တိမ်ပင်လယ်ရှိရာ ရပ်ဝန်းသို့

တိမ်ပင်လယ်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ယခုအချိန်အခါတွင် မြို့ပြလူနေမှု မွန်းကြပ်မှုများကြားမှ ရုန်းထွက်ကြရင်း စိတ်အပန်းဖြေ စေနိုင်သည့် ကျေးလက် ရနံ့များရှိရာ နေရာဒေသများသို့ ရွေးချယ် ခရီးသွားလာကြသည်ကို တွေ့ရသည်၊ ယခုတစ်ပတ်နှစ်ပတ်အတွင်းတွင် ကိုဗစ်ကာလ ကန့်သတ်မှုများကို လိုက်နာရင်း ဒေသအတွင်းတွင် “တနင်္သာရီခြေတော် ရာတောင်” သို့ တိမ်ပင်လယ်ကြည့်ရန် တောင်တက်ခရီးသွားခြင်းမှာ လူမှုကွန် ရက်စာမျက်နှာများထက်တွင် ခေတ်စားနေသည်။

ခရီးစဉ်အရ- တနင်္သာရီမြို့အဝင် ရောက်ပြီဆိုသည်နှင့် မိုးထိအောင် မြင့်မားလှသော တနင်္သာရီတောင်စဉ်တောင် တန်းအသွယ်အသွယ်တို့က လက်ချင်း ပေါင်းယှက် ပခုံးချင်းဖက်ထားသည့်နှယ် လှပစွာ တည်တံ့ဝန်းရံနေသည်။ ၎င်းတို့၏ ရင်အုံကြားမှ တနင်္သာရီမြစ်ကြီးနှင့် တနင်္သာရီမြစ်ငယ် နှစ်ဖြာမှာ ငြိမ့်ငြိမ့်လေးဖြင့် အစဉ်အဆက်မပြတ် ပေါင်းဆုံ စီးဆင်းနေသည့် တနင်္သာရီမြစ်ဆုံအလှ ကို စိတ်ကြည်နူးဖွယ် မြင်ကွင်းအနေဖြင့် ရှုမြင်ခွင့်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့်- စိမ်းလန်းသော ဝန်းကျင်၊ သာယာသော သဘာဝအလှများစွာ လွှမ်းခြုံထားသည့် တနင်္သာရီမြို့ပုံရိပ်ကြားမှ ချန်လှပ်ထားရန် မဖြစ်သည့် ရပ်ဝန်းတစ်ခုကိုလည်း ဆက်စပ်တွေ့ရပေဦးမည်။

ယင်းကား တခြားမဟုတ်။ သုံးရာသီပတ်လုံး တိမ်ပင်လယ်အလှများ ဝန်းရံခကာ ငွေနှင်းမြူ ဦးထုပ်ဆောင်းလျက် မှိုင်းတပျပျ တစ်လှည့်၊ စိမ်းတမြမြ တစ်ချီဖြင့် စိမ်းရင့်ရင့် ရောင်သွေးခြယ် ဖြင့် တည်ငြိမ်ခန့်ထည်စွာရပ်တည်နေသော တနင်္သာရီခြေတော်ရာတောင်ဝန်းကျင်အလှပင်ဖြစ်သည်။

တနင်္သာရီမြို့နယ်အနီးတဝိုက်တွင် ပလန်တောင်(၄၇၃၃ပေ)၊ ဖရုံနီတောင် (၄၆၃၂ပေ)၊ ရေချိုတောင်(၄၃၆၅ပေ)၊ မော့တောင် (၄၀၄၀ ပေ)၊ ဖိုးသာသူတောင်(၃၇၀ဝပေ)၊ မုဆိုးမတောင် (၃၁၈၇ပေ)၊ ကျောက်ဖျာတောင်(၂၈၁၀ ပေ)၊ ဒေဝတောင်(၂၇၅၇ပေ)၊ မနိုးလုံး တောင်(၂၄၁၆ပေ) စသော တောင်တန်း များပြီးလျှင် တနင်္သာရီခြေတော်ရာ တောင် (၂၄၁၄ပေ)သည် အမြင့်ဆုံးနှင့် အထင်ရှားဆုံးပင်ဖြစ်သည်။

