စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ (၃)

0
158
ဗြိတိသျှလက်အောက်နိုင်ငံတစ်ခုအဖြစ်ကြုံခဲ့ရသော အရင်းရှင်စီးပွားရေးကွင်းဆက်ထဲမှ မြန်မာနိုင်ငံ၏ အတွေ့အကြုံ

မြန်မာနိုင်ငံသည် မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ရောက်သွားခြင်းသည် ခေတ်တစ်ခုအတွင်းမှ အခြားခေတ် တစ်ခုအတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတော် အခြေပြကျမ်းက ဆိုပါသည်။ ပဒေသရာဇ်စနစ် ကို ဖြိုချ၍ အရင်းရှင်စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းရာတွင် နိုင်ငံ၏ အကျိုးစီးပွား ထက် ကိုယ်ကျိုးစီးပွားကို ဦးထိပ်ထား ခြင်းကြောင့် နိုင်ငံကို ပျက်စေခဲ့သည် ဟု ရေးသားထားခဲ့သည်။ မြန်မာတို့သည် မြစ်ဝကျွန်းပေါ်တွင် ဆန်စပါးလုပ်ငန်း တဟုန်ထိုး ဆန့်ထွက်လာပြီး မြန်မာပြည်သည် ကမ္ဘာ့ဆန်အိုးကြီး ဖြစ်ခဲ့ဖူးသည်ဟု ဂုဏ်ယူကြသော်လည်း ထိုအခြေအနေများကို ကိန်းဂဏန်းနှင့် စေ့စေ့စပ်စပ် ပြန်ဆွေးနွေးကာ ထိုခေတ်မှာ မြန်မာတို့အတွက် ရွှေခေတ်မဟုတ်ခဲ့ရပါဟု ပြန်လည် ခုခံချေပငြင်းချက်ထုတ်သူ နိုင်ငံခြားသား ပညာရှင်များရှိခဲ့ပါသည်။

စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ

စပါးကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးရာ ပထမပိုင်းတွင် မြစ်ဝကျွန်းပေါ်၏ မြေသြဇာမှာ ပထမတန်းဖြစ်နေသေးသည့်အတွက် နိုင်ငံခြားဈေးကွက်ဝင်လျှက် အလုပ်ဖြစ်ခဲ့သော်လည်း မြေဆီလွှာ၏ သဘောမှာ ထုံးစံအတိုင်း သီးနှံတစ်ခုတည်းကို ထပ်တလဲလဲ စိုက်ပါက နောက်ပိုင်းတွင် အထွက်နှုန်းကျဆင်းလာ ခဲ့ပါသည်။ တစ်ချိန်တည်းတွင် ရာသီဥတုကြောင့် ဖြစ်စေ၊ ရေကြီးသောကြောင့် ဖြစ်စေ စပါးထိခိုက်လျှင် အကြွေးထပ်တိုးပြီး တင်ဖို့ရာလွယ်ကူလာပါသည်။ ပထမပိုင်းတွင် အညာမှ ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သား လယ်သမား များသည် ချစ်တီးတို့ထံမှ ကြွေးကို ယူလျှင် နှစ်နှစ် သုံးနှစ်ဖြင့် ကျေလွယ်သော် လည်း နောက်ပိုင်းတွင် အကြွေးတစ်ခါ တင်ပြီးလျှင် ကျေနိုင်သည်ဟူ၍မရှိဘဲ အဆိုးကျော့ သံသရာသို့စဝင်ရောက် လာခဲ့သည်။

