စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ

0
211

မြန်မာနိုင်ငံသားတို့သည် ခရိုနီ အရင်းရှင်စနစ်တည်းဟူသော အတိတ်ကာလနှင့် နီယိုလစ်ဘရယ် အနာဂတ် တည်းဟူသော ရွေးစရာ အမှားနှစ်ခုကြားတွင် တရွတ်တိုက်လျက်ရှိကြသည်။ လုပ်ငန်းရှင်များကို အခွန်လျှော့ပေးရသော၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် ဘတ်ဂျက်လျှော့ပစ်သော၊ အစိုးရကို ခပ်သေးသေးထားပြီး စရိတ် လျှော့ပစ်သော၊ နိုင်ငံတကာ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းချဲ့ထား ပေးသောစနစ်မှာ နီယိုလစ်ဘရယ်မူဖြစ်သည်။ သို့ဖြစ်ရာ ပိုမို တရားမျှတသော လူ့အဖွဲ့အစည်းဖြစ်ရန်ကိုကား မမြင်ရပါ။

အထက်ပါစကားများမှာ ၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာလတွင် London Review of Book နှင့် အင်တာဗျူးတစ်ခုတွင် ဒေါက်တာသန့်မြင့်ဦးက ပြောဆိုခဲ့သော စကားများဖြစ်ပါသည်။

ဝယ်ဒန်ဘယ်လိုကမူ မြန်မာသည် နီယိုလစ်ဘရယ် ပါရာဒိုင်းထဲတွင် စတင် ပိတ်မိနေပါပြီဟု ပြောခဲ့ဖူးသည်။ အရှေ့တောင်အာရှတွင်အတွေ့ရများခဲ့သော နီယိုလစ်ဘရယ်မူဖြင့် အကောင်အထည်ဖော်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍ အပြောင်းအလဲပုံစံများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံက လက်ရှိ ဆောင်ရွက်နေသည်များနှင့် မခြားနားလှသည်ကို တွေ့ရမည်။ နီယိုလစ်ဘရယ်ဟုခေါ်သော ထိုနိုင်ငံများမှ လမ်းစဉ်များတွင် (၁) စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ပြီး မက်လုံးအဖြစ် စည်းမျဉ်းစည်းကမ်းများကို အနည်းဆုံးလျှော့ထားပေးခြင်း (၂) စိုက်ပျိုးရေးကို စက်မှုလုပ်ငန်းသဖွယ် အကြီးစားလယ်ယာများ အကောင်အထည်ဖော်ခြင်း၊ စက်အားနိုင်နင်းသော စိုက်ပျိုးရေးကုမ္ပဏီကြီးများနှင့် တွဲဖက်လုပ်ကိုင်ခြင်းကသာ ဈေးကွက်ဝင်ရောင်း ပန်းလှသော ထုတ်ကုန်များ အမြန်ထုတ်လုပ်နိုင်မည်ဟု ယူဆလျက် ပြုပြင်ပြောင်းလဲမှုများကို ထိုမူအတိုင်း ဆောင်ရွက်ခြင်း (၃) ယခင်က အစိုးရပိုင်ဖြစ်ခဲ့သော ရပ်ရွာဆိုင် အများပိုင်ဖြစ်ခဲ့သော မြေများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေး လိုက်ခြင်းဖြင့် တစ်ထစ်ချ အထွက်တိုး စီးပွားဖြစ်လာမည်ဟု ယူဆဆောင်ရွက် ခြင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး ဆောင်ရွက်ကြသော တောင်သူများ၊ လယ် သမား ကလေးများနှင့် တောင်ယာ လုပ်ငန်းများသည် ခေတ်မမီတော့ဟု ယူဆခြင်း (၅) တောနယ်တွင် လယ်လုပ်ခဲ့သော လယ်သမားများသည် ဖွံ့ဖြိုးမှု အရှိန်ရလာချိန်တွင် လယ်မရှိသဖြင့် လယ်သမား မလုပ်နိုင်တော့သည့်တိုင်အောင် ခေတ်မီတိုးတက်လာသော စက်မှုစီးပွားရေးထဲတွင် ဝင်ရောက်လုပ်ကိုင်ရန်မြို့သို့ ပြောင်းရွှေ့ကြသဖြင့် ကျေးလက်ပြည်သူများ အလုပ်ရကြလိမ့်မည်ဟု မျှော်ရည်ခြင်းတို့ ပါဝင်ကြပါသည် (Christian Castellanet and Jean‐Christophe Diepart 2015) သို့ရာတွင် မြန်မာနိုင်ငံက အခြားအာရှနိုင်ငံများကို အမှီလိုက်ရန်ကြိုးစားသောအချိန်မှာ ဗြိတိသျှတို့က ဧရာဝတီမြစ်ဝကျွန်းပေါ် ကို ဆန်အိုးကြီးဟု ဈေးကွက်တင်ခဲ့သော ၁၉ ရာစုထက် များစွာရှုပ်ထွေးလာသော ကုန်သွယ်ရေးအခင်းအကျင်းနှင့် ရိက္ခာကွင်းဆက်များထဲရောက်ရှိနေရာအားကြီးသူ အနိုင်ရရေးကို အားပေးသည့် အထက်ပါ နီယိုလစ်ဘရယ် လမ်းကြောင်းမှာ တိုင်း ပြည်၏စားနပ်ရိက္ခာ အချုပ်အခြာကို စောင့်ရှောက်နိုင်ပါမည်လောဟု မေးစရာရှိသည်။ စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ် ရောင်းချမှုတွင် တိုင်းပြည်၏ အချုပ် အခြာ၊ လယ်သမားတို့နှင့် အစားအသောက်ထုတ်လုပ် ပြင်ဆင်ရောင်းချသူ ပြည်သူတို့လက်ထဲမှ အချုပ်အခြာ၊ စားသုံးသူတို့ ဘေးကင်းလုံခြုံရေးအတွက် အချုပ်အခြာကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။

