ဒိုးတော့ ငဗစ်

0
1009
ဒိုးတော့ ငဗစ်

“ကျေးရွာအတွင်းမှာ ရှိတဲ့ လုပ်သား ပြည်သူအပေါင်းတို့ခင်ဗျား”

ဟော ဒို့ရွာက မိုက်ခဲကြီး အသံပါလား ဘာများ ပြောမလို့ပါလိမ့်။
“မနက်ဖြန် ရွာရှင်တော် ဖိုးဖိုးကြီး အား ပူဇော်ပသမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျေးရွာအတွင်းနေ ပြည်သူ အပေါင်း သဒ္ဒါတတ်အား နည်းများမဆို ပါဝင်လှူဒါန်း ကြပါရန်နှင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား။”

“နတ်ကီးတယ်ဟာ နတ်စာပေးဇား ဟို့ခံဗျား”

မိုက်ခဲ ထုံးစံ အဲလိုလေး ကွန့်လိုက်ရမှ။ ဘာလိုလိုနဲ့ နတ်တော်လတောင် ရောက်လာမှကိုး။ ကိုဗစ်ကြီးကြောင့် အလုပ်တွေရပ်ထားရပေမယ့် အချိန်ခရီးကတော့ သွားမြဲ သွားနေတာပါပဲလား။ နတ်တော်လဆန်းဆို ကျွန်မတို့ရွာမှာ ရွာတော်ရှင် နတ်ပွဲ ကျင်းပလေ့ရှိတယ်။

ကျွန်မတို့ရွာ နတ်ပွဲကတော့ ရိုးရှင်း ပါတယ်။ ပွဲနေ့မတိုင်ခင် နတ်ကွန်းပရဝဏ် (ရှင်ဂီးအီ)ကို ဆေးအသစ် သုတ်ပါတယ်။ ကန့်လန့်ကာ အသစ်တွေလည်း လဲပါတယ်။ ငဗစ်ရေ မင်းဘာသာ ဘာဖြစ်ဖြစ် ငဒို့တော့ ရိုးရာ မပျက်စေရဘူးဟေ့လို့ မနက်လင်းတာနဲ့ ကိုကြီးကျော် နတ်ဒိုးနဲ့ တရွာလုံးကို နှိုးပါတယ်။ ရွာကလူတွေ တစ်အိမ်ကို ဆန်နည်းနည်းစီနဲ့ ပိုက်ဆံ တတ်နိုင်သလောက် လာလှူကြပါတယ်။ ရပ်ရေးရွာရေးမှာ ပိုတက်ကြွတာတော့ ရွာအနောက်ပိုင်းက ပိုပါတယ်။ ဒါပေသိ နတ်ကွန်းက ရွာအရှေ့ပိုင်းမှာ ရှိတော့ အရှေ့ပိုင်းကလည်း မနေသာတော့ဘူးပေါ့။ အရှေ့နဲ့ အနောက် တစ်နှစ်တစ်ခါ ပေါင်းစည်းတဲ့ ပွဲဆိုလည်းမမှားဘူးပေါ့လေ။

မနက်မိုးလင်းကတည်းကနေ ဆယ်နာရီလောက်အထိ မုန့်ကြာစိ (ထားဝယ် အခေါ် မုရင်ဖော်) လုပ်ရပါတယ်။ ဒီနှစ်တော့ လူပါးတယ်ပေါ့လေ။ ဝါးခုတ်ပြီး ဖိုးရှင်ကြီးအတွက် နတ်ကွန်းအသစ်လေး စတိသဘော ဆောက်ပေးရတယ်။ ပီးတော့ ငှက်ပျောဖက်ခင်းတဲ့ ဗန်းတွေ ပန်းကန်တွေထဲ အုန်းငှက်ပျော၊ ပုစွန် လှော်၊ မုန့်ဖြူ၊ မုန့်နီ၊ ကြံ၊ ကွမ်းသီး ကွမ်းရွက်၊ မုန့်ဒိုးခွာ၊ ထမင်း ပေါက် ပေါက်၊ ပိုက်ဆံ ထည့်ပြီး ပူဇော်ပသ ဆုတောင်းကြရတယ်။ နတ်ကွန်းအပြင် ဘက်မှာလည်း ပူဇော်ပသသေးတယ်။ နတ်ဆရာတွေက တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်းဆောင်ရွက်ကြတယ်။

ကလေးတွေက ကြွပ်ကြွပ်အိတ် ကိုယ်စီနဲ့ အနားမှာ ထိုင်ပြီး ဖယောင်းတိုင် မီးငြိမ်းချိန်ကို့စောင့်နေကြတာပေါ့။ နတ်စာ အထုပ်ကလေးတွေကိုယ်စီ ကိုင်ပြီး ကလေးတွေ ပျော်နေတဲ့ မြင်ကွင်းဟာ ငေးကြည့်လို့အကောင်းဆုံး အချိန်တွေပဲ။

ပြီးတာနဲ့ နတ်ဆရာ ကလေးတွေ ကူလုပ်သူတွေ အနီးအပါး ဖြတ်သွားသူတွေကို ထမင်းကျွေးပါတယ်။ ကြက်သားဟင်း မုန်လာချဉ်ဖတ် ငပိထောင်း ငါးခြောက်ကြော်နဲ့ ကျောက်ဖရုံသီး ဟင်းချိုကိုပဲ နှစ်တိုင်းချက်ရပါတယ်။ ထုံးစံလို့ ပြောတာပါပဲ။

