ဆိုင်ပြန်ဖွင့်ချင်တယ်

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကမ်းခြေစားသောက်ဆိုင်များ၏ အသံ

ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့ရာ ယင်းကမ်းခြေများအား အမှီပြု၍ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှာ အခက်တွေ့နေခဲ့ကြရသည်။ ယခုတစ်ပတ်တွင် မောင်းမကန်ကမ်းခြေမှ စားသောက်ဆိုင်အချို့၏ ရင်ဖွင့်စကားသံတို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးယူဆန်း(ဝတ်ရည်လှိုင်း စားသောက်ဆိုင်)

ဆိုင်ပိတ်တဲ့နေရာမှာ ကမ်းခြေမှာက မြို့နဲ့ မတူဘူး။ ပါဆယ်ရောင်းပြန်လည်း သောင်ပြင် မယူရ ကိုယ့်အိမ်ကို ယူပြီးစားရမယ်ဆိုတော့ ဘယ်သူက ယူသွားမလဲ။ အခုချိန်မာတော့ လုပ်ငန်းက ရပ်နေတဲ့သဘောရှိတာပေါ့။

စည်ပင်နဲ့ ကျန်းမာရေးက သတ်မှတ်ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းအတိုင်း ပြင်ဆင် ထားခိုင်းတာရှိတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် လောက်ကတည်းကပေါ့။ အခုထိလုံးဝ ရောင်းချခွင့် မပြုသေးဘူး။ ပါဆယ်ဆိုလည်း သောင်ပြင် မှာစား၊ ပါဆယ်နဲ့ လွတ်လွတ်လပ်လပ် ရောင်းချ ခွင့်ပြုစေချင်ပါတယ်။


ဒေါ်ရီရီခင်(ကံ့ကော်ဖြူ စားသောက်ဆိုင်)

တော်တော်လေးခက်ခဲပါတယ်။ ချေးငှားပြီး ဖြေရှင်းနေရတာပေါ့။ စားဝတ်နေရေးကို။ ခုဆို အိမ်မှာရှိတဲ့ ဆိုင်ကယ်လေးကို ပေါင်ပြီး စားနေရ တာပါ။

ကျွန်မတို့ ပွင့်ပွင့်လင်းလင်းပဲ ရောင်းချင်ပါတယ်။ အဲဒါမှလည်း ပြေလည်မယ်။ အတိုးချည်းကို တစ်လ ငါးသာင်းကျော်၊ ဖြစ်နိုင်ရင် ငွေချေးအဖွဲ့တွေ အနေနဲ့ဆိုင်းငံ့ထားစေချင်ပါတယ်။ သူတို့က ဆိုင်းငံ့မပေးတဲ့အခါကျတော့ ပေးရတယ်လေ၊ ကျွန်မတို့ စားဖို့အထဲက။ အခုတော့ အရမ်းခက်ခဲ တာပါ့ရှင်။


ဦးကြာသစ် (အောင်ဟင်္သာ စားသောက်ဆိုင်)

အခက်ခဲတွေကတော့ ပြောမနေပါနဲ့။ အစား အသောက်ပေါ့။ ဝင်ငွေမရှိတဲ့အခါပေါ့လေ။ ကလေး ရှိတဲ့သူတွေကျတော့ ပိုဆိုးပေါ့လေ။ ချေးသုံးနေရ တော့ မဆပ်နိုင်တဲ့အခါ သူတို့ကလည်း ထပ်မှတ် တယ် ပေါ့လေ။ ခက်ခဲတာပေါ့ကွယ်။

ဦးတို့ဆိုင်ပြန်ဖွင့်ချင်တယ်။ စည်းကမ်းသတ် မှတ်ချက်နဲ့ အညီပါ့။ ဦးတို့မှာ မျက်နှာဖုံး၊ အပူချိန် တိုင်းစက်၊ လက်ဆေးရည်ကအစ အားလုံးပြင်ထားတာပါ။ အတိုးနှုန်းသက်သက်သာသာနဲ့ အစိုးရအနေနဲ့ ငွေချေးပေးစေချင်ပါတယ်။ အပြင်မှာထက် စာရင် ဦးတို့ခံသာတာ ပေါ့ကွယ်။


မသန်းသန်းအေး (လင်းဆက်ဦး စားသောက်ဆိုင်)

မိသားစုစားဝတ်နေရေးပေါ့၊ အ‌ဓိက။ အများ ကြီးပါ။ ကျွန်မတို့မှာ အလုပ်သမားတွေရှိတယ်။ သူတို့လည်း အပြင်ထွက်မလုပ်ကြဘူး။ ဆိုင်ဖွင့်ခွင့် ရဖို့ကိုပဲ မျှော်နေကြတာပါ။ ရက်ကြာလာလေ စားဖို့လိုလာလေပဲ။ ချေးရတော့တာပေါ့။

အနည်း ဆုံး အလုပ်သမားပါ ခုနစ်ယောက် စားဖို့လိုတယ်။ တစ်နေ့ တစ်သောင်းတွက်ကြည့်၊ အခုပဲ သုံးလ လောက်ရှိနေပြီ။ အတိုးနဲ့တောင်မလွယ်ပါဘူး။

