ပုလောတွင် လက်လုပ်ပလပ်ခုံမှ အပူလွန်ကဲပြီး မီးလောင်

0
162
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက်လုံး ကြီးကျေးရွာအုပ်စု အရှေ့ကုန်းရွာရှိ နေအိမ် နှစ်ထပ်တိုက်တစ်ဆောင်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါနေအိမ်ပေါ်တွင် ယာယီပြု လုပ်ထားသည့် လက်လုပ်ပလပ်ခုံတွင် ဖုန်းအားသွင်းရာ အပူလွန်ကဲပြီးအနီးရှိ ပစ္စည်းတို့မှတစ်ဆင့် ကူးစက်ကာ ညနေ ၄ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ထိုက်က ပြောသည်။

မီးလောင်သည့် နေအိမ်အား ပုလောမြို့နယ်၊ ပလောက်မြို့မီးသတ်ဌာနမှ မီးတပ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာခံတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ တစ်နာရီခွဲခန့် အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် ကျပ် ၁၆ သိန်းကျော်ဖိုး ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူများ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုတွင် တာဝန်ရှိသည့် နေအိမ်ရှင်အား ပလောက်မြို့နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချစ်ဖြိုးပိုင်