မြစ်ဝကျွန်းပေါ်တွင် နှစ်ငါးဆယ် ကျော်မျှ စပါးခေတ်ကောင်းခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ၁၉၀ဝ နဲ့ ၁၉၁၀ ကြားတွင် ဥရောပဈေးကွက်ကို ဆုံးရှုံးသွားခဲ့ သည်။မြန်မာ့ဆန်ဈေးကောင်းရခဲ့ဖူးသော ဥရောပ ဈေးကွက်ကို စပိန်၊ ဂျပန်၊ ထိုင်းနဲ့ အင်ဒိုချိုင်းနား (ဗီယက်နမ် + ကမ္ဘောဒီးယား) တို့မှ ပိုအရည်အသွေး ကောင်းသော ဆန်များဝင်ရောက်လာ ခြင်းကြောင့် မြန်မာ့ဆန်သည် သူ့သရဖူကို လက်ပြောင်းပေးလိုက်ရပြီးနောက် တစ်ခါမှ ပြန်မရတော့ချေ။ လွတ်လပ်သော ဈေးကွက်စီးပွားရေးဟု ဆိုသော်လည်း ကိုလိုနီအစိုးရက လမ်းကြောင်း ပေးသော မူဝါဒများအရ အိန္ဒိယဈေးကွက်သို့ တင်ပို့ခဲ့ရသည်။ အိန္ဒိယသည် ဥရောပ အတွက် စက်မှုကုန်ကြမ်းတွေ ထုတ်ပေးတဲ့ နေရာဖြစ်လာပြီး နောက်ပိုင်းတွင် ဗြိတိသျှကုမ္ပဏီများနှင့် သူတို့ကို ထောက်ခံပေးထားသော အစိုးရ၏ အလိုကျ ဆန်ကိုလျှော့စိုက်လာရသောကြောင့် မြန်မာပြည်ကနေ ဆန်ကို ဝယ်ယူလာခဲ့သည်။ အကြမ်းအားဖြင့် မြန်မာပြည်၏ ဆန်တင်ပို့မှုနှုန်းသည် ၁၉၀၁ နဲ့ ၁၉၂၁ ကြားတွင် ကျစပြုလာပြီး ယခင်ထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ကျသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေငှားခများမှာ ဈေးတက်လာခဲ့သည်။ အိန္ဒိယသားများ ဝင်လာသော နယ်မြေများတွင် မြေငှားခက ဈေးမြင့်တက် လာတတ် သောကြောင့် လူမျိုးအချင်းချင်းကြား အမုန်းများ၊ မလိုလားမှုများသည် ရပ်ရွာ အတွင်း၌ပင် ပြင်းထန်လာသည့် အနေ အထားရှိလာခဲ့သည်။ ထိုအဖြစ်အပျက် များသည် တိုင်းရင်းသားနယ်များတွင် နိုင်ငံခြားမှ လုပ်ငန်းရှင်များသို့ မြေငှား ပေးနေသော မူဝါဒနှင့် များစွာ ခြားနားခဲ့ သည်မဟုတ်ပါ။ သို့သော်ပိုဆိုးသည်မှာ ယခု မြေငှားများက မြေသြဇာပိုသုံးပြီး နှစ်ကာလတိုအတွင်း မြန်မာ့မြေများကို ဖျက်ဆီးခဲ့ကြခြင်းကသာ အဆစ်ပိုပါသည်။ လူမျိုးရေးစိတ်ဝမ်းကွဲခြင်း ပြဿနာ များကိုလည်း တိုးလာစေသော ထိုစနစ်တွင် နောက်ထပ်သတိထားစရာမှာ အရင်းရှင်စနစ်၏ အတိုဆုံးအချိန်အတွင်း အများဆုံးအမြတ်ကို လိုချင်သော သဘောမှာ ခေတ်တိုင်းတွင် မှန်နေခြင်းပင် ဖြစ်ပါသည်။ မြေယာမဲ့ထူပြောလာခြင်း၊ ကြွေးထူလာခြင်း၊ အလုပ်လက်မဲ့ ဖြစ်လာခြင်း၊ လယ်ထဲမှ အလုပ်ကို လက်လွှတ် လိုက်ရသူအတွက် အခြားနေရာတွင် ဝင်ဆံ့နိုင်ရန် အလုပ်မရှိခြင်း ထိုအရာများကို မြန်မာလယ်သမားတို့ ကြုံခဲ့ကြ ဖူးပါပြီ။

ထို့ပြင် ဗြိတိသျှအစိုးရသည် ပုဂ္ဂလိက ပိုင်လုပ်ငန်းများ၊ ကုမ္ပဏီများ၏ မျက်နှာ ကို ပိုကြည့်သော အစိုးရဖြစ်သောကြောင့် တောင်သူများ သက်သာချောင်ချိရေး အတွက် အမတော်ကြေး ချပေးခြင်း အပါအဝင် တောင်သူဘဝတိုးတက်စေ မည့်အလုပ်များကို ရေရေရာရာမလုပ်ပေးခဲ့ပါ။ လွတ်လပ်သော ဈေးကွက်၏ စေစားရာအတိုင်းသာ ကျောစင်းခံစေသည်။ ပထမပိုင်းတွင် ငွေလွယ်လွယ် ထုတ်ချေး တတ်သော ချစ်တီးများနှင့်သာ အပ်ထားလိုက်တော့သည်။ ချစ်တီးများ သည် ၁၈၂၆ တွင် တနင်္သာရီကို သိမ်းသော မဒရာစီတပ်များ၏ စောင့်ရှောက်မှုဖြင့် အိန္ဒိယအလုပ်သမားတွေနဲ့အတူလိုက်ပါ လာခဲ့သည်။ ချစ်တီးတို့၏ လုပ်ငန်း သည် အင်တာနယ်ရှင်နယ် ကွန်ရက်ကြီး ဖြစ်သည်။ ယနေ့ အိန္ဒိယမှသည် သီရီလင်္ကာ၊ မြန်မာ၊ မလေးရှား၊စင်ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားအထိ ရှိသည်။

