အင်ဒိုနီးရှားတွင် နှစ်ချီထိန်းသိမ်းခံ မြန်မာနိုင်ငံသားအများစု အမှုရင်ဆိုင်ဆဲ

0
559
Dawei Watch, Dawei News, Dawei News Media

အင်ဒိုနီးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ကိုးဦးအနက် ၆ ဦးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ဒဏ်ငွေ သိန်းရာချီ ချခံရနိုင်နေသည်။ အမှုပြီးသွားသူ သုံးဦးမှာလည်း ဒဏ်ကြေးဆောင်ရန် အခက်အခဲ၊ လေယာဉ်လက်မှတ် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

၎င်းတို့မှာ တရားမဝင်ဝင်ရောက်မှု၊ တရားမဝင်ငါးဖမ်းမှုများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၉ ဦးတွင် ထားဝယ်ဒေသခံ ၇ ဦးလည်းပါဝင်ပြီး ၂ နှစ်နီးပါး ကြာသည်အထိ ထိန်းသိမ်းခံနေရသည်။

မြန်မာနိုင်ငံသား ၉ ဦးအနက် ၆ ဦးမှာ အင်ဒိုနီးရှားနိုင်ငံ Batan ခရိုင် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ယင်းသံရုံးထံမှ သိရသည်။

အထက်ပါ ၆ ဦးမှာ ၂၀၁၉ ခုနှစ် ဧပြီလနှင့် ဇူလိုင်လအတွင်း အဖမ်းခံထားရခြင်းဖြစ်ပြီး တရားမဝင်ငါးခိုးဖမ်းမှုအတွက် ဒဏ်ငွေပေးဆောင်ရမည့် အနေအထားရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံမှူး ဒေါ်သီရိအောင် က ဆိုသည်။

ကျန်သည့် မြန်မာနိုင်ငံသား သုံးဦးအနက် နှစ်ဦးမှာ နေရပ်ပြန်ရန် လေယာဉ်လက်မှတ်ခ မပေးနိုင်သည့်အတွက် လိုအပ်သည့် ငွေကြေးရရှိရန် နိုင်ငံတကာ အဖွဲ့အစည်းနှင့် ညှိနှိုင်းမေတ္တာရပ်ခံထား ဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျန်သည့် တစ်ဦးမှာ နိုဝင်ဘာလတွင် သက်ဆိုင်ရာ တရားရုံးက ဒဏ်ငွေအဖြစ် အင်ဒိုနီးရှားငွေကြေး သန်း ၆၀ဝ (ကျပ်သိန်း ၄၅၀ ခန့်) ပေးဆောင်ရန် အမိန့်ချမှတ်ထားကြောင်း သံမှူးဒေါ်သီရိအောင်က ပြောသည်။

အဆိုပါဒဏ်ငွေကို မပေးဆောင်နိုင်ပါက ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်သည့်အတွက် လျော့ပေါ့ပေးနိုင်မည့် အနေအထားအား အင်ဒိုနီးရှား တာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ဆိုသည်။

၎င်းတို့အား ထိန်းသိမ်းထားကြောင်းကို အင်ဒိုနီးရှားတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လရောက်မှသာ အကြောင်းကြား လာသည်ဟု ဆိုသည်။

လက်ရှိအမှုရင်ဆိုင်နေရဆဲ ၆ ဦးမှာ အင်ဒိုနီးရှားငွေသန်း ၅၀ သို့မဟုတ် သန်း ၁၀ဝ အထိ ပေးဆောင်ရမည့် အခြေအနေ ရှိနေသည်ဟုကြားသိရကြောင်း ဒေါ်သီရိအောင်က ပြောသည်။

၎င်းတို့မှာ ဒဏ်ငွေဆောင်နိုင်မည့် အခြေအနေမရှိသည့်အတွက် ကြန့်ကြာနေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ဒဏ်ငွေပေးဆောင်နိုင်မည့် အနေအထားမရှိကြောင်းကို တန်ကျွန်းပီနန်ပြည်နယ် လူဝင်မှုဌာနထံ ညှိနှိုင်းအကြောင်းကြားခဲ့ကြောင်း ဒေါ်သီရိအောင်က ဆိုသည်။

