ကျန်းမာရေးဝန်ထမ်းများ Mobile Tablet အသုံးပြုနိုင်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

0
163
Dawei Watch, Dawei News, Dawei News Media

အခြေခံကျန်းမာရေးဝန်ထမ်းများ၏ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဒီဇင်ဘာ ၂၃ ရက်နေ့က ကြေညာထားသည်။

Mobile Tablet များတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်နှင့် ကျန်းမာရေးအသိ ပညာပေးစာအုပ်များ၊ ပြည်သူများအတွက် ကျန်းမာရေးသတင်းအချက် အလက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Tablet များကို ထည့်သွင်းပေးထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် Mobile Tablet တွင်ပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်အကြောင်းအရာများကို လေ့လာဖတ်ရှုထားမှုနှင့် Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။

ပြိုင်ပွဲပထမအဆင့်တွင် Mobile Tablet များတွင်ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတသိမှတ် ဖွယ်ရာများကို အွန်လိုင်းမေးခွန်းလွှာဖြင့် စစ်ဆေးကာ အမှတ်အများဆုံးရသူ ၁၅ ဦးကို ရွေးချယ်ပြီး ဒုတိယအဆင့်တွင် ပဏာမရွေးချယ်ထားသူ ၁၅ ဦးကို Mobile Tablet အား လက်တွေ့ကျွမ်းကျင်စွာ အသုံးပြုနိုင်မှုစွမ်းရည်အား စစ်ဆေးမည်ဖြစ်သည်ဟု ကြေညာချက် က ဆိုသည်။

ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် ကျင်းပမည်ဖြစ်ပြီး ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်းခွဲ၊ တတိယဆု ငွေကျပ် နှစ်သိန်းခွဲ အပြင် နှစ်သိမ့်ဆုကို ငွေကျပ် တစ်သိန်းချီးမြှင့်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ပြိုင်ပွဲပြုလုပ်ပေးခြင်းမှာ ကောင်းမွန်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet အသုံးပြုမှုတွင် ပိုမို ကျွမ်းကျင်လာမည်ဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာမှာ ကျန်းမာရေးမှူး(၂) ဦးဟိန်းမင်းထွန်းက ပြောသည်။

“ပြိုင်ပွဲပြုလုပ်တော့ ပိုကောင်းတာ ပေါ့နော်၊ ဒါလေးတွေလည်း ထဲထဲဝင်ဝင် သုံးနေကြတာဆိုတော့ ပိုပြီးတော့လည်း ကျွမ်းကျင်ပိုင်နိုင်လာတာပေါ့” ၎င်းက ဆိုသည်။

ယခင်က ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအတွက် အချက်အလက်များကို လိုက်ရှာနေရသော်လည်း ယခုအခါ Mobile Tablet တွင် ထည့်သွင်းပေးထားသဖြင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရာတွင် ယခင်ကထက် ပိုမို လွယ်ကူမြန်ဆန်လာသည်ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်နှင့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ပိုမိုထိရောက်အောင်မြင်စွာဆောင် ရွက်နိုင်ရန်၊ ထို့အပြင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT)ကို အသုံးချနိုင်သည့်စွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာကာ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော E-Government စနစ် ပီပြင် အောင်မြင် စေရန်ရည်ရွယ်၍ ရည်ရွယ်၍ တိုင်းနှင့် ပြည်နယ်အသီးသီးမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များထံသို့ Mobile Tablet များကို ဖြန့်ဝေပေး ထားသည်ဟု ကြေညာချက်က ဆိုသည်။

Mobile Tablet များကို မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများနှင့် တိုက်နယ်ဆရာများထံ သို့ ၁၀၁၃ လုံးဖြန့်ဝေထားပြီး အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များထံသို့ ၂၆၀၄၉ လုံးဖြန့်ဝေထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

မိုးမြင့်