သယံဇာတ တူးဖော်ထုတ်ယူမှု စာချုပ်များ အများပြည်သူသို့ ထုတ်ဖော်ရန် သမ္မတ ညွှန်ကြား

0
208
Dawei Watch, Dawei News, Dawei News Media

ဓာတ်သတ္တု၊ ပုလဲ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ တွင်းထွက် သယံဇာတ တူးဖော်သည့်လုပ်ငန်းများ ၏ စာချုပ်စာတမ်းများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ပေးရတော့ မည်ဖြစ်သည်။

အထက်ပါစာချုပ်များအား လာမည့်နှစ်သစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စကာ အများပြည်သူသိရှိစေရေး ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ရန် နိုင်ငံတော် သမ္မတက ယခုလဆန်းပိုင်းက အမိန့်ထုတ်ပြန်ထားသည်။

တွင်းထွက်သယံဇာတတူးဖော်ခြင်း လုပ်ငန်းဆိုသည်မှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ဓာတ်သတ္တု၊ ပုလဲ၊ သစ်တော၊ ကျောက်မျက်ကျောက်စိမ်း စသည် တို့ကို ရှာဖွေတူးဖော်သည့် လုပ်ငန်းများ ပါဝင်သည်။

အထက်ပါလုပ်ငန်းများနှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးအဆင့် အစိုးရဌာန နှစ်ဖက်သဘောတူညီမှုဖြင့် ချုပ်ဆိုထားသော စာချုပ်များ၊ လိုင်စင်များ၊ သဘောတူညီမှုများကို ထုတ်ပြန်ရမည်ဖြစ်သည်။

ယင်းစာချုပ်များကို မြန်မာ MEITI ရုံး၏ ဝက်ဘ်ဆိုက်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနများ၏ ဝက်ဘ်ဆိုက်များတွင် ထုတ်ပြန် ကြေညာရမည်ဖြစ်သည်။

EITI (တွင်းထွက်သယံဇာတ တူးဖော်ထုတ် လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင် ရေးလုပ်ငန်းစဉ်) ၏ စံနှုန်းသတ်မှတ်ချက် တစ်ခု ဖြစ်သည့် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအတွက် ယင်းသို့ ထုတ်ပြန်ရန် ညွှန်ကြားခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်များထုတ်ပြန်ပါက တူးဖော် ထုတ်လုပ်မည့်နေရာ၊ တူးဖော်ထုတ်လုပ်မည့် ပဏာမ၊ ကုမ္ပဏီနှင့်ပတ်သက်သည့် အချက်အလက်များ၊ မြေပြင်အခြေအနေကိုပါ ပြည်သူများ သိခွင့်ရနိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာ မိတ်အဖွဲ့(MATA) တနင်္သာရီတိုင်း ညှိနှိုင်းရေးမှူး ဦးအောင်လွင်က ပြောသည်။

ထို့အပြင် စာချုပ်ပါအချက်အလက်နှင့် မြေပြင်တွင် ကွဲလွဲချက်များကို လူထုနှင့် အရပ်ဘက် အဖွဲ့အစည်းများက စောင့်ကြည့်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုမျိုးထုတ်ပြန်လိုက်တာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီခေတ်အဆက်ဆက် သယံဇာတတူးဖော်မှုတွေသည် ဘယ်သူ့ကို Permit (လုပ်ကိုင်ခွင့်)ဘယ်လောက်ပေးပြီးတော့ ဘာတွေထုတ်ပြီး ဘာတွေရပြီးတော့ ဘယ်လို စီမံခန့်ခွဲ နေတယ်ဆိုတဲ့ဟာက ဘယ်အချိန် တုန်းကမှ မသိခဲ့ရဘူးလေ” ဟု ဦးအောင်လွင်က ပြောသည်။

၂၀၁၉ ခုနှစ် စာရင်းအရ တိုင်းအတွင်း ကျောက်မီးသွေး၊ ထုံးကျောက်၊ ဖန်ချက်သဲ၊ ခဲမဖြူ အဖြိုက်နက်၊ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်၊ ဂေါဒန်၊ သလင်း စသည့်သတ္တုများထုတ်လုပ်ရန် အကြီးစား သတ္တုလုပ်ကွက် ၁၉ ခု၊ အသေးစားသတ္တုလုပ်ကွက် ၃၄ ခုကို ပြည်ထောင်စုမှ ခွင့်ပြုပေးထားသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်း ပုလဲမွေး မြူရေးလုပ်ငန်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ငန်းများလည်း ရှိသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများနှင့် စာချုပ် တွင်ပါဝင်သည့် အချက်အလက်များအကြောင်းကို ပြည်သူလူထုက သိရှိရန်မှာ ခက်ခဲနေသေးသည်။

တနင်္သာရီတိုင်းဒေသကြီး သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထွဋ်ကလည်း ယင်းကဲ့သို့ စာချုပ်ထုတ်ပြန်မည့်အပေါ် ကြိုဆိုသည်ဟု ပြောသည်။

ယခုကဲ့သို့ စာချုပ်စာတမ်းများ အများသိရှိစေရန် ထုတ်ပြန်ရသည့်အပေါ် ကုမ္ပဏီအတွက် အခက်အခဲ တစ်စုံတစ်ရာ မရှိသည့်အပြင် အခွန် အခပေးသွင်းမှုအပေါ်တွင်လည်း အများပြည်သူ ပွင့်လင်းစွာ သိခွင့်ရလာမည်ဖြစ်ကြောင်း ဦးသန်းထွဋ် က ဆိုသည်။

“ကောင်းတာတော့ ကျွန်တော်တို့ စာရင်း ဇယားလည်း ဘယ်လိုပြောမလဲ၊ မှန်မှန်ကန်ကန်လေး ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ တူးဖော်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် စာချုပ်စာတမ်းများ သိရှိခွင့်ရသော်လည်း တူးဖော်ထုတ်လုပ်နေသည့် တကယ့်မြေပြင်တွင် အပြောင်းအလဲဖြစ်စေရန် အစိုးရအနေဖြင့် စီမံခန့် ခွဲမှုနည်းလမ်းအသုံးပြုပြီး လုပ်ဆောင်သင့်ကြောင်း MATA ၏ တနင်္သာရီတိုင်း ညှိနှိုင်းရေးမှူး ဦးအောင်လွင်က ဆိုသည်။

တစ်ဖက်တွင်လည်း သယံဇာတတူးဖော်ထုတ် လုပ်ခြင်းနှင့်ပတ်သက်သည့် စာချုပ်စာတမ်းများကို မဖြစ်မနေထုတ်ပြန်ပေးရမည် ဖြစ်သည့်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် မိမိဒေသတွင် သယံဇာတ လာရောက်တူးဖော်နေသည့် လုပ်ငန်းနှင့်ပတ်သက်၍ အချက်အလက် ကိန်းဂဏန်းများကို တရားဝင်သိရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တူးဖို့ပြောထားတာက တစ်နေရာ၊ ပေးဖို့ ပြောထားတဲ့ အခွန်ပမာဏက တစ်မျိုး၊ တကယ် ပေးနေတာက တစ်မျိုး၊ တကယ်တူးဖို့ ပြောထားတဲ့ပဏာမက တစ်မျိုး၊ တကယ်ထုတ်လုပ်နေတဲ့ ပုံစံကတစ်မျိုး ဆိုတဲ့ဟာ တိတိကျကျ ပိုပြီးတော့ ခိုင်ခိုင်မာမာထောက်ပြလို့ ရမှာပေါ့နော်”