ပြောင်းလဲလာနိုင်သည့် ကပ်ဘေးကာလ တုံ့ပြန်မှုများ

0
573
Dawei Watch, Dawei News, Dawei News Media

သည်ကာလမှာ ကြုံကြရတဲ့ ကပ်ဘေးတုံ့ပြန်မှုတွေကို လေ့လာတဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်။

ပရိုအတ်တစ်(Proactive)

Proactive ဆိုတာ ကပ်ဘေးအတွက် စိုးရိမ်တကြီး စောင့်ကြည့်ပြီး ကြိုတင်ကာ သတိပေးလိုသူ ပြင်ဆင်လိုသူတွေကို ဆိုလိုတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် စပြီး တွေ့ရှိစဉ်ကတည်းကိုက စောင့်ကြည့်ပြီး တုံ့ပြန် အသင့်ပြင်ဆောင်ရွက်သင့်တာတွေ သတိပေးသလို ဖြစ်တန်စွမ်းတွေကိုလည်း ကြိုတင်မှန်းဆ သတိပေးကြသူတွေ ဖြစ်တယ်။

ပထမလှိုင်းကာလမှာ သူတို့ ခန့်မှန်းချက်တွေ လွဲခဲ့ပေမဲ့ စက်တင်ဘာလ မှာစတဲ့ ကိုဗစ်-၁၉ ကပ်ဘေး ဒုတိယလှိုင်း ကာလဟာ မကြာမတင်မှာပဲ ခန့်မှန်းတဲ့ အတိုင်း များပြားစွာ ကူးစက်မှုတွေ တွေ့လာကြရတယ်။ အသေအပျောက်ပါ အများအပြား ရှိလာခဲ့ပါပြီ။ ခန့်မှန်းချက်အရ အဲသည့်ထက် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း အစောကတည်းက ကြိုတင်တွက်ဆလို့ ပြင်ဆင်နေကြပါပြီ။

သည်ညနေ ကိန်းဂဏန်းတွေအရ မြန်မာတစ်နိုင်ငံလုံး စုစုပေါင်း ပိုးတွေ့ သူ ၇၃၃၂၂ ဦးရှိပြီဖြစ်ပြီး သေဆုံးသူက ၁၆၅၀ ဦးရှိ ခဲ့ပါပြီ။ ပိုးတွေ့နှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး ပြန်ကောင်းနှုန်းက ၇၄ ဒသမ ၇ ရာခိုင်နှုန်းရှိကာ ပိုးတွေ့ လူနာ သေဆုံးနှုန်းက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ရှိပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သည်ညနေ ထုတ်ပြန်ကြေညာခဲ့တယ်။

တိုင်းအတွင်း ပထမဆုံး သေဆုံးပိုးတွေ့ လူနာနဲ့ တိုင်းအတွင်း ပထမ ကူးစက်မှု အများဆုံး မြိတ်
၁၆-၁၁-၂၀၂၀ မှာ ပထမဆုံး တိုင်းအတွင်း ရောဂါကြောင့် သေဆုံးရသူ မြိတ်မြို့မှာ ပထမဆုံး စတင်ရှိလာခဲ့ ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ၁၈-၁၁-၂၀၂၀ ညနေ ၄ နာရီအထိ စာရင်းအရ မြိတ်မှာ ထပ်တိုး ပိုးတွေ့လူနာ ခြောက်ဦးရှိခဲ့ပြီး ပိုးတွေ့လူနာ စုစုပေါင်း ၁၄၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းအတွင်းမှာ မြိတ်က ပထမ နေရာမှာရှိနေပြီး ထားဝယ်က ၁၁၁ ဦးနဲ့ ဒုတိယ၊ ပုလောက ၅၇ ဦးနဲ့ တတိယမှာ ရှိနေတယ်။ ၁၆-၁၁-၂၀၂၀ မှာ ပထမဆုံး တိုင်းအတွင်း ရောဂါကြောင့် သေဆုံးရသူ မြိတ်မြို့မှာ ပထမဆုံး စတင်ရှိလာပြီ ဖြစ်ပါတယ်။