“ခြေတော်ရာ” ဟုဆိုလိုက်သည်နှင့် ဘုရားရှင်၏ ယာဘက် ခြေတော်ရာတစ် ဆူ တည်ရှိသည့် တောင်တော်ဟု မှတ်ယူ သိရှိနိုင်သည်၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် သမုတ် ချုန်းရွာ ကမ်းလမ်းအပိုင်းတွင် တည်ရှိသည်။ တနင်္သာရီ ခြေတော်ရာတောင်သည် ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်း၍ တစ်နှစ်ပတ်လုံးတွင် နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာသာ တောင်တက်ခရီးသွား နှစ်သစ်ကြိုသော အစဉ်အလာ ရှိခဲ့သော်လည်း ယခုအခါတွင် တောင်ပေါ်အထိ ကွန်ကရက်လမ်း ပေါက်နေပြီမို့ အချိန်အခါမရွေး သွားလာချင်သည့် ခရီးသွားများအတွက် ပို၍ အဆင်ပြေလာသည်။

မြိတ်မှ မနက်စောစော ၃နာရီလောက် စထွက်ပြီး မနက် ၅နာရီ မထိုးမီ နေ့ထွက်အချိန်အမီ တနင်္သာရီခြေတော် ရာတောင်သို့ ရောက်အောင်သွားကြရသည်။ နံနက်ခင်း ဖြူလွှလွှ တိမ်ပင် လယ်၊ တိမ်ကတ္တီဘာများ တောင်ကြော တောင်ကြားတလျှောက် တအိအိဖြင့် ရွှေ့လျားနေသည်ကို မြင်ရရင်ပဲ တကယ့်ကို ဘဝအမော ပြေလျော့သည်က အမှန်ပင်ဖြစ်သည်။ ထွက်သစ်စ ဆောင်းနေ ခြည်နုနုလေးများကို ထိတွေ့ရင်း နတ်ဘုံသို့ ရောက်နေသည့်အလား အပေါ်စီးရှု ခင်းများက တမျှော်တခေါ်ဖြင့် အထူးပင် ကြည်နူးအားရစရာပင်ဖြစ်စေသည်။

မွန်းကျပ်မှုများ ပြေလျော့ရုံသာမက သဘာဝကပေးသော ဘဝခွန်အားများ လည်း ရရှိနိုင်သည်မှာ အမှန်ပင်ဖြစ် သည်။ ထိုတွင်မကပေ။ တောင်ထိပ် ခြေတော်ရာစခန်းမှ ကြည့်လျှင်လည်း သာယာ စိမ်းလန်းငြိမ်းချမ်းသော တနင်္သာရီရိုးမ ဝန်းကျင် ပသာဒအလှ များစွာအပြင် မြိတ်အနောက်မြို့နယ်နှင့် ပင်လယ်ကမ်းခြေကိုပင် အဝေးမှ ရေးရေးလေး မြင်ခွင့်ရနိုင်သည်၊ ထိုတောင်ခါး ပန်းနှင့် တောင်ခြေအရပ်တို့မှ စိမ့်စမ်းရေ ချောင်းဖြစ်သော ဓားသွေးချောင်း၊ လယ် တောင်ယာချောင်း၊ သမုတ်ချုန်းချောင်းငယ်တို့လည်း စတင် ချောင်းဖျားခံရာ အရပ်ပင်ဖြစ်သည်။