သူတို့သည် ပထမဆုံးရုံးခွဲကို မော်လမြိုင်တွင် ၁၈၅၀မှာဖွင့်ခဲ့ပြီး ၁၉၃၀ သို့ရောက်သော အခါ ရုံးခွဲပေါင်း ၁၆၅၀ရှိကာ ထိုရုံးများထဲမှ ၈၇ ရာခိုင်နှုန်းက အောက်မြန်မာ ပြည်တွင်ရှိသည်။ ထိုစဉ်က အစောပိုင်းတွင် ချစ်တီးတို့၏ ပေါပေါများများ အကြွေးချထားပုံမှာ ယခု အသေးစားငွေချေး ကုမ္ပဏီများနှင့် ဆင်တူပါလိမ့်မည်။ နောင်တွင် ချစ်တီးများသည် အကြွေးမ ဆပ်နိုင်သောကြောင့် သိမ်းရသော မြေ များစုပုံလာသဖြင့် မြေရှင်များဖြစ်လာကြသည်။ သို့ရာတွင် ချစ်တီးတို့သည် ငွေကြေးတွင်သာ ရင်းနှီးမြှုတ်နှံလိုသူများဖြစ်ပြီး မြေကို လက်ထဲထားလိုသူများ မဟုတ်ကြပေ။ ဖြစ်နိုင်လျှင်အမြန်ဆုံး ပြန်ထုတ်ရောင်းလေ့ရှိသောကြောင့် မြန်မာဆင်းရဲသားတောင်သူများ ပြန်မဝယ်နိုင်သော မြေများမှာ လယ်မလုပ်သော မြန်မာမြေပိုင်ရှင်များနှင့် တရုတ်၊ အိန္ဒိယအစရှိသော နိုင်ငံခြားသားတို့ လက်ဝယ်သို့ များစွာ ရောက်ရှိလာခဲ့သည်။ ၁၉၂၀ လောက်တွင် ကိန်းဂဏန်းများကို ကြည့်လျှင် ချစ်တီးချေးထားသော အကြွေးများသည် မြန်မာတစ်နိုင်ငံလုံးတွင် လယ်လုပ်သူများအပေါ် တင်သော အကြွေး၏ ၆၀ ရာခိုင်နှုန်းခန့်ရှိလာခဲ့သည်။

ချစ်တီးများကို စီးပွားရေးကျပ် တည်းလာခြင်း၏ တရားခံအဖြစ် သတင်းစာ များနှင့် နိုင်ငံရေးသမားများက တဖြည်းဖြည်း လက်ညှိုးထိုးလာခဲ့ကြပြီး စီးပွားရေး အသင်းများက အကြွေးပြန်မဆပ်ရန် လယ်သမားများကို လှုံ့ဆော်ခဲ့သည်။ နောက်ဆက်တွဲမှာ ငွေဆုံးမည့်အရေးကို စိုးရိမ်လာသောကြောင့် နိုင်ငံတကာတွင် ရုံးခွဲများဖြင့် ငွေချေးလုပ်ငန်းကို လုပ်ကိုင်သူ ချစ်တီးများသည် နောက်ထပ် မြန်မာလယ်သမားများကို အကြွေးမချ လိုတော့ပဲ ဗမာများကို လက်ရှောင်လာခဲ့ သည်။ အမြတ်ဗဟိုပြု ရင်းနှီးမြှုပ်နှံသူ တို့၏ သဘောအရ ချစ်တီးအချင်းချင်း ကြားတွင်သာ ငွေ အသွင်းအနုတ်လုပ်ကြပြီး တဖြည်းဖြည်း ပိုခိုင်မာသော နယ်မြေ များဆီသို့ ရွှေ့ရန် ခြေလှမ်းပြင်နေခဲ့ကြပါသည်။

