နာတာရှည်ထားဝယ်မြေယာ ပြဿနာ တိုင်းလွှတ်တော်ကွင်းဆင်းစစ်၊ တွေ့ရှိချက် အစီရင်ခံစာကို ဇန်နဝါရီလကုန်အပြီး ပြုစုမည်

0
421
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်း နာတာရှည်ရောဂါ သဖွယ်ဖြစ်နေသည့် ထားဝယ်မြေယာ ပြဿနာကို တိုင်းလွှတ်တော်၏ မြေယာ အငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လာမည့်နှစ် ဇန်နဝါရီလကုန်အပြီး ပြုစုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

အစိုးရနှစ်ဆက်တိုင် မဖြေရှင်းနိုင်သည့် ယင်းပြဿနာကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပါဝင်သည့် အထက်ပါအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထားဝယ်မြို့၊ ကမြောကင်းလမ်း တစ်ဖက်တစ်ချက်ရှိ လယ်ယာမြေများကို မြို့ပြအကောင်အထည်ဖော်ရန် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက သိမ်းဆည်း ထားခဲ့သည်။

အဆိုပါ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအစိုးရ လက်ထက်မှ လက်ရှိ NLDအစိုးရ လက်ထက်အထိ ပြေလည်မှုမရသေးဘဲ မူလပိုင်ရှင်ဟုဆိုသည့်လယ်သမားများမှာ လက်ရှိအချိန်ထိ တရားစွဲဆိုခံနေရ ဆဲဖြစ်သည်။

ထိုကဲ့သို့ အခြေအနေတွင် လယ်သမားများက ၎င်းတို့၏ အခက်အခဲကို ကူညီ ဖြေရှင်းပေးရန် တိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသည့် မြေယာအငြင်းပွား မှုစောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ထံ စာပို့တိုင်ကြားခဲ့ကြသည်။

လက်ရှိ အငြင်းပွားနေသည့် မြေယာပြသနာများနှင့် ပတ်သက်၍ နှစ်ဦး နှစ်ဖက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ကွင်းဆင်းစိစစ်ပြီး တွေ့ရှိချက်အစီ ရင်ခံစာပြုစုရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ထိုကြောင့် ကွင်းဆင်းထားသည့် တွေ့ရှိချက်အစီရင်ခံစာကို လက်ရှိလွှတ် တော်သက်တမ်းမကုန်ဆုံးမီ အပြီးသတ်ပြုစုမည်ဖြစ်ပြီး တိုင်းအစိုးရထံ ပေးပို့ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိလွှတ်တော်၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

နောင်တက်လာမည့် အစိုးရအနေဖြင့် ထိုအစီရင်ခံစာအပေါ် အခြေခံကာ ပြဿနာဖြေရှင်းရမည့်သဘောဖြစ်ကြောင်း ဦးခင်မောင်အေးက ရှင်းပြသည်။

“ရည်ရွယ်ချက်ကတော့ သူတို့ (လယ်သမား)လည်း မနစ်နာစေဘူး။ ဟိုဘက်(လက်ရှိပိုင်နေသူ)လည်း မနစ်နာဘဲ အေးအေးဆေးဆေး ငြိမ်ငြိမ် သက်သက်နဲ့ ကျေကျေနပ်နပ်နဲ့ဖြစ်သွားရင် ပြီးပြီ။ ပြီးလို့ရှိရင် ဥပဒေနဲ့အညီ လည်းဖြစ်ရမယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

အစိုးရနှစ်ဆက်တိုင် အငြင်းပွားလာသည့် ထားဝယ်မြေယာပြဿနာများကို တိုင်းလွှတ်တော်အနေဖြင့် ယခုမှ ကွင်းဆင်းစိစစ်ရခြင်းမှာ မြေယာအငြင်း ပွားမှုဖြေရှင်းရန် တိုင်းအစိုးရမှဖွဲ့စည်းပေးထားသည့် အဖွဲ့များရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေယာအငြင်းပွားမှုပြသနာနှင့် ပတ်သက်၍ တိုင်းလွှတ်တော်အနေဖြင့် စိတ်ဝင်တစား ကွင်းဆင်းစိစစ်ခဲ့သည့်အပေါ် ကျေနပ်အားရကြောင်း သိမ်းဆည်း ခံလယ်သမားတစ်ဦးဖြစ်သူ ဒေါ်ရွှေစင်ယု က ပြောသည်။

“အစိုးရအဖွဲ့ကိုလည်း ဒီလိုမျိုး စိတ်ဝင်တစားဖြစ်အောင် တိုက်တွန်းပေး ပါ။ ပြဿနာကြီးတစ်ခုက အဲလိုမျိုးထား ထားတာက အဆင်မပြေဘူး။ အဖြေရှိ တာပဲ။ အဲဒီအဖြေအပေါ်မှာလည်း ကြိုဆိုဖို့အသင့် လက်ခံဖို့ အသင့်ပါ” ဟု ဒေါ်ရွှေစင် ယုက ဆိုသည်။

လက်ရှိတွင် သိမ်းဆည်းမြေယာအငြင်းပွားမှုနှင့်ပတ်သက်၍ လယ်သမား ငါးဦးကို ဖမ်းဆီးထားပြီး နှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ထားသည်။

ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလပိုင်ရှင် ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိ ပိုင်ရှင်ဟု ဆိုသူများက အမှုဖွင့်ထားခြင်း ဖြစ်သည်။