မိုးများပြီး ပူအိုက်စိုစွတ်သော ရာသီဥတုကို ပိုင်ဆိုင်ထားသဖြင့် တောင်ထိပ်၊ တောင်ကလပ်၊ တောင်လွှာ အထပ်ထပ်တွင်လည်း ပျဉ်းကတိုး၊ သင်္ကန်း၊ ကံ့ကော်၊ စကားဝါ၊ သပြေ၊ ပျဉ်းမ၊ အောက်ချင်းစာ၊ တောင်သရက်၊ ယမနေ စသော သစ်ပင်များအပြင် ဝါးဘိုး၊ ဝါးယား၊ တပင်တိုင်ဝါး၊ ကြိမ်နှင့် ဆင် တုံးမနွယ်စသော ပရဆေးပင်အမျိုးမျိုး ရှင်သန်ပေါက်ရောက်ရာတောင်တော်မြတ် ဖြစ်သည်။

ထူးခြားချက်အနေဖြင့် တနင်္သာရီ ခြေတော်ရာတောင်၏ သင်္ကေတအမှတ် အသားအပင်တစ်မျိုးဖြစ်သည့် ကြီးမားသော ဒေသအခေါ် “နွယ်ကြာ” ပန်းပွင့် ကြီးများလည်း ပေါက်ရောက်သည်၊ အရွယ်အစားအား အချင်း ၁၈ လက်မ အထိရှိပြီး အလေးအချိန်မှာ ၇ကီလိုဂရမ် အထိရှိသည်။ ထိုပန်းပွင့်ခြောက်များကို ဒေသတွင် လက်ဖက်ခြောက်အနေဖြင့် ကျန်းမာရေးအတွက် ဆေးဖြစ် ဝါးဖြစ် သောက်သုံးကြသည်။ ရှားပါးမျိုးစိတ် ဖြစ်ပြီး အရှေ့တေင်အာရှတွင် အင်ဒိုနီး ရှား၊ မလေးရှား၊ ထိုင်းတောင်ပိုင်းနှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ် ခြေတော်ရာတောင်တွင်သာ တွေ့ရသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် မျိုးစိတ်ပင်ဖြစ်သည်၊ ထို့ကြောင့် ခြေတော်ရာတောင်သည် သဘာဝဝန်းကျင် အနေအထားနှင့် သစ်တောသယံ ဇာတများလည်း လေ့လာနိုင်သော ရပ်ဝန်း တစ်ခုလည်းဖြစ်ပေသည်။

တောင်တော်နှင့် ဆက်နွယ်နေသော သမိုင်းကို လေ့လာကြည့်လျှင်- သုံးလောက သေဌ်နင်း တရားမင်းဖြစ်သော မြတ်စွာ ဘုရားရှင်သည် (၈)ဝါမြောက်၊ မဟာ သက္ကရာဇ်(၁၁၁)ခု၊ တန်ဆောင်မုန်း လတွင် ဂဝံပတိရဟန္တာ၏ လျှောက်ထား ချက်အရ နောက်ပါ ရဟန္တာငါးရာ ခြံရံလျက် သိန်းဃိုဠ်၊ ဆူမတြား၊ မာလာယု၊ ဒွါရဝတီ၊ တနင်္သာရီ၊ သုဓမ္မဝတီပြည် (သထုံမြို့)သို့ ကြွချီတော်မူလာရာ တနင်္သာရီ ကျွန်းတွင် နေထိုင်သော သူတို့ကို မြင် တော်မူလေလျှင် တစ်ချိန်ရောက်က သာသနာထွန်းကားမည်ကို အနာဂတံ ဉာဏ်တော်ဖြင့် သိရှိ၍ ကိုယ်တော်တိုင် ကြွရောက်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီမြစ်ဆုံရှိ မြောက်အရပ် သို့ ဦးကင်းလှည့်ကာ ဆင်ဖြူတော်ဝပ် နေဟန် ကျောက်တုံးပလ္လင်ရှိသော မြဝတ် ဆင်ကုန်းတော်သို့ ဆင်းသက်တော်မူ၍ ခေတ္တမျှ ဖလာသမာပတ်ချမ်းသာဖြင့် ဝင်စားတော်မူ၏။ ဖိုလ်ချမ်းသာမှ ထတော်မူလျှင် တနင်္သာရီနေ လူတို့ထံ ချီးမြှောက်သောအားဖြင့် ဆွမ်းခံတော် မူ၏။ လူအပေါင်းတို့လည်း ကြည်နူး သဒ္ဓါစိတ်ဖြင့် လောင်းလှူကြရင်း သရဏဂုံ တည်ကြကုန်၏။ တနင်္သာရီ ခရင်းသေ အရပ်မှ ဆွမ်းခံပြီးလျှင် နုစဉ်ဘဝများက နေခဲ့ဖူးသော လယ်တော်ယာအရပ် သမန္တကုဋတောင်ကလပ်သို့ ဆွမ်းသုံးဆောင် ရန်ကြွတော်မူ၏။