ဒဏ်ငွေလျှော့ပေါ့ပေးရန် သံရုံးမှ စာထုတ်အကြောင်းကြားပါက တရားရုံး က လျှော့ပေါ့စဉ်းစားသည်ဟု သိရသည့်အတွက် သက်ဆိုင်ရာ တရားရုံးထံ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် စာပို့ ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံ ကူညီညှိနှိုင်းပေးရန် အကြောင်းကြားစာပို့ထားသည် ဟု ပြောသည်။

“မြန်မာသံရုံးအနေနဲ့က ဒီကိစ္စမှ မဟုတ်ဘူးပေါ့။ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိပြီးတော့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားကိစ္စတွေကို အထူးအလေးထားတယ်” ဟု သံမှူးဖြစ်သူ ဒေါ်သီရိအောင်က ဆိုသည်။

လက်ရှိတွင် ကူညီဆောင်ရွက်မှု အခြေအနေများ သိရှိနိုင်ရန် ကောင်စစ် အရာရှိနှင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ကိုးဦးတို့ Viber group ဖွဲ့ထားကြောင်း ၎င်းက ပြောသည်။

မလေးရှားနိုင်ငံပိုင် ငါးဖမ်းလှေတွင် လှေသားအဖြစ် လုပ်ကိုင်နေရင်း ရေပိုင်နက်ကျော်ဝင်ရောက်မိသည့်အတွက် ဖမ်းဆီးခံရကြောင်း ထိန်းသိမ်းခံ ထားရသူများအနက် တစ်ဦးဖြစ်သူ သရက်ချောင်းမြို့နယ် ကျွဲခြံကျေးရွာသား ကိုစိုင်းအောင်က ဆိုသည်။

ဖမ်းဆီးခံရချိန်မှ ၄ လခန့်အထိ အခြားနေရာတစ်ခုတွင် ထိန်းသိမ်းခံရပြီး မှ လက်ရှိနေရာသို့ ပြောင်းရွှေ့ခံရကြောင်း ကိုစိုင်းအောင် က ဆိုသည်။

ကိုစိုင်းအောင်တို့ ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရသော်လည်း မိုဘိုင်း ဖုန်းသုံးစွဲခွင့်ပြုထားသည့်အတွက် တနင်္သာရီအပတ်စဉ်အနေဖြင့် ၎င်းတို့ကို မေးမြန်းခွင့်ရခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေထိုင်သည့်အခန်းတွင် စုစုပေါင်း ၁၉ ဦးနေထိုင်ရပြီး အခန်းတံခါးကို အချိန်ပြည့်သော့ခတ်ထားသည်ဟု ဆိုသည်။

စုစုပေါင်း ၁၉ ဦးအနက် မြန်မာနိုင်ငံသား ၉ ဦးရှိပြီး ကျန်သူများမှာ ဗီယက်နမ်နှင့်လာအိုနိုင်ငံသားများဖြစ်ကြောင်း ကိုစိုင်းအောင်က ပြောသည်။

“တစ်နေ့လုံး တံခါးပေါက် ပိတ်ထားတယ်၊ ဘယ်မှထွက်လို့မရဘူးခင်ဗျား” ဟု ၎င်းက ဆိုသည်။

၎င်းတို့အား ထမင်းပုံမှန်လာကျွေးလေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးအား တစ်ပတ်လျှင် တစ်ရက်နှုန်း တောင်းခံခွင့် ပြုထားကြောင်း ကိုစိုင်းအောင်က ပြောသည်။

အခြားအခန်းတွင် လူမည်မျှ ထိန်းသိမ်းခံထားရသည်ကို မသိရကြောင်း ကိုစိုင်းအောင်က ပြောသည်။

၎င်းတို့အား စင်ကာပူနိုင်ငံနှင့် မျက်နှာချင်းဆိုင်ရှိ Bintan ကျွန်းပေါ်တွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

အင်ဒိုနီးရှားဘာသာစကားအရ RUMAH DETENSI IMIGRASI PUSAT TANJUNG PINANG (ဗဟို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စင်တာ) ဟု အဓိပ္ပာယ်ရသည့် အဆောက်အအုံတွင် ထိန်းသိမ်းထားသည်။