စားနပ်ရိက္ခာအချုပ်အခြာမရှိခြင်းကြောင့် ကမ္ဘာတွင်ကြုံခဲ့သော အငတ်ဘေးတစ်ခု
၁၈၄၅တွင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်သော ဗြိတိသျှတို့နှင့် ကပ်လျက် တည်ရှိနေသော အိုင်ယာလန် နိုင်ငံတွင် ကြောက်စရာကောင်းသော အငတ်ဘေးကြီး လေးနှစ်ကြာမျှ ပေါ် ပေါက်လာခဲ့ပြီး လူဦးရေ၏ ဆယ်ရာခိုင် နှုန်းကျော် အသက်ဆုံးပါးရပြီး ၂၀ ရာခိုင်နှုန်းလောက်က အငတ်ဘေးကို ကြောက်လန့်ပြီး အခြားနိုင်ငံများသို့ ဒုက္ခကြီးစွာဖြင့် ပြောင်းရွှေ့ထွက်ခွာကြ ရပါသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ပြဿနာနှင့်မကင်းသော်လည်း ငတ် လောက်အောင်ရှားပါးမှု မကြုံဖူးခဲ့သည့်တိုင်အောင် စားနပ်ရိက္ခာအစီအမံများ၊ မူဝါဒများသည် မြန်မာနိုင်ငံရေး အတွေးအခေါ်များ၊ အာဏာကစားပွဲများနှင့် အမြဲလိုလိုပင် တိုက်ရိုက်ဆက်စပ်နေသည်ကို သမိုင်းအဆက်ဆက် အဖြစ်အပျက်များက ပြနေပါသည်။ အိုင်ယာလန်နှင့် အိန္ဒိယတို့၏ အတွေ့အကြုံများတွင် အငတ်ဘေးသည် သူ့အလိုလို သဘာဝဘေးကြောင့် ဖြစ်လာခဲ့ကြသည်ဟု လက်ညှိုး ထိုး မည့်သူများ ရှိနိုင်သော်လည်း အရင်းစစ်ကြည့်လျှင် မြေတွင်တွေ့ရမည့် အမြစ်မှာ ထိုအငတ်ဘေးကို ဖြစ်စေသော အကြောင်းရင်းခံမှာ စားနပ်ရိက္ခာနှင့် ပတ်သက်ပြီး စီမံခန့်ခွဲပိုင်ခွင့်ကို ယုတ်လျော့စေခဲ့သော မူဝါဒများ ဖြစ်သည်ကို တွေ့ရသည်။

