အယ်ဒီတာထံပေးစာ

0
676
Dawei Watch, Dawei News, Dawei News Media

ဤခရီးနီးပါပြီ

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် များပြားလှစွာသော တောင် စဉ်တောင်တန်းတောအုပ်ကြီးများဖြင့် ကာရံနေပြီး ထိုအလွန်တွင် ထိုင်းနိုင်ငံရှိသည်။ အနောက်ဘက်တွင် ပင်လယ်ပြင်ကြီးရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်လုံးကို ရင်သပ်ရှုမောဖွယ်ရာ ကျွန်းအလှ၊ ပင်လယ်အလှများဖြင့် တန်ဆာဆင်ထားသည်။ ရပ်နီး ရပ်ဝေးမှ ခရီးသွားပြည်သူများသည် ထိုကျွန်းအလှ၊ ပင်လယ်အလှများကို လာရောက်ကြည့်ရှု အပန်းဖြေအနားယူကြသည်။

ကြိုးစားလေကြ တိုင်းအစိုးရ
တနင်္သာရီတိုင်းဒေသကြီးအစိုးရသည် မိမိတို့ တိုင်းဒေသကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား နေကြသည်။ ထိုတွင် လမ်း၊ တံတာများကို အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုတွင် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျလှပါသည်။ ယခင်အစိုးရများလက်ထက်တွင် မဆောင်လုပ်ရသေးသော မြစ်ချောင်းများပေါ်တွင် တံတားများ တစ်စင်းပြီးတစ်စင်း “ဘွားကနဲ၊ ဘွားကနဲ” ပေါ်လာသည်။ သမုတ်+လွတ်လွတ်တံတား၊ ဝင်းဝ+မင်းဒပ်တံတား၊ တနင်္သာရီတံတား စသည်တို့ ဖြစ်သည်။ မကြာခင်မှာ နောက်တိုးတံတားသစ်တွေ ဆင့်ကဲဆင့်ကဲ ပေါ်လာဦးမည်။ ထားဝယ်-ကမြောကင်းတံတားသစ်၊ ထားဝယ်-မြို့ရှောင်တံတား၊ မြိတ်-ကျွန်းစု မောင်လှော်တံတား၊ တနင်္သာရီ ဗောဓိကမ်းတံတား၊ တနင်္သာရီ လယ်သစ်တံတား၊ ကော့သောင်း ပလုံးတုံတုံးတံတား စသည်တို့ဖြစ်သည်။

မော်ကွန်းထိုးလင့် တံတားဖွင့်
၂၁- ၁၂- ၂၀၂၀ နေ့သည် တနင်္သာရီတိုင်းဒေသကြီးအတွက် သမိုင်းတွင်မည့်နေ့၊ ဝမ်းမြောက်ဂုဏ်ယူရမည့်နေ့တစ်နေ့ဖြစ်လေသည်။ သမုတ်+လွတ်လွတ်တံတားသစ်စဖွင့်လိုက်သောကြောင့် ဖြစ်သည်။ ထိုတံတားသည် ခွင့်ပြုတန်ချိန် ၇၅တန်၊ အရှည်၁၂၈၇ ပေ၊ အကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဘက် ၃ ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အမြင့် ၁၅ ပေ ရှိသည်။ ထားဝယ်နှင့် မြိတ်ခရီးသည် တဖြည်းဖြည်းနီးလာကျုံ့လာပြီဖြစ်သည်။ အချိန် ၅ နာရီလောက်နဲ့ ရောက်ပေတော့မည်။

လုပ်ငန်းကြီးတွေ ဖြစ်မြောက်စေ
လမ်း-တံတားကောင်းလာပြီဆိုသည်နှင့် စီးပွားရေးအခန်းကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။ တနင်္သာရီ တိုင်းဒေသကြီးတွင် လုပ်ငန်းကြီးနှစ်ခုဖြစ်လာဖို့ရှိနေသည်။ ပထမတစ်ခုက ထားဝယ်- ရေနက်ဆိပ်ကမ်းဖြစ်ပြီး ဒုတိယတစ်ခုမှာ မြိတ် ငါးလေလံဈေးဖြစ်သည်။ ထိုလုပ်ငန်းကြီးနှစ်ခုဖြစ်မြောက်အောင် တိုးဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံပုဂ္ဂိုလ်များကြိုးစား နေကြသည်ဟုဆိုသည်။ အဆိုပါ လုပ်ငန်းကြီးနှစ်ခုထမြောက်အောင်မြင်ပြီးပါက တိုင်းဒေသကြီးအတွင်းစီးပွားရေးအခန်းကဏ္ဍ အများကြီးတိုးတက်လာဖို့ရှိပါသည်။ ဒေသရှိ အခြေခံလူတန်းစားများလည်း အလုပ်ရကြ၍ အဆင်ပြေလာကြမည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများမှာ အချို့အနှိမ်ခံဘဝဖြင့် သွားရောက်အလုပ်လုပ်နေကြသည့် မြန်မာများအဖို့လည်း ကိုယ့်နိုင်ငံကိုယ့်ဒေသမှာ အလုပ်လုပ်ရန် အခွင့်အလမ်းများရရှိနိုင်သဖြင့် လွန်စွာကျေးဇူးများမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ထိုလုပ်ငန်းကြီးနှစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာပါစေဟု ဆန္ဒပြုရပါသည်။

