မြိတ်တွင် သမီးရည်းစား နှစ်ဦး သေဆုံး

0
660
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ နေအိမ်သုံးခန်းတွဲ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၇ ရက်နေ့ ညရှစ်နာရီခွဲအချိန်ခန့်က သမီးရည်းစားချင်း စကားများပြီး လူသတ်မှုဖြစ်ခဲ့ကြောင်း မြိတ်မြို့ မြိုမရဲစခန်း ထံမှ သိရသည်။

အဆိုပါ အခန်းတွဲတွင် သမီးရည်းစားနှစ်ဦး စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြသဖြင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ နှစ်ဦးစလုံး ဓားဒဏ်ရာတို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်း ထံမှ သိရသည်။

အိမ်အခန်းတံခါးအား ဂျက်ထိုးထားသဖြင့် အနောက်ဘက်တံခါးအပေါ် ဘက်ရှိ သွပ်ပြားအားဖျက်ပြီး ဝင်ရောက် စစ်ဆေးခဲ့ရာ နှစ်ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကန်ဖျားနယ် မြေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောပြသည်။

“သမီးရည်းစား အတွင်းရေးကိစ္စကြောင့် ဖြစ်မှာပါ” ဟု မြိတ်မြို့ မြို့မရဲ စခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြော သည်။

သမီးရည်းစား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အမျိုးသမီးအား ဓားဖြင့်ထိုးကာ သေသည့်အချိန်တွင် အမျိုးသားက မိမိ ကိုယ်တိုင်သတ်သေသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ဆိုသည်။

အခန်းအတွင်း စကားများနေစဉ် တံခါးတို့အားအတွင်းမှ ဂျက်ချထားပြီး လူသတ်ရာတွင် အသုံးပြုသည့် ဓားမှာ တံဆိပ်မခွာသေးသည့် ဓားအသစ်ဖြစ်ကြောင်း၊ ယင်းဓားအား ထုပ်ပိုးသည့် စက္ကူလိပ်အား အမျိုးသားစီးလာသည့် ဆိုင်ကယ်အတွင်းတွင် တွေ့ရှိခဲ့သဖြင့် အတွင်းရေးကိစ္စဖြင့် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်း ဒုရဲမှူးချိုလွင်က ပြောကြားသည်။

သေဆုံးသူ နှစ်ဦးစလုံးမှာ အသက် ၂၈ နှစ်စီ ရှိပြီး အစိုးရ ဝန်ထမ်းများ ဖြစ်ကြသည်။

မြင့်မိုရ်(မြိတ်)