အိုင်ယာလန် အငတ်ဘေးကြုံခဲ့သောအချိန်မှာ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ နှင့် ပထမအင်္ဂလိပ်-ဗမာစစ်ပွဲအပြီး ရခိုင်နှင့်တနင်္သာရီကို ပေးလိုက်ရပြီး ဒုတိယ စစ်ပွဲမဖြစ်သေးမီကာလကလေးဖြစ်သည်။ ထိုအငတ်ဘေးသည် နှစ်ပေါင်း ၁ရ၅ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကမ္ဘာအတွက် အရေးကြီးသော သင်ခန်းစာများ ရယူနိုင်သည့် အဖြစ်အပျက်တစ်ခု ဖြစ်နေသေးသည်။ အိုင်ယာလန်သမိုင်း တွင် ကြီးစွာသော အချိုးအကွေ့ နိုင်ငံရေး အပြောင်းအလဲကြီးများကို ဖြစ်စေသည်မှာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်သော အာလူးများကို ပိုးကျခြင်းကြောင့်ဟု အပေါ်ယံ ဆိုကောင်းဆိုပါလိမ့်မည်။ တစ်နိုင်ငံလုံးတွင် အာလူးတစ်ခုတည်းသာ အများဆုံးစိုက်ဖြစ်အောင် မောင်းသွင်းခဲ့သော အခြေအနေများအထိ ပြန်ပြောင်းကြည့်ရန်လိုပါသည်။ အာလူးသည် အိုင်ယာလန်၏ မူလမျိုး မဟုတ်သော်လည်း နောင်တွင် စီးပွားရေးဈေးကွက်အရ အာလူးတစ်မျိုးတည်း စိုက်ပျိုးကြ သောအခါ ပိုးကျသောအခါတွင်လည်း အလွန်ကူးလွယ်ခဲ့ပြီး တစ်နိုင်ငံလုံး အာလူးခင်းများ ပျက်သည့်အတွက်ကြောင့် အငတ်ဘေးဆိုက်ခဲ့ရသည်။ အငတ်ဘေးမဆိုက်မီ နှစ်တစ်ရာလောက်ကို ကြည့်လျှင် အာလူးသည် အိုင်ရစ်ရှ် လူမျိုးတို့၏ မူလအစားအစာမဟုတ်သည်ကို တွေ့ရမည်။ လူချမ်းသာအချို့၏ ဥယျာဉ်တွင် အပျော်စိုက်သော သီးနှံ တစ်မျိုးမျှသာ။ အစောပိုင်းတွင် လယ်သမားတို့ကလည်း အာလူးစိုက်ရသည်ကို မကြိုက်ခဲ့ကြပါ။ အိုင်ယာလန်တွင် နှံစားသီးနှံအဖုံဖုံ ဒေသမျိုးများကို စိုက်ခဲ့ဖူးကြပြီး လယ်သမားတို့သည် နွားကိုလည်းမွေးကြသည်။

သို့ရာတွင် လယ်သမားများ ခပ်မြန်မြန်ပင် အာလူးကို စိုက်ဖြစ်လာအောင် စည်းရုံးခဲ့ကြသူများမှာ ထိုအချိန်က ဗြိတိသျှတို့နှင့် တစ်ပေါင်းတည်းရှိနေသောအစိုးရနှင့် မြေပိုင်ရှင်များ ဖြစ်ကြသည်။ ထိုအချိန်က အိုင်ယာလန်မှာ ယခုမြန်မာပြည်မှ လယ်သမား အများစုကဲ့သို့ပင် လယ်ကွက် ငါးဧကအောက်သာ ပိုင်ဆိုင်သူက အများစု ဖြစ်သည်။ လယ်လုပ်သူတို့ လယ်မပိုင်နိုင်ဘဲ မြေရှင်ထံမှာ လယ်ကို ငှားရသော ပမာဏကလည်း များစွာ ကြီးမားလှသဖြင့် မြေရှင်၏ အလိုကို လိုက်ကာ အာလူးကို စိုက်ကြရသည်။ နောက်အကြောင်းတစ်ရပ်က အာလူးမှာ မြေပိုင်ရှင်များအတွက် အလုပ်သမားများကို အာလူးကောက်ခွင့်ပေးပြီး လုပ်အားခ ပေးရသည်မှာ အဆင်ပြေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် အာလူးစိုက်ပျိုးမှာ ပမာဏမှာ ကျယ်ပြန့်လာပြီး နိုင်ငံ၏ စိုက်ဧက ၆၀ ရာခိုင်နှုန်းမှာ အာလူးစိုက်သည့် မြေဖြစ်လာခဲ့သည်။