ထိုအခါ လယ်သမားများ စိုက်ပျိုး စရိတ်မရနိုင်သဖြင့် ပိုပြီး ကျပ်တည်းလာခဲ့သည်မှာ ၁၉၂၀-၁၉၃၀ ကြား ပထမကမ္ဘာစစ်အပြီး ကိုဗစ်ကဲ့သို့ ကမ္ဘာ့ စီးပွားပျက်ကပ်ကာလတွင် ပို၍ ဆိုးရွား လာခဲ့သည်။ သူပုန်စုဆောင်းရေး အကြီး အကျယ်ဖြစ်လာခဲ့သော ဘိုကလေး၊ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ သာယာဝတီနယ် များက စာရင်းဇယားများတွင် အကြွေးပြဿနာမှာ လွန်စွာ သိသာလာခဲ့သည်။ ဈေးကွက်စီးပွားရေးစနစ်ထဲတွင် မြန်မာ လယ်သမားများကို စောင်မကြည့်ရှုသော အစိုးရမဟုတ်နေဘဲ ဈေးကွက်၏ လက်ထဲသို့ ဝကွက်အပ် ထားချိန်တွင် ချစ်တီးများ၏ လုပ်ငန်းများအတွက်မူ ဥရောပဘဏ်များက တောက်လျှောက် ငွေထုတ်ချေး ပေးခဲ့ပါသည်။ ချစ်တီးများ မြန်မာပြည်ဘက် ခြေလှမ်းဆုတ်သွားသောအခါ မြန်မာဘက်ကို ဥရောပဘက်ကဝင်လာနိုင်သည့် ငွေကြေးစီးဝင်မှု ကျုံ့သွားပါသည်။

စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ (၂)

ရှေးဦးမဆွကပင် ကမ္ဘာ့ဈေးကွက် ကွင်းဆက်များထဲသို့ ဗြိတိသျှအစိုးရ အကျိုးစီးပွားအတွက် မောင်းသွင်းခံခဲ့ရသော မြန်မာလယ်သမားတို့သည် ဥရောပဈေးကွက်ထံမှ မြန်မာ့ဆန် ဆုတ်ခွာလာရချိန်တွင် လယ်သမားများ သာမက လယ်သမားများ၏ အထက်ကပ်လျက် လူတန်းစား အလွှာဖြစ်သော မြန်မာ စပါးပွဲစားများလည်း အလုပ်များ ပါးရှားလာပါသည်။ ၎င်းတို့ကို မှီခိုနေရသော မိသားစုများလည်း စီးပွားပျက်ကြ ပါသည်။ ၁၉၂၁တွင် ပွဲစားဦးရေ ၃၉၀ဝ၀ ခန့်ရှိခဲ့ရာမှ ၁၉၃၁ ရောက်သောအခါ ဆန်ဈေးကွက်ထဲတွင် မြန်မာပွဲစား ၃၀ဝ၀ဝ လောက်သာ ကျန်ခဲ့လျက် ဈေးကွက်ကို နိုင်ငံခြားသားများက ပို၍ လက်ဝါးကြီးအုပ်လာနိုင်ပါသည်။ အဆိုပါ ဖြစ်စဉ်ကိုကြည့်ရင် ၁၉၂၀ နောက်ပိုင်း တွင် ပို၍အားကြီးသော ကုန်သည်ပွဲစား များကသာ ဈေးကွက်ထဲတွင် ကျန်ခဲ့ပြီး အားကြီးသူ အနိုင်ယူစတမ်း အခြေအနေက အထက်ဘက်သို့သာ ဓနကို စုပုံစေသောစနစ်ကို Capital accumulation ကို ဖန်တီးခဲ့ပါသည်။ မြန်မာတို့အဖို့မှာ ပြည်တွင်း ဈေးကွက်ထဲမှာပင် နေရာ ပျောက်သွားကြရာ ပြည်ပရှိ နိုင်ငံတကာ ကုန်သွယ်ရေးကို မြန်မာကုန်သည်များ ပို၍ပင် လက်လှမ်းမမီကြပါ။ မြန်မာ နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားကြသူများထဲတွင် ဥရောပ၊ အမေရိကားနှင့် အာဖရိက ဈေးကွက်များ၌ ဥရောပကုန်သည်များက ကြီးစိုးပြီး အိန္ဒိယ၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှား သို့ပို့သော ကုန်စည်ဈေးကွက်များကို အိန္ဒိယကုန်သည်တွေက နေရာယူထားပါသည်။ ထိုအချိန်တွင် တရုတ်၊ ဂျပန်နှင့် မလေးရှားဈေးကွက်များမှာ တရုတ်ကုန် သည်များလက်ထဲတွင်ရှိပါသည်။

