ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

0
407

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon

အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံ အားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ် ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။

ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်း အောင်ဆိုပြီး ဗီတာမင် C များများ စားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြော ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ မှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။
ဗီတာမင် C က ကိုယ်ခံအား ကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ လူတိုင်း သိထားပြီးဖြစ်မှာပါ။ ဗီတာမင် C က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေဖို့နဲ့ သံဓာတ် စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။

ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်သလို သိမ်းဆည်း မထားနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဗီတာမင် C ကို စားသုံး လိုက်ပြီဆိုတာနဲ့ ကိုယ်တွင်း အရည်တွေကနေတစ်ဆင့် တစ်ရှူးတွေဆီကို ပေးပို့ပါတယ်။ ပိုလျှံနေတာတွေကိုတော့ ဆီးကနေတစ်ဆင့် စွန့်ထုတ်ပါတယ်။

ဗီတာမင် C က ကိုယ်ခံအား ကောင်းစေတယ်ဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ပမာဏ ၆၅ မီလီဂရမ် ကနေ ၉၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နေ့ကို ၂၀ဝ၀ မီလီဂရမ်အထိပဲ စားသုံးသင့်ပါတယ်။ ဗီတာမင် C ကို လိုတာထက် ပိုမို စားသုံးတဲ့အခါ
၁) ဝမ်းပျက်ဝမ်းလျှောတာ
၂) မအီမသာဖြစ်တာ
၃) အော့အန်တာ
၄) ရင်ပူတာ
၅) ဗိုက်အောင့်တာ
၆) ခေါင်းကိုက်တာ
၇) အိပ်မပျော်တာ
၈) ကျောက်ကပ်မှာ ကျောက်တည်တာ
၉) အစာခြေစနစ် ပြဿနာ
၁၀) သံဓာတ်လွန်ကဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။ သံဓာတ် လွန်ကဲတဲ့အခါ အသည်း၊ နှလုံး၊ ပန်ကရိယ၊ သိုင်းရွိုက်၊ ဗဟိုအာရုံကြောစနစ်တွေ ထိခိုက်စေနိုင်ပါတယ်။

ပုံမှန်ကတော့ နေ့စဉ် စားသုံးနေတဲ့ အသီးအရွက်တွေနဲ့ စားစရာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏက တစ်နေ့တာ လိုအပ်ချက်ကို အကာင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ဗီတာမင် C ကို အစားအစာတွေကနေပဲ ရယူပြီး မလိုအပ်ဘဲ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။