ထမင်းစားပြီး ပြန်တဲ့သူတွေ လက်ထဲမှာတော့ မုရင်ဖော် အထုပ်ကိုယ်စီနဲ့ပေါ့။
အိမ်က သမီးက အမေ ရွာပိုင်တွေထဲမှာ ကြမ်းတဲ့ သူတွေလည်း ရှိသလားတဲ့။ ဘာလို့မေးတာလည်း ဆိုတော့ ကလေးတွေက အဲမှာပဲ တစ်ချိန်လုံး ဆော့ကစားနေကြတာ နတ်ကွန်းအပေါ်လည်း တက်ထိုင်ဆော့နေကြတာပဲ။

ရွာက ဖိုးရှင်က သဘောကောင်းသူတဲ့ ဖြစ်ရမယ်တဲ့။ အနီးအပါးက ကလေးတွေကတော့ ကျောင်းပိတ်ချိန်ဆို အရိပ်အာဝါသ ကောင်းတဲ့ နတ်ကွန်းထဲဆော့ ကြတာများတယ်။ အခုတော့တစ်နှစ်ပတ် လုံးပေါ့။

ရွာ သက်ကြီးရွယ်အိုတွေကတော့ ဖိုးရှင်က ရွာကို တကယ်စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ ရွာကလည်း အေးချမ်းပါတယ် အမှုအခင်း သိပ်မရှိသလောက်ပဲ။ ခရီးသွားခါနီး မနက်ဆို ရှင်ဂီးအီမှာ ဖယောင်းတိုင် မီးလေးထွန်းပြီး သွားလမ်းလာလမ်း သာစေဖို့ ဆုတောင်းကြတယ်။ တစ်နှစ်ပတ်လုံးလည်း အုန်းငှက်ပျောပွဲပေးသူတွေနဲ့လည်း စည်ကားတာတော့အမှန်။ ထားဝယ်အခေါ် ပွဲဆက်တာပေါ့လေ။

အိမ်ကအဖေကတော့ ဖိုးရှင်က အုန်းငှက်ပျောပဲ ကြိုက်တယ်ထင်လား ဆိုပြီး တစ်ခါတလေ Sponsor ဗူးလေး ကိုင်ပြီး သွားဆက်တတ်တယ်။ အုန်း ငှက်ပျောကတော့ ကျွန်မတို့အိမ်က ဆက်တဲ့ အလေ့မရှိတာ ကြာပြီ။

ကြားဖူးတာက တခြားရွာတွေဆို နတ်ပွဲကျင်းပရင် ဇာတ်ပွဲတွေပါပေးရသတဲ့။ ဖိုးရှင်က ကြမ်းတယ်ဆိုပဲ။ လူတွေ ဇာတ်ကြည့်ချင်တာနဲ့ပဲ ဖိုးရှင်ကို လွှဲချ ကြသလားမသိပါဘူး။ နတ်လည်း အလွဲသုံးစား လုပ်ခံရတာပဲလားမသိ။

အခုနှစ် ငဗစ်မွှေတော့ ဇာတ်လည်း ဘယ်ကရတော့မလဲ။ ဒီနှစ် ဇာတ်တွေလည်း အတော့ကို အထိနာမှာပဲ။ နတ်ပွဲမှာ လူသုံးဆယ်ထက်ပိုရင် အရေးယူ မယ်ဖတ်ရတာပဲ။ စားဝတ်နေရေးခက်ခဲ ကြတာတော့ နယ်ပယ်အသီးသီးပါပဲ။ အိမ်နားက လက်မလည်အောင် ရောင်းရတဲ့ ကွေ့တီယို ဆိုင်ဟာခုတော့ ပွဲနှစ် ဆယ်လောက်ရောင်းထွက်ဖို့ အနိုင်နိုင်။

ရွာဈေးဟာ ရှစ်နာရီကျော်ဆို ခြောက်ကပ်လို့။ ရာဘာအစေးခြစ်သမားတွေက ရာဘာဈေးကျလို့ ညည်း၊ သီဟိုဠ်ကလည်း ရာသီ အပြောင်းအလဲကြောင့် ဒီနှစ် အထွက်များဖို့ မမြင်ဘူးတဲ့။ ကိုယ်တွေကကော အွန်လိုင်းကပဲ ဈေးရောင်းရမလား ကြက်ဥကို ပုံစံအမျိုးမျိုးနဲ့ ပြုတ်ပြီး လည်ရောင်းမလား တွေးနေရပြီ။ အခြေခံလူတန်းစားများရဲ့ ကိုဗစ်အရေး ရတက် မအေးရပုံကို အင်တာဗျူးရရင် အတူဖက်ငိုကြရဖို့က ပိုများတယ်။

နတ်ဆရာတွေတော့ ဘယ်လို ဆုတောင်းကြမလဲ။ ရွာအေးချမ်းသာယာဖို့ စီးပွားလာဘ်လာဘ ပေါများစေဖို့ ဘေးရန်အပေါင်း ကင်းဝေးစေဖို့ ဆုတောင်းကြမလား။ ကျွန်မတော့ ရွာရှင်ကြီးရယ် နတ် ဒိုးသံနဲ့ ငဗစ်လွင့်သွားအောင် မောင်းထုတ်ပေးပါလို့ ထည့်ဆုတောင်း ပေးဖို့ မျှော်လင့်မိတယ်။

လူတွေ မောလှပြီ။

စိမ်း