သည်ညနေမှာမှ မော်လမြိုင်က ထပ်မံဝင်လာတဲ့ အဖြေတွေအရ မြိတ်မြို့မှာ ပိုးတွေ့ ၁၀ ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်း ၁၅၀ ဦးရှိခဲ့ပြီဖြစ်ကာ လက်ရှိ ဆေးရုံတက် လူနာပေါင်း ၄၆ ဦးနဲ့ ယနေ့ထပ်တိုးလူနာ ၁၆ ဦး ပေါင်းပါက ၅၂ ဦး ရှိနေပြီဖြစ်ပါတယ်။ မြိတ်ဆေးရုံကြီးမှာ လက်ခံကုသနိုင်တဲ့ လူနာအရေအတွက် ပြည့်ပြီဖြစ်ပြီး မြိတ်ပြည်သူ့ ဆေးရုံကြီးရဲ့ တိုးချဲ့ ကိုဗစ်ကုသမှု စင်တာအဖြစ် သံဃာ့ဆေးရုံနေရာနဲ့ မြိတ်တိုင်းရင်း ဆေးရုံနေရာတွေကိုလျာထား အသင့်ပြင်ဆင်နေကြပါတယ်။

ကပ်ဘေးနဲ့ ထိခိုက်နိုင်ချေ မှန်းဆခြင်း
ပိုးတွေ့လူနာ တစ်ဦးကနေ သုံးဦးအထိ ရောဂါဖြန့်ပြီး ဖြစ်တန်စွမ်းအရ အနည်းဆုံး လူထုအတွင်းမှာ ရောဂါပိုး သယ်ဆောင်သူ ၁၅၀ ဒါမှမဟုတ်သည့် ထက်မက ရောဂါပိုးရှိနေသူ ပြည်သူလူထုအတွင်းရှိနေနိုင်ပြီး ဖြစ်ပါတယ်။

အောက်တိုဘာလ နောက်ဆုံး အပတ်ကစတင်တဲ့ အထိန်းအကွပ်မဲ့ အပြိုင်မဲဆွယ် လူစုလူဝေးတွေနဲ့ နိုဝင်ဘာလ ဒုတိယပတ်က စတင်ခဲ့တဲ့ အန္တရာယ်မကင်းတဲ့ အောင်ပွဲခံ လူစုလူဝေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုဝင်ဘာလ တတိယပတ်မှ စတုတ္ထပတ်အတွင်း ဆတိုး များပြားတွေ့ရှိလာနိုင်တယ်လို့ မှန်းဆထားကြပါတယ်။ မှန်းဆတဲ့ အတိုင်းလည်း ယခုအခါ ဆတိုး လူနာတွေ တွေ့လာကြရပြီး ကွာရန်တင်းစင်တာတွေ မဆံ့၊ ဆေးရုံ ကုသရေးစင်တာတွေ မလုံလောက် ဖြစ်လာပါပြီ။ ကံမကောင်းလျှင် သေဆုံးမှုတွေသည့်ထက် တိုးလာ နိုင်တယ်လို့လည်း မှန်းဆထားကြပါတယ်။

မှန်းဆချက်အတွက် ပြင်ဆင်မှု
သည့်အတွက်လည်း လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ အိမ်အတွင်းမှာပဲ နေကြဖို့ တစ်နိုင်ငံလုံးကို မေတ္တာရပ်ခံနေသလို အဲသလို Stay Homeအတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်လာဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကို မျက်နှာအဖုံးနဲ့အကာ တပ်ဆင်တဲ့ လှုပ်ရှားမှုတွေ လုပ်ကြဖို့လည်း လှုံ့ဆော်နေကြပါတယ်။

သည်လို ဖြစ်လာတဲ့အချိန်အခါမှာမှ လတ်တလော တွေ့ရှိချက်တွေအပေါ် ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားကြသူတွေက ရီအတ်တစ် (Reactive) လို့ ဆိုနိုင်ပါ တယ်။

ကပ်ဘေးကာလ တုံ့ပြန်မှု ပြောင်းလဲလာခြင်း
တုံ့ပြန်မှုမှာ ကာလအလိုက် ပြောင်းလဲလာနိုင်တယ်။ ကပ်ဘေးကာလ အစမှာ ရောဂါပိုးတွေ့ရှိသူ နည်းတဲ့အတွက် လက်နိုင်ခြေနိုင် တုံ့ပြန်နိုင်ပါတယ်။

အစောပိုင်းကာလဖြစ်တဲ့အတွက် အလျင်အမြန် တုံ့ပြန်ကြပြီး ကူးစက်မှုကို ဖြတ်တောက်ဖို့ ကြိုးစားကြရတယ်။ ပြည်ပက အပြန်တွေကို စစ်ဆေးတာ၊ ကွာရန်တင်းထားတာ စတဲ့ အရေးအရာ တွေကို ကပ်ဘေးအစမှာ ထိထိရောက် ရောက် လုပ်ဆောင်နိုင်ကြတယ်။