အခုဝါးတားဂိတ်ဖွင့်လိုက်တော့ ဧည့်သည် တွေကလာပြီ။ အစ်မတို့က မရောင်းရဲသေးဘူး။ ရောင်းပြန်တော့လည်း ဥပဒေနဲ့ငြိမယ်။ ခိုးလည်း မရောင်းချင်ဘူး။ လွတ်လွတ်ကင်းကင်း ပါဆယ်ဆိုလည်း ပါဆယ်ပေါ့။ ခွင့်ပြုပေးစေချင်တယ်။ စည်ပင်ကိုလည်း အမြန်ဆုံးရောင်းချခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်။

တတ်နိုင်သလောက် ကျွန်မတို့ဘက်က ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာပါ့မယ်လို့။ အတိုးနည်းနည်းနဲ့ အစိုးရဆီက ငွေချေးပေးရင် ပိုပြီးကောင်းတာပေါ့။


‌မဝေ (ဖွေးဖွေးအိမ် စားသောက်ဆိုင်)

ခက်ခဲတွေကတော့ ပြောမနေပါနဲ့တော့ရှင်။ ဆိုင်မရောင်းရတော့ ငွေက ဘယ်ကလာမှာလဲ။ စားဝတ်နေရေးက ရှိသေး၊ သုံးလစားဖို့ တစ်နေ့ တစ်သာင်း။ အခုသုံးလနီးပါးရှိနေပြီ။ ဆိုင်မရောင်း ရတော့ ချေးရတာပေါ့၊ အတိုးနဲ့။ ပိုးကူးမှာကတော့ အားလုံး ကြောက်ကြတယ်။ ဒါပေမဲ့ စားဝတ်နေရေး အတွက် ဘယ်သူလာပေးမလဲ။ အတိုးဆိုတဲ့ လူသတ်နည်းက ကြောက်စရာ တော်တော်ကောင်းတယ်။ အငတ်ခံလို့မရတဲ့အတွက် အတိုးကြီးကြီးနဲ့ ချေးစား ရတော့တာပေါ့။

ဈေးရောင်းရမှ အဆင်ပြေမှာလေ။ ကမ်းခြေ လည်ပတ်ခွင့် ပေးမယ်ဆိုရင် ပါဆယ်ဖြစ်ဖြစ် ရောင်းခွင့် ပေးချင်တယ်။ ဆိုင်ထိုင်အနေနဲ့ တစ်ဝိုင်းကို နှစ်ယောက်ဖြစ်ဖြစ်ပေါ့။ စည်းကမ်းလေးတွေသတ်မှတ်ပြီး ရောင်းချခွင့်ပေး စေချင်ပါတယ်။ ကျွန်မတို့မှာ အခု အပူချိန်တိုင်းစရာလည်း ဝယ်ထားတယ်။ လက်ဆေးရည် ဘေစင်မှ အစပြင်ဆင်ထားတာပေါ့။ ဒီလကုန် ဖွင့်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြန်မြန် ပဲ ဖွင့်စေချင်ပါတယ်ရှင်။ ရေရှည် ဒီအတိုင်းဆို မလွယ်ပါဘူး။


ဒေါ်ရီထွေး (ကမ်းခြေတစ်လျှောက် ခေါင်းရွက်ရောင်းသူ)

အခက်ခဲပေါင်းစုံပေါ့။ ကျွန်မ ပြောပြချင်လို့ပါ။ အခု ကျွန်မ ဈေးမရောင်းရတာ့ ဆန်ကို တစ်အိမ် တက်ဆင်း တောင်းစားရတဲ့ အဖြစ်ပါ(မျက်ရည် ဝဲလျက်)။ ကျွန်မယောကျာ်းဆုံးပြီး သားလေးယောက် ကျန်ခဲ့တယ်။ ဈေးမရောင်းရတော့ ကျွန်မတို့ ဘာနဲ့ သွားစားမလဲ။ ကျွန်မအသက် ၄၅ နှစ်ရှိပြီ။ ငယ်ငယ်ကတည်းက ဒီလို ဒုက္ခမျိုး တစ်ခါမှ မကြုံခဲ့ရဘူး။ မိဘတွေကလည်း မရှိတာ့ အခုပိုဆိုးတာပေါ့ရှင်။

ကျွန်မ အနေနဲ့မတောင်းဆိုရဲပါဘူး။ အများနဲ့ ဆိုတော့။ ငယ်ငယ်ကတည်းက ကျွန်မ ဒီနေရာမှာပဲ ကြီးလာတာပါ။ ဒီအလုပ်ပဲ လုပ်တက်တယ်။ ကျွန်မ အခု ထမင်းချက်ဖို့ ဆန်ကိုတောင် လိုက်တောင်းပြီးမှ ချက်ရတဲ့ ဘဝပါ။ ကမ်းခြေပိတ်တော့ ကျွန်မတို့ ဘာနဲ့သွားစားရမလဲ၊ ကျွန်မ ဈေးပဲ ရောင်းချင်ပါတယ်။


Dakkhina Insight သတင်းဌာန၏ အစီအစဉ်ဖြင့် ဖော်ပြသည်။