တစ်ဖက်တွင် စီးပွားပျက်လာသော လယ်ယာမှ ကူလီများ၊ လုပ်သားများသည် ဆန်စပါးနှင့် ဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများတွင်လည်း အလုပ် မရကြဘဲ မြန်မာများသည် ၁၉၂၀ လောက် အထိ စက်ရုံအလုပ်ရုံလုပ်ငန်းများ၏ အလုပ်ကြမ်းနေရာ ၂၃ ရာခိုင်နှုန်း လောက်တွင်သာ ဝင်ရောက် လုပ်ကိုင်နိုင်ကြပါသည်။ တောင်သူလယ်သမားအရေး တော်ပုံကို ဆွပေးလိုက်သော စနက်တံကမူ စီးပွားရေး ပျက်ကပ်မတိုင်ခင်ကတည်းက တတိတိကျနေခဲ့သော ဆန်ဈေး ဖြစ်သည်။ ကမ္ဘာ့ဆန်ဈေးသည် ပထမတွင် ယာယီဈေးကျသည်ဟု ထင်ခဲ့ကြရာ မှ နှစ်များစွာ ကြာလာခဲ့ခြင်းက လယ်သမားများမလှုပ်နိုင်သော ဆင်းရဲခြင်းကို ဖန်တီးခဲ့သည်။ ပြင်ပကို မှီခိုရသော ကုန်စည် တစ်ခုတည်းကို အားကိုးခဲ့ရသည့် အကျိုးဆက်ပင်ဖြစ်သည်။ ဆန်ဈေး ဆက်တိုက်ကျလာသောအခါ လယ်လုပ်သူက လယ်မပိုင်နိုင်တော့သော ပမာဏက အလွန်ကြီးမားလာသည်။ လယ်မလုပ်ဘဲ လယ်ပိုင်သော ပမာဏမှာ ၁၉၂၉-၃၀ တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၃၄-၃၅ အရောက်တွင် ၅၀ ရာခိုင်နှုန်းရှိလာ ခဲ့သည်။

ထိုအကြောင်းများကြောင့်ပင် လွတ်လပ် ရေးမရမီက မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးကို အကျယ်တဝင့် ရေးသားခဲ့သော သခင်ဗစိန်၏ ကျွန်တကာ့ ကျွန်ခေါ် လယ်သမားအရေး ဟူသော စာအုပ်တွင် မြန်မာတောင်သူတို့၏ အခြေအနေကို ဤသို့ဖော်ပြခဲ့သည်။

“မြန်မာပြည်သည် သာလာယံဇရပ် ကြီးသဖွယ်ဖြစ်ပြီး နိုင်ငံချဲ့ ဓနရှင်တို့၏ ကျက်စားရာ၊ သွေးစုပ်ရာ၊ ကုန်ချော ရောင်းရာ၊ ကုန်စိမ်းဝယ်ရာ၊ ဈေးကြီး သဖွယ်ဖြစ်ရ၏။” ဟု ဆိုသည်။

ယခုအခါ ပြန်စဉ်းစားရကြမည်မှာ ထိုစဉ်က ပညာတတ်တို့ အပြင်းအထန် ဝေဖန်ခဲ့ကြသော အထိန်းအကွပ်မရှိ လည်ပတ်ခွင့်ရသော ဓနရှင်စနစ်ကြီးသည် ၂၁ ရာစုတွင် ကျကျနန ပြန်လည်ဝင် ရောက်လာပြီးနောက် မြန်မာတို့ကား နင်းပြားက နင်းပြားသာဖြစ်လျှက် မြန်မာပြည်သည် ကုန်စိမ်းဝယ်ရာ နေရာထက် မပိုသည့် အဖြစ်မျိုး ဆက်လက်ဖြစ်ပေါ် နေမည်ကိုပင်ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ ကုန်စိမ်းကိုပင် မိမိတို့သဘောအတိုင်း မိမိတို့မထုတ်နိုင်တော့ဘဲ အချုပ် အခြာကို သူတစ်ပါး လက်ထည့်လိုက်ရ မည့်အရေးဖြစ်သည်။

ဒေါက်တာနွဲ့ကေခိုင်