ဤတောင်ကလပ်ရှိ ဂဇရာဇာဆင်မင်း သဏ္ဌာန် ကျောက်ကုန်းထက်၌ နေသန့် တော်မူကာ သမထတရား ကျင့်ပွားများ နေသည့် သီဟရသေ့နှင့် တနင်္သာရီမြစ် အတွင်းမှ မဏိအက္ခိက နဂါးမင်းတို့ ရောက်လာ၍ ဆွမ်းလုပ်ကျွေးကြလေသည်။ မြတ်စွာဘုရားရှင်သည် သီဟရသေ့ နှင့် နဂါးမင်းတို့၏ တနင်္သာရီပြည်နှင့် ပတ်သက်၍ ထင်ရှားသော သမိုင်းဖြစ်စဉ် ကို မြင်တော်မူ၍ “ဤကောသမ္ဗီထောင့် ကွယ်ပြည်ကြီး ပျက်ပြားတိမ်းပါးခဲ့ပါ လျှင် တနင်္သာရီကျွန်းကို ရာဇဌာနီမင်း နေပြည်ကြီးတည်ထောင် လိမ့်မည်။ လိုဏ်ဂူ ၉၉ပေါက်နှင့် ကြွက်မင်း၏နေပြည်ကား ယင်းပြည်ကြီး၏ သ‌င်္ဘော ဆိပ် မြိတ်မြို့ဖြစ်မည်” ဟု ဗျာဒိတ်စကား မိန့်တော်မူခဲ့သည်ကို တနင်္သာရီရာဇဝင် အစောင်စောင်တို့က ဖော်ပြလေသည်။

တစ်ဆက်တည်းမှာပင် သီဟရသေ့နှင့် မဏိအက္ခိကနဂါးမင်းတို့၏ လျှောက်ထားချက်အရ ဘုရားရှင်သည် သမန္တကုဋ တောင် ကျောက်ကုန်းထက်၌ပါဒစက် တော် ရာကို ချထားတော်မူခဲ့ရာ ယနေ့ တိုင် အထင်အရှား ဖူးမြော်နိုင်ပေသည်။ ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက် ခြင်းသည် ကျက်သရေနှင့် ပြည့်စုံသော ကြောင့် “သာရီ” ဟူသော “ကျက်သရေ တို့တည်ရာ ဒေသ” အဖြစ် ရာဇဌာနီမင်း နေပြည်တော်ဖြစ်ခဲ့သလို ဘာသာသာ သနာလည်း အစဉ်အဆက် ထွန်းပနေ မည်ဖြစ်ပေသည်။ ထိုအရပ် ထိုဝန်းကျင်၊ ထိုလူမျိုးများကိုလည်း ကျက်သရေ နှင့်ပြည့်စုံသော “သာရီ” အမည်တွင်လာ ခဲ့ခြင်းဖြစ်သည်။သမန္တကုဋတောင်ဟူသည် အထက်ဝန်းကျင် အမြင့်၌ရှိသော တောင်၊ မြင့်မားသော တောင်ဟု အဓိပ္ပာယ်ရသည်။ ယခုအခါ ခြေတော်ရာတောင် အဖြစ်ပင် အခေါ်များကြသည်။