ကပ်ဘေးကာလ ကြာလာချိန် ထိန်းကွပ်မှု အားနည်းလာပြီး ပိုးတွေ့သူ ကလည်း များလာတဲ့အခါမှာ တုံ့ပြန်မှုတွေမှာ အခြေအနေနဲ့ အချိန်အခါအရ စံပြုလုပ်ထုံးနဲ့ တုံ့ပြန်မှုတွေ လိုက်လျော ညီထွေ ပြောင်းလာကြတယ်။ လက်ရှိ အနေအထားမှာ ပြန်လည် သုံးသပ်တဲ့အခါ ရောဂါပိုးသည် ပြည်သူအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေနိုင်မှု(Local Spread) ရှိနေနိုင်ချေ ရှိနေသလို ကုသရေး စင်တာတွေနဲ့ ကွာရန်တင်းစင်တာတွေမှာ ကုသမှုပေးနိုင်စွမ်းနဲ့ ထားရှိနိုင်တဲ့ လူဦးရေ ပမာဏကို ကျော်လွန်လာပြီး မနိုင်မနင်းသဘော ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အဲသည်အခါ တုံ့ပြန်မှုဟာ ပြောင်းလဲဖို့ မလွဲမသွေ လိုအပ်လာတယ်။

Triage System ကို အသုံးပြုခြင်း
Triage ဆိုတာ ပြင်သစ်ဘာသာ စကားဖြစ်ပြီး Solve (ဖြေရှင်းခြင်း)လို့ အဓိပ္ပါယ်ရတယ်။ လူစုလူဝေး လိုက်ကြီး ထိခိုက် ဒဏ်ရာရတဲ့အခါဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် လူအများ ထိခိုက်တဲ့အခါဖြစ်စေ၊ ယာဉ်မတော်တဆမှုမျိုး ကြောင့် လူအများကြီး တစ်ချိန်တည်းမှာ အုံလိုက်ကျင်းလိုက် ဒဏ်ရာရတဲ့အခါ ဖြစ်စေ၊ ကျန်းမာရေးဌာနတွေ မနိုင်နင်းတော့တဲ့အခါ ဖြစ်စေ အဲသည် စနစ်ကို သုံးပြီး လူနာရဲ့ အခြေအနေအလိုက် ခွဲခြား ဖြေရှင်းကြတဲ့စနစ်ဖြစ်တယ်။

ဆိုလိုတာက မည်မျှပင် အသည်းအသန်ဖြစ်သည်ဆိုစေကာမူ ရသောအချိန်မှာ ရှိသော ရင်းမြစ်နဲ့ အထိအခိုက် အလေအလွင့် အနည်းဆုံးဖြစ်အောင် လူနာကို ခွဲခြားပြီး ဖြေရှင်းကြရတာ ဖြစ်တယ်။

အနီရောင်အဆင့် ဆိုတာက လူနာအနေနဲ့ အသည်းအသန် ဖြစ်နေပြီး ကိုဗစ်ကပ်ဘေးမှာ ဆိုရင်တော့ အသက်ရှူမဝဘဲ သေလုလု အခြေအနေမျိုး၊ အသက်ရှူအားကူစက် မလွဲမသွေ တပ်ဆင်ဖို့ လိုအပ်တဲ့ အခြေအနေမျိုး၊ အသက်ဘေး ရှိနေတဲ့ အခြေအနေမျိုးကို ဆိုလိုတယ်။ သည်အခြေအနေမျိုး လူနာကိုက ဦးစားပေးပြီး အလျင်အမြန် ဆေးရုံတင်ပြီး ကုသမှု ရဖို့ ဆောင်ရွက်ကြရတယ်။ သို့သော် ကပ်ရောဂါ ကိုဗစ်ကာလမှာ အနီရောင်အဆင့် လူနာ ဖြစ်စေကာမူ ဆေးရုံတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကိုဗစ်ရောဂါပိုး ရှိနိုင်သည်ဟု သံသယရှိပါက လူနာသယ်ယူသူ၊ ကုသမှုပေးသူတွေအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် တစ်ကိုယ်ရေ အကာအကွယ် ဝတ်စုံ(Personal Protective Equipment) အပြည့်အစုံ ဝတ်ဆင်ပြီးမှ စတင်ကုသဖို့ အကြံပြုထားပါတယ်။

အဝါရောင်ဆိုတာက အသက်အန္တရာယ် ရုတ်ချည်းမရှိပေမဲ့ ဒုတိယ ဦးစားပေး ဂရုစိုက်ရမည့် အခြေအနေဖြစ်တယ်။

