မြိတ်တော်ဝင်ဆေးရုံကို လော့ဒေါင်းချ၊ ဆက်စပ်သူတို့အား အိမ်တွင်နေရန် သတ်မှတ်

0
268

မြိတ်မြို့၊ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် တော်ဝင်ဆေးရုံအား နိုဝင်ဘာလ ၂၄ ရက်နေ့က လော့ဒေါင်းချခဲ့ပြီး တစ်ပတ်အတွင်းတွင် ဆေးရုံနှင့် ဆက်စပ်ခဲ့သူတို့အား နေအိမ်တွင်သာနေထိုင်ရန် သတ်မှတ်ထားရှိ‌ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇင်ကိုအောင်ထံမှ သိရသည်။

တော်ဝင်ဆေးရုံရှိ ဆေးအရောင်း ကောင်တာမှ အမျိုးသမီးဝန်ထမ်း နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံအား လော့ဒေါင်းချခဲ့ခြင်းဖြစ် သည်။

အဆိုပါဆေးရုံသို့ တက်ရောက်ခဲ့ သူများအပြင် ရပ်ကွက်အတွင်းရှိ ဆေးရုံဝန်ထမ်းများ နေထိုင်သည့် နေအိမ်အချို့ မှ မိသားစုများအား နေအိမ်တွင်သာ နေထိုင်ရန် ဆောင်ရွက်ထားကြောင်း ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။

လော့ဒေါင်းချထားသည့် ဆေးရုံဝင်းတွင် ဆရာဝန်များအပါအဝင် ဆေးရုံ တက်လူနာများ၊ လူနာစောင့်များ စသဖြင့် ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ရှိနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇင်ကိုအောင်က ပြောပြသည်။

ဆေးရုံအတွင်းရှိသူတို့အား ကိုဗစ် ရောဂါပိုး ရှိ၊ မရှိစစ်ဆေးသွားမည်ဖြစ်ပြီး ရောဂါပိုးကင်းစင်ပြီး စိတ်ချရသည့်အချိန်ထိ နေထိုင်ရမည်ဖြစ်ကြောင်း ‌၎င်းက ပြောပြသည်။

တော်ဝင်ဆေးရုံတက်ရောက်ခဲ့သူများတွင် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်နေသူများလည်း ပါဝင်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းမှ ဆေးရုံ တက်ရောက်ခဲ့သူများအား နေအိမ်တွင် နေထိုင်ရန်နှင့် သက်ဆိုင်ရာကွာရန် တင်းစခန်းတို့တွင် ထားရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ယင်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

ဆေးရုံနှင့် ထိစပ်ခဲ့သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနနှင့် အုပ်ချုပ် ရေးမှူးတို့ထံတွင် အသိပေးအကြောင်း ကြားပေးရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

ထို့ပြင် ကျွန်းစုမြို့မှ ဆေးရုံလာ တက်သူနှစ်ဦးမှာ ကွာရန်တင်းစခန်းသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

မြိတ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၈၃ ဦးရှိကြောင်း တိုင်းကျန်းမားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြင့်မိုရ်(မြိတ်)