အငတ်ဘေးကျသောနှစ်တွင် အိုင်ယာလန် ပြည်သူများမှာ မငတ်ထိုက် ပါပဲ အငတ်ဘေးနှင့် ကြုံခဲ့ရသည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် အိုင်ယာလန်က ပြန်ပြီး ပြည်ပသို့ တင်ပို့ (Export ပို့ကုန်) သော အခြားစားသောက်ကုန်များကို ပြည်ပ သို့မပို့ဘဲ အိုင်ယာလန်အတွက်သာ ထားနိုင်ရန် အစိုးရက ဝင်ရောက်စီမံခဲ့လျှင် အငတ်ဘေးဖြစ်လာစရာ အကြောင်းမရှိဟု ဆိုကြသည်။ သို့ရာတွင် ထိုအချိန်က ဈေးကွက်သည် သူ့သဘောသူ ဆောင်မည်ဖြစ်သောကြောင့် အစိုးရက ဝင်စွက်ခြင်းမှာ မလုပ်ကောင်းသည့်အရာ ဟူ၍ အစိုးရဘက်မှ တာဝန်ရှိသူများက သဘောထားခဲ့ကြသည်။ အထူးသဖြင့် အိုင်ယာလန် အငတ်ဘေးကျရောက်စဉ် အိုင်ယာလန်သို့ တစ်ကြိမ်မျှပင် မလာ ရောက်ခဲ့သော အိုင်ယာလန် သက်သာ ချောင်ချိရေးအတွက် ခန့်ထားသည့် အရာရှိ ဆာချားလ် အက်ဒွက် ထရီဗယ်လျံ (Charles Edward Trevelyan) သည် John Stuart Mill ၏ အငတ်ဘေးကျခဲ့လျှင် အစိုးရဝင်ရောက်စွက်ဖက်က ပိုဆိုးနိုင်သည်ဟူသော အယူအဆကို ကိုင်စွဲသူဖြစ်ခြင်းက လူတစ်သန်း၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့သည်။