ဘုရားရှင် ကြွချီ ဗျာဒိတ်ပေးရာ အထွတ်အမြတ်နေရာအဖြစ် တနင်္သာရီ သမိုင်းတွင်သာမက ထိုင်းနိုင်ငံ၏ နန်းစဉ် ခရီးသွားမှတ်တမ်းတွင်ပင် မှတ်တမ်းပြုထားသော တနင်္သာရီမြို့နယ်ရှိ ခြေတော် ရာတောင်သည် လမ်းပန်းဆက်သွယ်ရေး အနေအထားအရ-ဒေသတွင်းတွင်မူ လူသိနည်းနေခဲ့သည်။

ထိုင်းဘက်မှ ဘုရားဖူးဧည့်သည် များ နှစ်စဉ်မပြတ် လာရောက်ဖူးမြော်ကြသော်လည်း ပြည်တွင်းခရီးသွားလာသူမှာ နည်းခဲ့သည်။တနင်္သာရီတိုင်းဒေသအတွင်း တည်ရှိနေသည့်တိုင် တနင်္သာရီ ခြေတော်ရာတောင်နှင့် နှိုင်းယှဉ်လျှင် ပလစက်တော်ရာတောင်မှာ နှစ်စဉ် ဘုရားပွဲတော်ကျင်းပ၍ ခရီးသွားများဖြင့် စည်ကားလှပေသည်။ သို့သော် တနင်္သာရီ ခြေတော်ရာတောင်သည် သဘာဝပတ် ဝန်းကျင်၊ ရှုမျှော်ရှုခင်းများ စုံလင်စွာပိုင် ဆိုင်ထားပြီး ဘုရားခြေတော်ရာနှင့် ဝန်းကျင်တွင်လည်း သဘာဝအတိုင်း ပုံစံမပျက် ရှိနေသည့်အတွက်ကြောင့် လည်းကောင်း၊ တောင်တော်ပေါ်တွင် သဘာဝအလျောက်ရှိကြသော ဆင်ရုပ်၊ လိပ်ရုပ်သဏ္ဌာန် ကျောက်တုံးကြီးများ၊ “ရွှေမင်းဝံဂူ”၊ “လိပ်ပြာစမ်းဂူ”ကဲ့သို့သော ကျောက်လိုဏ်ဂူများ၊ အပျိုမျှော်စင်၊ လူပျိုမျှော်စင် စသော သဘာဝရှုခင်း ကြည့် တောင်ကလပ် အပန်းဖြေနေရာ များသည် ထူးခြားလှပသော နေရာများဖြစ်သောကြောင့်လည်းကောင်း၊ သုံးရာ သီပတ်လုံး တိမ်စိုင်မြူများဖြင့် တိမ်ပင် လယ်ဖြစ်တည်မှုများ ရှိနေခြင်းကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ထိုထက် ပိုမိုကောင်းမွန်လာသည့် အချိန်ရောက်လာလျှင် တစ်ဆင့်စကား တစ်ဆင့်ကြား၍ ခရီးသွားဧည့်သည်များ အလည်အပတ်များလာမည်မှာ ဧကန်ပင် ဖြစ်သည်။ သဘာဝနှင့် ယဉ်ကျေးမှုကို အခြေခံသော ခရီးသွားလုပ်ငန်းများ တိုးတက်လာလျှင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းတံခါးများ ပွင့်လာမည့်ပုံရိပ်များကို စာရေးသူ ကြိုတင် တွေးမြင်မိပါသည်။