အစိမ်းရောင် ဆိုတာကတော့ လတ်တလော အသက်ဘေးမရှိသော လူနာပါ။ ကိုဗစ်မှာ အသက်ရှူလမ်းကြောင်း ခက်ခဲမှုမရှိသော၊ ဒေါင်ဒေါင်မည် ကျန်းမာ သော ပိုးတွေ့ရောဂါ လက္ခဏာမရှိ လူနာတွေကို ဆိုလိုပါတယ်။

အမည်းရောင်ကျတော့ အသက်မရှိတော့သော သေဆုံးခန္ဓာတွေကို ဆိုလိုပါတယ်။

ကိုဗစ် ကပ်ဘေးမှာ ဘယ်လူနာကိုမဆို ကျန်းမာရေးစောင့်ရှောက်မှု ပေးကြရသူ၊ သယ်ယူပို့ဆောင် ပေးကြရသူတွေရဲ့ ဘေးကင်းမှုကို အလေးအနက် ထားကြရပါတယ်။

ရန်ကုန်လို ကပ်ရောဂါ ဗဟို (Epicenter) ဖြစ်လာတဲ့အခါဖြစ်စေ၊ လူနာအတွက် နေရာ မပေးနိုင်တော့တဲ့ အခါဖြစ်စေ Triage system ကို သုံးပြီး လူနာတွေကို ခွဲခြားကြရပါတယ်။

လတ်တလော အနေအထား
လက်ရှိအနေအထားအရဆိုရင် ဒေသတွင်း ပိုးပျံ့နှံ့မှုက ရှိနှင့်နေပြီးဖြစ် နိုင်တဲ့အတွက် အရင်သုံးနေကျ ပိုးတွေ့ ထိန်းချုပ်ခြင်း ဗျူဟာ (Containment Strategy) ဟာ ထိရောက်မှု မရှိနိုင်တော့လို့ ဆိုရမှာ ဖြစ်ပါတယ်။ သည့်အပြင် ဆေးရုံများက လက်ခံကုသပေးနိုင်စွမ်းအရ ပိုးတွေ့သူတိုင်းကို အသည်းအသန် အလျင်အမြန် ဆေးရုံတင်ပို့ပါက ဆေးရုံများမှ လက်ခံနိုင်ရန် မလွယ်ဖြစ်လာနိုင်ပါတယ်။

လတ်တလော ကူးစက်နိုင်ချေ ဖြတ်တောက်ဖို့သည်သာ အဓိကဖြစ်တဲ့အတွက် အသည်းအသန် အလျင်အမြန် ဆေးရုံသို့ တင်ပို့ရန် မဖြစ်နိုင်သေးပါက ရောက်ရာအရပ်မှာ ကူးစက်မှုထပ်မံ မဖြစ်စေရန် ထိန်းချုပ်ထားပြီးမှ သင့်တော်ရာသို့ အစစအရာရာ ကြိုတင်ညှိ နှိုင်းစီစဉ်ပြီးပါမှ ပို့ဆောင်ကြရမည့် အခြေအနေ ရောက်လာနိုင်ပါတယ်။

ဆိုလိုတာက ပိုးတွေ့သူကို ရောက် နေသည့်နေရာမှာ ထိန်းချုပ်ထားပြီး ဆေးရုံ သို့မဟုတ် ကွာရန်တင်းစင်တာ ဘက်တွင် အသင့်ရှိနေမနေ ညှိနှိုင်းပြီးပါမှ အသင့်လွှဲပြောင်းပေးသည့် အခြေရောက်လာနိုင်ပါတယ်။ ယခင်ကတည်း က ထိန်းချုပ်ထားပြီးသား ကွာရန်တင်းစင်တာမှ ပိုးတွေ့လူနာ ဆိုပါလျှင် Triage System အရ အစိမ်းရောင် အဆင့်ဖြစ်ပါက ပိုမို၍အချိန်ယူ ပြင်ဆင်ပြီးပါမှ ဆေးရုံဘက်မှ အသင့်ရှိပါမှ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်အနေအထားမှာ အဲသည်ကာလမျိုး ရှိခဲ့ဖူးပါတယ်။

တိုသို့သော အခြေအနေမျိုးမှာ ပိုးတွေ့လူနာတိုင်း အရေးပေါ် မဟုတ်တော့ဟု ဆိုရပါမယ်။ အဘယ်ကြောင့် ဆိုသော် ပိုးရှိနေသူက အလွန်များပြားလာပြီး မနိုင်မနင်းတော့သောကြောင့်ဖြစ် ပါသည်။