ထိုအစိုးရ၏ ချို့ယွင်းချက်များအပြင် အခြေခံကျကျ မှားယွင်းခဲ့သော အကြောင်းရင်းတစ်ရပ်မှာ စိုက်ပျိုးရေးမူ ဝါဒအမှားဖြစ်သည်။ ငွေရရန်စိုက်သော Cash Crop အာလူးတစ်မျိုးတည်းကို အားထားခဲ့ခြင်း အခြားသော အာလူးမျိုးများပင် မူကွဲမစိုက်ပဲ အရောင်းတွင် သည့်မျိုးကိုသာ တစိုက်မတ်မတ် အားပေးခဲ့ကြခြင်း၊ သီးနှံမျိုးစုံအောင်စိုက်ခဲသည့် ဌာနေ ဓလေ့နှင့်မျိုးစေ့များကို ဖျက်ပစ်ခဲ့ ခြင်းတို့ ရှိခဲ့သည်။ ဥရောပသည် ထိုအမှားမျိုးကို နောင်အခါတွင်လည်း ထပ်ထပ် ကျော့ပါသည်။ အိုင်ယာလန်ကဲ့သို့ အငတ်ဘေး မကြုံအောင် အခြားနည်းများဖြင့် (အစားအသောက်ကို တင်သွင်း ခြင်းဖြင့်) ဖြေရှင်းခဲ့ကြသော်လည်း bio-genetics အပင်မျိုးဗီဇ အမွေအနှစ်များကို ဈေးကွက် မက်လုံးအောက်တွင် ဖျက်ဆီး ခဲ့ကြသည်။ ဥရောပသည် နီယိုလစ်ဘရယ် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ သည့်နှစ်များတွင် ရှေးရိုးစဉ်လာ စိုက်ခဲ့ကြသော မှတ်ပုံမတင်ထားသည့် မျိုးစေ့များကို ပိတ်ပင်သော ဥပဒေများပြဋ္ဌာန်းခဲ့သည်။ မှတ်ပုံမတင်ထားလျှင် မျိုးသန့် မဟုတ်ဟူသော စည်းမျဉ်းစည်းကမ်းအရ မျိုးစေ့တစ်ခု အထွက်နှုန်းကောင်း၏ မကောင်း၏ကို အခြားအချက်များထက် ပိုအလေးထားသည်။ ဥရောပ မျိုးစေ့ လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးသည် မျိုးစေ့ဝယ်သူတို့ မျိုးစေ့ကောင်းကောင်းရရှိရန် ဟူသော မျှော်မှန်းချက်မျိုးဖြင့် ဆောင် ရွက်ခဲ့ကြသော်လည်း ထိုသို့ မျိုးစေ့များသည် သတ်မှတ်အဆင့်အတန်းရှိမှ ဈေးကွက် ဝင်ရမည် ဆိုခြင်း၏ နောက်ဆက်တွဲကြောင့် ဘေးထွက် ဆိုးကျိုးများရှိခဲ့သည်။ စံနှုန်းသတ်မှတ်ချက်များကို ဓါတ်ခွဲခန်းတွင် စမ်းသပ်ပြီးမှ ဈေးကွက်ထဲ သွင်းခွင့်ရမည်- တရားဝင်မျိုးစေ့အဖြစ် ရပ်တည် နိုင်မည်ဆိုသောကြောင့် ရှေးရိုးစဉ်ဆက် စိုက်ပျိုးခဲ့ကြသော တောင်သူတို့၏ မျိုးစေ့များမှာ ရောင်းရန်၊ ဝယ်ရန်၊ စိုက်ပျိုး ရန် ဆေးခြောက်ထက်ပင် ပိုခက်သေးသည်ဟု အိုင်းရစ် မျိုးစေ့ စုဆောင်းသူ များအဖွဲ့က ပြောကြားခဲ့သည်။ ထိုသို့ ကုမ္ပဏီများက ရောင်းချသော မျိုးစေ့ကိုသာ အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် အခြားမျိုးစေ့တို့လည်း ရေရှည် ရပ်တည်ရန် ခက်ခဲလာပြီး နှစ်အနည်းငယ်အတွင်း ပပျောက်ကာ နောင်တွင် ပြန်ရှာမရဖြစ်တတ်သည်။ အစားအသောက်နှင့် ဆက်စပ်နေသောလူမှု ဓလေ့ထုံးစံ များနှင့် ယဉ်ကျေးမှုအမွေကို ဆုံးရှုံးရသည့်အပြင် ဈေးကွက်ဝင် သီးနှံကို အလွန်အမင်း မှီခိုရသည့်အတွက် ပြင်ပအခြေအနေ၏ တည်ငြိမ်မှုက မိမိကံကြမ္မာကို ပြဋ္ဌာန်းလေ့ရှိသည်။

သေချာသည်မှာ မျိုးစေ့ သန့်မသန့်ကို ဓာတ်ခွဲစစ်ဆေးရသည်မှာ အကုန်အကျများသောကြောင့် မစစ်ဆေးနိုင်လျှင် ဥရောပ တစ်ဝှမ်း အသိအမှတ်ပြုထားသော မျိုးစေ့စာရင်းတွင် မဝင်နိုင်သောကြောင့် ဒေသအစားအသောက်ကို ထုတ်လုပ်နိုင်သည့် အပင်မျိုးပေါင်း များစွာမှာ ရောင်းဝယ် စိုက်ပျိုးရန် တရားမဝင်ဟု သတ်မှတ်ခံရတော့သည်။

“Seed testing is expensive and varieties that were not tested were dropped from the European-approved list, making many native foodstuffs illegal to be bought, sold or grown.”

