ရေမှတစ်ဆင့် လူသတ်မှုဖြစ်လာနိုင်သည်

0
631
editorial

မိုးများသည်ဟု နာမည်ကြီးသော တနင်္သာရီတိုင်းအတွင်း ယခုနှစ်တွင် မိုးရာသီစံချိန်တင်မိုး လျော့နည်းခဲ့သည်။ မိုးရွာရက် ပျမ်းမျှ ၂၅ ရက်အထိ လျော့နည်းပြီး မိုးရေချိန်လက်မ သုံးပုံတစ်ပုံ ကျဆင်းခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ယခင်ကမကြုံဖူးခဲ့သည့် ရေရှားရာသီများ ယခုနှစ်ပိုင်းတွင် ပိုမိုရှည်လျားလာပြီး နွေရာသီရောက်တိုင်း ရေရှားသည်မှာ ဓလေ့တစ်ခုပင် ဖြစ်နေပြီဖြစ်သည်။

ယခုနှစ်တွင် မိုးရေချိန်သိသာစွာ လျော့နည်းခဲ့ရာ လာမည့် နွေရာသီတွင် ရေဆိုးဆိုးရွားရွား ရှားပါးလာနိုင်သည်။ သို့သော် အစိုးရက ယင်းကို စိတ်ပူပုံ မရသေးပါ။ ရေအရေး ကြိုတင်စီစဉ်နေကြောင်း သတင်း တစ်စွန်းတစ်စမျှ မကြားရသေးပါ။

ဤနေရာတွင် ညွှန်းလိုသည့် ရေအရေးကြိုတင်စီစဉ်ခြင်း ဆိုသည်မှာ ရေရှားစဉ် အစိုးရက ရေလှူသည့် ကိစ္စမဟုတ်ဘဲ ရာသီမရွေး ရေမရှားအောင်၊ ရေလုံလုံလောက်လောက် ရရှိအောင် စီမံအုပ်ချုပ်ရေးနည်းဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။

အစိုးရ အဖွဲ့ အနေနှင့် ရေသည် လူတို့အသက် ဖြစ်သည်ကို ကောင်းမွန်စွာ သိရှိနားလည်မည်ဟု ယုံကြည်ပါသည်။

အများပိုင်ဖြစ်သော မြေအောက်ရေကို စက်ကြီးများဖြင့် ထင်သလို တူးယူကာ တစ်ဦးတည်းပိုင်ဆိုင်သကဲ့သို့ ရောင်းချနေခြင်းကြောင့်လည်း မမျှတသော လူ့အဖွဲ့အစည်းအဖြစ်သို့ တွန်းပို့သွားနိုင်သည်။ ယင်းအပြင် သုံးစွဲသောက်သုံးရန် ရေသန့်ရေချို အလုံအလောက် မရရှိခြင်းသည်လည်း လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ရေရှားပါးလာသည်နှင့်အမျှ အများပိုင်ဖြစ်သော “ရေလုပွဲ များ” ဖြစ်လာနိုင်ပြီး မလိုလားအပ်သော ပဋိပက္ခများအထိ ရောက်ရှိသွားနိုင်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ယခုနှစ် ရေရှားမည်။ ရေအရေးမှာ ရေရှားချိန်မှ ထစီစဉ်ရသည့် ကိစ္စမျိုးမဟုတ်ပါ။ ကြိုတင်ပြင်ဆင်ရသည့် ကိစ္စ ဖြစ်သည်။

ရေအရေး သွေးအေးကာ လျစ်လျူရှုထားပါက လူ့အသက်သတ်သည့် အရေးအထိ ရောက်သွားနိုင်ကြောင်း လေးလေးနက်နက် သတင်းစကားပါးလိုပါသည်။ ရေကြောင့်ဖြစ်သော စစ်ပွဲများ ကမ္ဘာပေါ်တွင် အထင်အရှားရှိခဲ့ပြီးဖြစ်သည်။

အယ်ဒီတာ (နိုဝင်ဘာ ၂၇၊ ၂၀၂၀)