တနင်္သာရီမြို့နယ်သည် ကိုဗစ် -၁၉ ရောဂါကင်းစင်နယ်မြေအဖြစ် ရပ်တည်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်ကုန်ခါနီးအထိ ပင်ဖြစ်သည်။ ဒီဇင်ဘာ ၂၂ရက်မှ တိုင်းကျော် ခရီးသွားဧည့်သည်တစ်ယောက်တွင် ကိုဗစ်ပိုး ပထမဆုံးတွေ့ရှိခဲ့သော်လည်း ယင်းမတိုင်ခင်ကတည်းက အချိန်မီ စောင့်ကြည့်လူနာအဖြစ် ကန့်သတ်ထား ရှိနိုင်ခဲ့သဖြင့် တနင်္သာရီအတွက် အခြေ အနေကောင်းသည်ဟု ဆိုရမှာပင်ဖြစ်သည်။

ယခုအခါတွင် ကိုဗစ်ကာလ ကန့်သတ်ချက်များနှင့်အညီ ညအိပ်ခရီးစဉ်မျိုး မဟုတ်ဘဲ ရက်ချင်းပြန် အပန်းဖြေခရီးအဖြစ် တိမ်ပင်လယ်များရှိရာ ရပ်ဝန်းဖြစ်သော တနင်္သာရီခြေတော်ရာတောင် သို့ သွားလည်နေကြသော ဒေသအတွင်း ခရီးသွားများမှာ များပြားလျက်ရှိပေ သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ခရီးသွားလုပ်ငန်း ပြန်လည်လုပ်ဆောင်ခွင့်ပေးတော့မည်ဟု သိရသဖြင့် ထိုထက်ပိုပြီး သွားလာမှုများ လာနိုင်သည့် နေရာဖြစ်လာနိုင်သည်။

ယခင်က တိမ်ပင်လယ်ဖြစ်ထွန်းမှုကို ကြည့်ချင်လျှင် မြန်မာပြည်မြောက် ဖျားဒေသများ၊ ဟားခါး၊ နောင်ချိုစသော နေရာများအထိ တကူးတက သွားရောက် ကြည့်ကြရသည်။ တခါတလေ ရာသီ ဥတုမကောင်းရင် တိမ်ပင်လယ်ကို တွေ့ရဖို့ရာ ခဲယဉ်းသည်။ ယခုအခါ ဒေသအတွင်းမှာ တောင်တက်ခရီးသွားမှုနှင့်အတူ တိမ်ပင်လယ်ကြည့်ရှုရင်း သဘာဝတရားကို တန်ဖိုးထားကာ ခရီးသွားလာမှုများ များလာသည့်အတွက် အထူးပင် ဝမ်းမြောက်စရာပင်ဖြစ်သည်။

တောင်တက် ခရီးသွားခြင်းမှသည် ကျန်းမာရေးအထောက်အကူပြုနိုင်ရုံ သာမက ဒေသန္တရဗဟုသုတများလည်း ရရှိလာနိုင်သည်။ ဒေသတစ်ခုနှင့်တစ်ခု ရင်းနှီး ချစ်ခင်မှုလည်း တိုးပွားလာနိုင် သည်၊ တိမ်ပင်လယ်ကို အကြောင်းပြု၍ အလှအပ ကြည့်ရုံ ခံစားရုံ၊ ဓာတ်ပုံရိုက် ရုံဖြင့်သာ ပြန်လှည့်လာသည်မျိုး မဟုတ်ဘဲ သဘာဝ တောတောင် ရေမြေ အနေ အထားနှင့် ယဉ်ကျေးမှုအနေအထားများ ကို ဒေသန္တရဗဟုသုတအဖြစ် လေ့လာ ရင်း “လိပ်ဥလည်း တူးရင်း ဘုရားလည်း ဖူး” နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း တိမ်ပင်လယ်ရှိရာ တနင်္သာရီခြေတော်ရာ တောင်အကြောင်း တင်ပြလိုက်ပါသည်။