The Irish Seed Saver Association

ယခုအခါ အတိတ်မှ သင်ခန်းစာကို ပြန်လှန်လေ့လာနေကြသော ထိုမျိုးစေ့ ထိန်းသိမ်းရေး အဖွဲ့ဝင်များသည် အရည်အသွေးရှိသည့် ရှားပါးသော ဒေသမျိုး ရင်းပေါင်း ၆၀ဝ ကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက်နေကြသည်။ တစ်ချိန်တည်းတွင် ၁၉၇၀ ကျော်က ချမှတ်ခဲ့သော ဥရောပ အပင်မျိုးများဆိုင်ရာ ဥပဒေများ၏ ကောင်းကျိုးမပေးသည့် နေရာများကို ထောက်ပြနေကြသည်။

သို့ရာတွင် ထိုအလုပ်များစတင်ချိန်၌ အိုင်ယာလန်တွင် ဘိုးဘွားတို့လက်ထက်က ရှိခဲ့သော မျိုးစေ့ပေါင်းများစွာသည် ပျောက်ဆုံးသွားခဲ့ကြပြီ။ လက်ရှိ ကမ္ဘာ့မျိုးစေ့ ဈေး ကွက်၏ ၈၀ ရာခိုင်နှုန်းမှာ ကော်ပိုရိတ်တို့၏ လက်ထဲတွင်ရှိသည်။ များစွာသော စိုက်ခင်းများသည်လည်း လယ်သမားများ လက်တွင်မရှိတော့ဘဲ ကုမ္ပဏီတို့ လက်ထဲတွင် ရောက်ရှိနေကြပြီး လယ်သမား စစ်စစ်ဖြစ်ခဲ့သော ကမ္ဘာအရပ်ရပ် မှလာသည့် အနေဆင်းရဲမှုကို မညည်းတွားရဲသော ရွေးစရာလမ်းမရှိသော ရွှေ့ပြောင်းလုပ်သားများက ကုမ္ပဏီ၏ လယ်ကိုလုပ်ကိုင်နေကြသည်။ ဤနည်းဖြင့် စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ချိရေးလမ်းကြောင်းတစ်ခုလုံးကို ကော်ပိုရိတ် များက ကြီးစိုးလာကြသည်။ အဆိုးဆုံးမှာ စားနပ်ရိက္ခာ ဈေးကွက်ထဲမှ အမြတ် ငွေဖြင့် မတင်းတိမ်နိုင်သော ထိုကော် ပိုရိတ်များ၏ နောက်ခြေတစ်လှမ်းမှာ ရှယ်ယာရှင်များချမ်းသာသထက် ချမ်းသာစေရန် ငွေကြေး ဈေးကွက်ထဲသို့ ဝင်ရောက် ကစားခြင်းဖြစ်သည်။ ကိုဗစ်ကဲ့သို့ စားသောက်ကုန်လုပ်ငန်းများ အကျပ်အတည်း ဖြစ်သောအခါတွင်မူ ထိုဓနဥစ္စာများကို သာမန်လယ်သမားတို့ကဲ့သို့ စားသောက်ကုန်လုပ်ငန်းထဲ အရှုံးခံပြီး ငွေပြန်မမြှုပ်လိုကြခြင်းမှာ လက်ရှိ ဖွံ့ဖြိုးပြီး ကမ္ဘာမှ အစိုးရများကို ခေါင်းကိုက်စေသော ကိစ္စတစ်ခုဖြစ်နေသည်။

