွက်သွက် ဆက်ကာ ကူးစက်သည်။ သေကြသည်။ ကျွန်တော်တို့တွေရဲ့ ပုံမှန် လူနေမှု ဘဝတွေ အဲသည်ကာလတွေမှာ အပြောင်းအလဲတွေ ဖြစ်လာသည်။ လူနေမှု စနစ်တွေ အပြောင်းအလဲဖြစ်လာသည်။ ခရီးတွေ ပိတ်ပင်တာခံရသလို ဒေသတွင်း ကုန်စည် စီးဆင်းတာတွေလည်း အကန့်အသတ်တွေနဲ့ ဖြစ်လာသည်။ မလွယ် ကူတော့။

နေ့စဉ် တိုးတက်လာတဲ့ ကိုဗစ်ပိုး တွေ့လူနာတွေကြောင့် ဆေးရုံတွေမှာ လူနာ လက်ခံကုသဖို့ အခက်အခဲတွေကို တိုးချဲ့စင်တာတွေ ဖွင့်လှစ်ပြီး ဖြေရှင်းကြရသည်။ ကျွန်တော်တို့ဆီမှာလည်း သည်အခက်အခဲ ကိုဖြေရှင်းဖို့ နိုဝင်ဘာလမှာ တိုးချဲ့ကိုဗစ်ကုသရေးစင်တာ ဖွင့်ကြရသည်။ ကူကြရသည်။ မြိတ်မှာ ပိုးတွေ့လူနာ ၃၀ဝကျော်ရှိခဲ့ပြီး ပိုးတွေ့ သေဆုံးသူ သုံးဦး ရှိခဲ့သည်။ အဲသည် ၃၀ဝကျော်မှာ ထက်ဝက်ခန့် ဖြစ်သော ၁၄၈ဦးကို ကျွန်တော်တို့တွေ ကုသရေး စင်တာခွဲအဖြစ် ကျန်းမာရေးဌာနကို ကူညီဖွင့်လှစ်ကာ လက်ခံကုသပေးခဲ့ကြသည်။ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတ အသင်းတွေနဲ့ အလှူရှင်တွေရဲ့ အင်အားနဲ့ ကျွန်တော်တို့တွေ နိုင်နိုင်နင်းနင်း ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။

တစ်နိုင်ငံလုံးမှာ ပိုးတွေ့သူ ရာနှုန်းကျဆင်းလာသလို ကွာရန်တင်းစင်တာတွေ၊ ကုသရေးစင်တာတွေ ပြန်လည် ပိတ်ဖို့ ကြိုးစားလာနိုင်သည်။ အခြားမြို့ ရွာတွေနည်းတူ ကျွန်တော်တို့ ကုသရေး စင်တာ ခေတ္တပိတ်သိမ်းဖို့ သည်နေ့ စပြီး ကြိုးစားခဲ့ကြသည်။ နိုဝင်ဘာ ၂၀မှ ဇန်နဝါရီ ၁၃အထိ ၅၄ရက်တာ ကာလမှာ ကျွန်တော်တို့တွေ ပိုးတွေ့သူ လူနာပေါင်း ၁၄၈ဦးကို ကူညီကုသပေး နိုင်ခဲ့သည်။ ကျွန်တော်တို့ဘက်က စင်တာကို ယာယီပိတ်ချိန်မှာ ကမ္ဘာမှာ နောက်တစ်ကျော့ပြန် ကိုဗစ် အသွင်သစ်ကူးစက်မှုတွေ ခပ်စိပ်စိပ် တွေ့နေကြရဆဲ၊ အင်္ဂလန်၊ ထိုင်း၊ တရုတ်၊ စတာတွေမှာ ကူးစက်မှုတွေ ပြန်လည်တွေ့နေကြရသည့် သတင်းတွေ ကျွန်တော်တို့ မြင်နေကြားနေကြရသည်။

စင်စစ် ၂၀၂၀ တစ်နှစ်လုံးသည် ကိုဗစ်နဲ့ လုံးခြာလည်နေသည့်ကာလ လို့ ဆိုနိုင်သည်။ ယခု ၂၀၂၁နှစ်ဆန်းပြီ။ အတန်အသင့် တွေ့ရှိမှု လျော့ကျလာ ခြင်းနဲ့အတူ ပုံမှန် လူမှု စီးပွားရေး လုပ်ငန်းတွေကို လူနေမှု ပုံစံအသစ်တွေနဲ့ ကျွန်တော်တို့တွေ စကြဖို့ အချိန်တန်ပါပြီ။

