ရနောင်းတွင်အချုပ်ကျ မြန်မာအလုပ်သမားတစ်ဦး သေဆုံး

0
170
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေရုံးတွင် အချုပ်ကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှာ ဇန်နဝါရီလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။

ရနောင်း လဝကရုံးရှိ ငါးထပ်တိုက် အဆောက်အအုံသည် အချုပ်သားများနှင့် အချုပ်နှင့် အကျဉ်းထောင်တို့မှ ပြန်လည်လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီ ထိန်းသိမ်းထားသည့် နေရာတစ်ခုဖြစ်သည်။

သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသားအသက် ၃၂ နှစ်ရှိသူမှာ မကွေးတိုင်းဒေသကြီးနေသူဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့ ပြသရာမှ သေဆုံးခဲ့ဖြစ်ကြောင်း သိရသည်။

“ကိုဗစ်တော့မဟုတ်ဘူး။ သူ့ရောဂါ ကြောင့်လို့ပြောတယ်” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေ က ပြောသည်။

မြန်မာများ ထိန်းသိမ်းခံရသည့်အချိန်တွင် လက်ကုန်ဖုန်းအသုံးပြုခွင့်မပြုခြင်း၊ ဖုန်းအားသိမ်းဆည်းခြင်းနှင့် မိသားစုဝင်တို့မှ လာရောက်တွေ့ဆုံပါက ဘတ်ငွေတစ်ရာပေးရခြင်း စသည့် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။

ကိုဗစ်ကပ်ဘေးအတွင်း ရွှေ့ပြောင်းအလုပ်သမားများအား မြန်မာသို့ပြန်လည်လွှဲပြောင်းပေးရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းပြီး လူဦးရေအရ အသုတ်လိုက်ခွဲပြီး လွှဲပြောင်းမှုများပြုလုပ်နေခြင်းဖြစ်သည်။

ထိန်းသိမ်းခံနေရသည့် မြန်မာအလုပ်သမားများအနက် အချို့မှာ အချိန် ၇ လကျော်သည်အထိ ထိန်းသိမ်းခံနေရကြောင်း ထိန်းသိမ်းခံ မြန်မာအချို့ထံမှ သိရသည်။