ထိုအငတ်ဘေးမျိုးကို ခေတ်သစ် ကမ္ဘာတွင် ထပ်မံမပေါ်ပေါက်ရန် ဖြေရှင်းကြသည့်နည်းမှာ Food security စားနပ်ရိက္ခာလုံခြုံရေးကို စဉ်းစားပေးခြင်းဖြစ်သည်။ စားနပ်ရိက္ခာဖူလုံမှု သဘောတွင် အဘယ့်ကြောင့် မဖူလုံမှုများ၊ ငတ်မွတ်မှုများ ဖြစ်လာရသနည်းဟူသော အကြောင်းရင်းများကို ခြေခြေ မြစ်မြစ်ရှာဖွေခြင်း၊ ရေရှည် ထပ်မဖြစ်အောင် ဖြေရှင်းခြင်းထက် လက်ရှိအငတ်ဘေး မကြုံအောင် ဖြေရှင်းရန် ဦးစားပေး လေ့ရှိသောမူ ဖြစ်ပါသည်။ စားနပ်ရိက္ခာ ဖူလုံရေးဟူသောသဘောကို ခေတ်သစ်ကမ္ဘာတွင် ကုလမှအစပြု၍ အဖွဲ့အစည်း များက မကြာခဏဆိုသလို အဆိုပြုလေ့ရှိကြသည်။ ‌ဝေဖန်ဆန်းစစ်တတ် သူတို့အားမရတတ်သော ထိုရိက္ခာ လုံခြုံရေးအမြင်မှာ လူအများ လက်ငင်း ရိက္ခာရရှိရေး မငတ်မွတ်ရေးကို အခြေခံပြီး အောက်ပါ ရှုထောင့်လေးရပ်ကို အခြေခံလေ့ရှိပါသည်။

Availability: စားနပ်ရိက္ခာ ထွက်ရှိရမည်။ (မည်သည့်အရပ်မှ ထွက်ရှိသည်ဖြစ်စေ၊ မည်သူက ထုတ်လုပ် ဖြန့်ချိသည် ဖြစ်စေ၊ မည်သူက ဝေငှပေး သည်ဖြစ်စေ စားနပ်ရိက္ခာရရှိပြီဆိုရန် အဓိကဖြစ်သည်။)

  • Access: စားနပ်ရိက္ခာ ဝယ်ယူ နိုင်ရမည်။ (ဝယ်ယူစရာငွေရှိရန်လိုသည်။)
  • Utilization: စားနပ်ရိက္ခာကို ကောင်းကောင်းစားနိုင်ရမည်။ (စားပြီး အားရှိရမည်)
  • Stability: လိုအပ်သော စားစရာကို လိုအပ်သည့်အချိန်မှာစားသုံးရန် အဆက်မပြတ်ရှိရမည်။

ထို့ကြောင့်ပင်လျှင် ကိုဗစ်-၁၉ ကဲ့သို့ ဒေသများတစ်ခုနှင့် တစ်ခု အဆက်ပြတ်ကြသော၊ စားနပ်ရိက္ခာ ကုန်သွယ်လမ်းကြောင်းများ မချောမွေ့သောအချိန်မျိုးတွင် နိုင်ငံအသီးသီး က တုံ့ပြန်ရေး အစီအမံများချမှတ်သောအခါတွင် စားနပ်ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းများပေါ် ကျရောက်မည့် အကျိုးဆက်များ၊ ကမ္ဘာ့ကုန်သွယ်ရေး နှင့် ရိက္ခာဖူလုံရေးကို မရည်ရွယ်ဘဲ ကျရောက်နိုင်သည့် ဆိုးကျိုးများကို အလေးထားစဉ်းစားကြပြီး ဆောင်ရွက်ရန် အစိုးရများကို ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးနေကြသည်။

လောလောဆယ်တွင် ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်မှု အစီအမံများကြောင့် စားနပ်ရိက္ခာလုပ်ငန်း ကွင်းဆက်များ Food supply chain များကို မထိခိုက်စေသင့်ဟု နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အကြံပြုထားကြပါသည်။

ပညာရှင် အတော်များများ ကမူ ရေရှည်တွင် စားနပ်ရိက္ခာ ကုန်သွယ်ရေးကွင်းဆက်များကို ထိန်းထားရုံနှင့် မလုံလောက်ဘဲ ထိုလမ်းကြောင်း ပေါ်တွင် အမြစ်တွယ်နေသော ရေရည် စိုက်ပျိုးစီးပွားနှင့် မှီခိုနေရသူများကို ဒုက္ခပေးနိုင်သည်များအား လေးလေးနက်နက် ပြင်ဆင်ရန်လိုပြီ ဖြစ်ကြောင်း စားနပ်ရိက္ခာအချုပ်အခြာ- Food sovereignty ရှုထောင့်ဘက်မှ ကျယ်ကျယ်လောင်လောင်ပင် ပြောဆိုနေကြပါသည်။

ဆက်လက်ဖော်ပြပါမည်…