တစ်ကမ္ဘာလုံးကို ကပ်အသွင် ကူးစက်ပြန့်ပွားမှုကြောင့် ကြေညာထားရသော ကမ္ဘာလုံးဆိုင်ရာ ကပ်အသွင် ကူးစက်ပြန့်ပွားနေသည့်အခြေအနေ (World Pandemic) အဖြစ်မှသည် ဒေသတစ်ခုအတွင်း သူ့အတိုင်းအတာ အလိုက် ဒေသအလိုက် ကူးစက်နေတတ်သော ကူးစက်ရောဂါအသွင် ပျံ့နှံ့မှု (Endemic) အဖြစ်သို့ ကျွန်တော်တို့တွေ သဘောထားလာကြရမည့်အခြေအနေ တစ်ချိန်မှာ ရောက်လာနိုင်လာလိမ့်မလား ကျွန်တော်တို့ တွေးနေမိသလို သည့်ထက်မက အဖျက်စွမ်းအင်ကြီး သည့် အသေအပျောက် သည်ထက်ပိုသည့် ဗိုင်းရပ်စ်အသွင် ပြောင်းလဲလျက် ကမ္ဘာကို ဆက်ခြိမ်းခြောက်လာလေမလား ဆိုသည်က ကျွန်တော်တို့ အဖြေ မပေးနိုင်ကြသေးသည့်အတွေးနဲ့ အမေးတွေပဲ ဖြစ်သည်။

နောက်ထပ် ကျွန်တော်တို့ မယုံသော်လည်း မျှော်မိသည်က ကိုဗစ် ကာကွယ်ဆေးဖြစ်သည်။ တစ်ကမ္ဘာလုံးကို အဲသည် ကိုဗစ်၁၉ ဗိုင်းရပ်စ်ကာကွယ် ဆေးဖြင့် လွှမ်းခြုံကာကွယ်လာနိုင်မယ့် နေ့ကို ရောက်လာနိုင်ပါ့မလား ဆိုသည့် အတွေးနှင့် မျှော်လင့်ချက်တွေ ထားမိကြပေမဲ့ မျိုးဗီဇ အလွယ်တကူ ပြောင်းလဲနိုင်သည့် မာယာများသည့် ဗိုင်းရပ်စ် အတွက်ကြောင့်သာမက ဆင်းရဲသည့် ကိုယ့်နိုင်ငံအနေအထားကြောင့်ပါ ကာကွယ်ဆေးနဲ့ လွှမ်းခြုံမှုရဖို့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို အလွန်အမင်းထားဖို့ ခဲခက်လှပါသည်။

ဟေမန္တ၏ ဆောင်းညချမ်းသည် အေးအေးစိမ့်စိမ့်။ အေးသော လေသည် ခြောက်သယောင်းသောရွက်ကြွေတောကို ဖြတ်ကာ တိုက်ခတ်လာသည်။

သန်းခေါင်ယံမှာ ဆွဲဆွဲငင်ငင် အူသော ခွေးတို့အသံသည် တိတ်ဆိတ်ခြင်းကို ဖြိုခွဲလျက် ဆွေးဆွေးမြည့်မြည့် ထွက်ပေါ်လာသည်။

အရင်ကလို ဘဝမျိုး ပြန်လိုချင် လိုက်တာ ဆိုတဲ့အတွေးမျိုး ကျွန်တော်တို့တွေ မကြာခဏ တွေးလာမိခဲ့တာ မှတ်မှတ်ရရ တစ်နှစ် ပြည့်ခဲ့ပြီ။

အဲသည်အတွေးတွေကို စွန့်လို့ ကိုဗစ်နဲ့အတူ မတည့်အတူနေ ယှဉ်တွဲ နေထိုင်လာနိုင်ကြဖို့ လိုအပ်ပါသည်။

လူမှုဘဝနေထိုင်မှု ပုံစံအသစ်ကို ပြောင်းလဲကြဖို့ ကိုဗစ် ကာကွယ်ရေးအတွက် အရေးပါသည့် အလေ့အကျင့်နဲ့ အမူအကျင့်တွေဖြစ်သည့် မျက်နှာဖုံး အကာအကွယ်တတ်ဖို့၊ လက်ကိုစနစ် တကျ ဆေးကြောဖို့၊ လူစုလူဝေးရှောင်ကြဉ်ဖို့ စသည့် အခြေခံအကျဆုံး လူနေမှု စရိုက်နဲ့ အမူအကျင့်တွေကို ပုံမှန်ဘဝမှာ မပျက်မကွက် အသေအချာ လိုက်နာ ကျင့်သုံးနိုင်ဖို့ ကြိုးစားကြရမည်ကား ဧကန်။

ကိုရိုးဆေး