ယာယီဆောက်ထား သစ်သားတံတား
စာရေးသူသည် ထားဝယ်ဇာတိဖြစ်ပြီး မြိတ်မြို့၌ ကြီးပြင်းသူဖြစ်သည်။ အသက် ၁၁ နှစ်အရွယ်ကပင် ထားဝယ်- မြိတ် ခရီးကို သွားလာခဲ့ရသည်။ ၁၃၂၄ ခုနှစ်လောက်က ထားဝယ်မှ မြိတ်ကို စက်လှေကြီးများစီး၍ သွားကြရသည်။ တစ်ညအိပ် ကြာသည်။ ကုန်းလမ်းဖြင့် သွားလည်း တစ်ညအိပ်၍ နောက်တစ်ရက်မှရောက်ကြသည်။ ယခု တံတားခင်းလိုက်သော သမုတ်ဆိပ်မှ ပဲ့ချိပ်ဖြင့် ကျွဲကူးသို့သွားကြရသည်။ နောက်ပိုင်းတွင် လွတ်လွတ်သို့ ဇက်ဖြင့်ကူး၍ မော်တော်ကားဖြင့် ဆက်သွားကြရသည်။ သမုတ်နှင့် လွတ်လွတ် ယာယီသစ်သားတံတားဖြင့် ကူးရသည်လည်း ရှိခဲ့သည်။ တံတားသည် လှုပ်လီ လှုပ်လဲ့ဖြစ်၍ ဘုရားတ၍ ဖြတ်ကူးကြရသည်။

တောတောင်ဖြတ်သန်း ရှောင်ကွင်းလမ်း
ယခင်အစိုးရသည် သမုတ်-လွတ်လွတ်တံတားမဆောင်မီ ရှောင်ကွင်းလမ်းကို ဖောက်လုပ်သည်။ ပထမ မြေလမ်း၊ နောက် ကတ္တရာလမ်း ဖြစ်လာသည်။ တောင်တက် တောင်ဆင်း၊ အကွေ့အကောက် အလွန်များသည်။ သမုတ်ဖြစ်(ချောင်း)ကြီးလုံးလုံး အမြင်ရသည်အထိ တောထဲ ဝင်သွားရသည်။ ရှောင်ကွင်းလမ်းဖွင့်စ ရှေ့ပိုင်းတွင် မိုးတွင်း ထားဝယ်သွားသည့် အခါ ကားနွံနစ်၍ အကြိမ်ကြိမ်တွန်းထိုး၍ သွားခဲ့ရသည်။ တစ်ခါတွင် ထားဝယ်မှအပြန် ရှောင်ကွင်းထဲ ကားပျက်သည်။ ဖုန်းကမရ၊ ဆိုင်ကယ်ရှိသည့် အိမ်ကိုရှာပြီး ဖုန်းရှာသို့သွားရသည်။ မြိတ်သို့ ကားမှာရသည်။ ကားအတော်ကြာမှ ရောက်၍ မြိတ်သို့ ၁၂ နာရီမှ ရောက်ခဲ့သည်။

တည်ဆောက်သူတွေ ကျန်းမာ(ချမ်းသာ)စေ
ယခု “သမုတ် – လွတ်လွတ်တံတားဖွင့်တော့မည်” တဲ့ ဟူသော အသံကို ကြားရသည့်အခါ အလွန်ပင်ဝမ်းမြောက်မိပါသည်။ မဖွင့်ခင်သွားကြည့်လိုက်သေးသည်။ ချဉ်းကပ်လမ်း အပြီးမသတ်သေးပေ။ မကြာခင်သွားရတော့မည်ဟု သိရပြီး ဝမ်းသာကျေနပ်စွာပြန်လာခဲ့သည်။ သမုတ်- လွတ်လွတ် တံတားကြီးကိုကြည့်ပြီး ဦးဆောင်စီမံသူအစိုးရမင်းများနှင့် တံတားတည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ထားဝယ်နှင့် မြိတ်ကား နီးသထက်နီးလာပြီ။ ဒီထက်ပို၍ နီးအောင်ဖြစ်စေချင်သေးသည်။

စာရေးသူ ၂၀၁၅ ခုနှစ်က ဂျပန်ရောက်ခဲ့သည်။ တိုကျိုမှ ၃၂၀ မိုင်ဝေးသော အိုဆာကာမြို့ကို ကျည်ဆံရထားစီး၍ သွားခဲ့သည်။ မိုင် ၃၂၀ ခရီးကို ၂ နာရီခွဲ သာကြာသည်။ ထားဝယ်နှင့် မြိတ် မိုင် ၁၅၀ ခရီးကား တစ်နာရီကျော်ကျော်လောက်သာကြာမည် ထင်သည်။ ထိုခရီး ထိုရထားမျိုးကို ထားဝယ်-မြိတ်ခရီးလမ်းမှာ စီးချင်ပါသေးသည်။ မဖြစ်နိုင်ဘူးလို့ပြော၍ကား မရပါ။ အားလုံးညီညီညာညာ ကြိုးစားကြလျှင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်မိပေသည်။
မော်တောင်ဆရာတော်(မြိတ်)

အယ်ဒီတာ မှတ်ချက်- ဖော်ပြပါ ပေးစာမှာ တနင်္သာရီအပတ်စဉ် အယ်ဒီတာအဖွဲ့၏ အမြင်သဘောထားမဟုတ်ဘဲ ပေးစာရေးပို့သူ၏ အမြင်သဘောထားသက်သက်ဖြစ်ပါသည်။ ဖော်ပြသော ပေးစာများမှာ အယ်ဒီတာအဖွဲ့၏ အမြင်သဘောထားနှင့် သဘောတူခြင်း၊ မတူညီခြင်းတို့ကို ကိုယ်စားပြုခြင်းမရှိပါ။ သက်ဆိုင်ရာ စာဖတ်သူ၊ ပရိသတ်တို့၏ အသီးသီးသော မတူကွဲပြားသော အမြင်ကို ထင်ဟပ်နိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။