သင်လည်း ပိုးတွေ့လူနာ ဖြစ်လာနိုင်ပါသည်
ပိုးတွေ့လူနာဆိုတာ လူသာမန်ထဲက လူသားတစ်ယောက်သာဖြစ်ပါတယ်။ ထူးခြားပြီး ခန္ဓာကိုယ် ပျက်ယွင်းနေသူလည်း မဟုတ်သလို ဘေးအန္တရာယ် အလွန်အမင်းရှိနေတဲ့ အန္တရာယ်ကောင်လည်း မဟုတ်ပါဘူး။

ပတ်ဝန်းကျင်မှာ လူကောင်းပကတိအတိုင်း ကျင်လည်နေတဲ့ ပိုးသယ်ဆောင် သူများ အမြောက်အမြားရှိနေနိုင်တဲ့ ယနေ့လို အခြေအနေမျိုးမှာ ကူးစက်မှု အဆမတန် များပြားလာပါက တစ်ချိန်မှာ အစိမ်းရောင် ဘေးအန္တရာယ်မရှိနိုင် သေးတဲ့အဆင့် ပိုးတွေ့လူနာများကို ဆေးရုံတွေက လက်မခံနိုင်ကြတော့ပါဘဲ မိမိတို့နေအိမ်နဲ့ ရပ်ကွက်မှာ သီးခြားခွဲခြားနေထိုင်ကြရမယ့် အနေအထား ရောက်လာနိုင်ပါတယ်။

အဲဒီလို အခြေအနေမှာ ပိုးတွေ့ လူနာကို ထိန်းချုပ်နိုင်ဖို့ထက် မိမိတို့ ကိုယ်ကိုသာ ကာကွယ်ဖို့သာ လူတိုင်း တစ်ဦးတစ်ယောက်ချင်း ပထမဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီလို ဖြစ်နိုင်ချေများတဲ့ နိုဝင်ဘာ နောက်ဆုံးပတ်နဲ့ အောက်တိုဘာလ ပထမပတ် ကာလအတွင်း တစ်နိုင်ငံလုံးကို အိမ်တွင်သာ နေကြရမည့်ကာလ(Stay Home) အဖြစ် သတ်မှတ်ကာ နေအိမ်မှာ ကန့်သတ်လျက် ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြမယ့် အနေအထားဖြစ်ပါတယ်။

ကပ်ဘေးကာလတွင်ပင် အန္တရာယ်မကင်းတဲ့ မဲဆွယ်အစုအဝေးနဲ့ အောင်ပွဲခံ အစုအဝေးကို မထိန်းချုပ်နိုင်ဘဲ ပရမ်းပတာ အထိန်းအကွပ်မဲ့ ပျော်ရွှင်ခဲ့ကြတဲ့ အကျိုးဆက်အဖြစ် လက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူ Asymptomatic Carrier အများအပြား ရှိနှင့်ပြီး ဖြစ်နိုင်ချေရှိနေတယ်။

အကယ်၍ မှန်းဆချက်အတိုင်းသာ အုံလိုက်ကျင်းလိုက် ကူးစက်မှုဖြစ်လာပါက အစိမ်းရောင်အဆင့် မစိုးရိမ်ရ လူနာများကို ဆေးရုံတွေမှာ လက်ခံကုသနိုင်တဲ့ အခြေအနေမရှိတော့တဲ့အတွက် ပိုးတွေ့လူနာတွေ့တာနဲ့ အသည်းအသန် အရေးပေါ် အနေအထားနဲ့ လုပ်ဆောင်ကာ ဆေးရုံအလျင်အမြန် ပို့ဆောင်ဖို့ မလိုအပ်တော့ဘဲ မိမိတို့ဘာသာ မိမိတို့ ရပ်ရွာ၊ အိမ်တွေမှာ သီးခြားစီ ခွဲခြားနေ ထိုင်ခိုင်းပြီး Triage System အရ လူနာကို အရေးကြီးတဲ့ အဆင့်အလိုက်သာ လက်သင့်ခံ ကုသနိုင်တော့မယ့် အခြေအနေ ရောက်လာနိုင်တယ်။

အဲဒီအခြေအနေကို ကျွန်တော်တို့ မမြင်မတွေ့လိုကြပါ။ မဖြစ်တန်ရာဟု မည်သူကမှ မဆိုနိုင်ပါ။ ဆုတောင်းလျက်သာ စောင့်ကြည့်ကြရတော့မယ့် အခြေအနေသာ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

ကိုရိုးဆေး