စည်းကမ်းမဲ့အမှိုက်ပစ်သူကို ကင်မရာဖြင့်စောင့်ကြည့်ရန် စီစဉ်

0
223
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူကို စောင့်ကြည့်ရန်အတွက် လုံခြုံရေးကင်မရာ (CCTV) အလုံး၂၀ တပ်ဆင်ရန် လျာထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

စည်းကမ်းမဲ့ အမှိုက်လာပစ်လေ့ရှိသည့် နေရာများတွင် ရွေ့လျားစနစ်ဖြင့် တပ်ဆင်နိုင်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ်သိန်း ၇၀ သုံးစွဲရန် လျာထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

“အဖြစ်များတဲ့နေရာတွေမှာ တပ်မှာ။ ပြီးလို့ရှိရင် တကယ်စည်းကမ်းကျ သွားရင် ပြန်ဖြုတ်မှာပေါ့” ဟု အမှုဆောင် အရာရှိက ပြောသည်။

ယင်း စောင့်ကြည့်ကင်မရာများကို ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ အထိ)တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလကလည်း မီးပွိုင့်လမ်းဆုံများနှင့် မြို့တွင်း နေရာအချို့တွင် CCTV ကင်မရာ ၃၃ လုံးကို စည်ပင်သာယာရေးအဖွဲ့က တိုင်းအစိုးရရန်ပုံငွေဖြင့် တပ်ဆင်ခဲ့ဖူးသည်။

သို့ရာတွင် တပ်ဆင်ထားသည့် CCTV ကင်မရာအချို့မှာ အရည်အသွေး မကောင်းသည့်အတွက် CCTV မှတ်တမ်း ပြန်ကြည့်ချိန်တွင် ထင်ထင်ရှားရှား မြင် တွေ့ရခြင်းမရှိပေ။

မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများကို ရန်ကုန်မြို့ အခြေစိုက် Myanmar Novel Icon ကုမ္ပဏီက တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး အာမခံ နှစ်နှစ်(သဘာဝဘေးမပါ) ပေးထားကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားခဲ့သည့် ဦးလှမျိုး က ပြောဆိုထားသည်။

သို့ရာတွင် CCTV ကင်မရာအချို့မှာ တပ်ဆင်ပြီး လအနည်းငယ်အကြာတွင် ပျက်ယွင်းသွားခဲ့သော်လည်း လာရောက် ပြုပြင်ခြင်းမရှိခဲ့ပေ။