လမ်းခွဲပါတီ

0
756
Dawei Watch, Dawei News, Dawei News Media

လမ်းခွဲပါတီဆိုလို့ နိုင်ငံရေးပါတီလို့တော့ မထင်လိုက်ပါနဲ့။ ချစ်သူနှစ် ယောက် လမ်းခွဲကြတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ ပါတီပွဲနာမည်တစ်ခု။

သမီးရည်းစားနှစ်ယောက် ဘဝတိုး တက်ရာတိုးတက်ကြောင်းရှာဖို့ ကြိုးစားကြရင်း ညှိနှိုင်းမှုမရလို့ နောက်ဆုံး လမ်းခွဲ ဖို့ဆုံးဖြတ်လိုက်ကြရတယ်။ သူတို့ နှစ်ယောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကို သူငယ်ချင်းတွေကို အသိပေးဖို့အတွက် ပါတီပွဲလေးကျင်းပကြဖို့ နှစ်ယောက်သား စိတ်ကူးမိကြတယ်။ သူတို့ရဲ့ ပါတီပွဲလေးကိုတော့ လမ်းခွဲပါတီလို့ နာမည် ပေးလိုက်ကြတယ်။

ကြားကြားချင်းတော့ သူငယ်ချင်းတွေ မှင်တက်မိကုန်တယ်။ လမ်းခွဲ ပါတီဆိုတာက တစ်ခြားသောပါတီမျိုးလည်းမဟုတ်။ ဆိုတော့ ဝမ်းနည်းကြောင်း ပြတဲ့အနေနဲ့ အမည်းရောင်ဝတ်စုံပဲ ဝတ်ပြီးသွားရတော့မလို။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ပဲ လက်ဆောင်တွေကို ရွေးပြီးပေးရမလို။ ပါတီပွဲရောက်ချိန်မှာလည်း ဝမ်းနည်းကြောင်းအမှတ်တရစကားပဲ ပြောပေးရမလိုလိုနဲ့ အတော်လေးကို ဦးနှောက်ခြောက်ကုန်တယ်။

ဒီနေရာမှာ ချစ်သူနှစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းလေးကိုတော့ ချီးကျူးဖို့ကောင်းပါတယ်။ အမုန်းနဲ့လမ်းမခွဲဘဲ အပြုံးနဲ့လမ်းခွဲနိုင်ခဲ့ကြတယ်။ အဆစ်အနေနဲ့ လမ်းခွဲခြင်းအမှတ်တရ ပါတီပွဲလေးတောင် ကျင်းပလိုက်ကြသေးတယ်။ အမုန်းနဲ့မဟုတ်ဘဲ အပြုံးနဲ့ လမ်းခွဲခြင်း က တစ်ချိန်ချိန်ပြန်ပေါင်းဖက်နိုင်ခွင့်လည်း ရနိုင်သေးတယ်မဟုတ်လား။ ဒီလိုမှ မဟုတ်ဘဲ အမုန်းနဲ့ လမ်းခွဲလိုက်ရင်တော့ ပြန်လည်ပေါင်းဖက်ဖို့ အခွင့်အရေး နည်းသွားရတော့တယ်။

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းက လူငယ်စုံတွဲလေးတွေကတော့ အမုန်းနဲ့ လမ်းခွဲကြတာ များပါတယ်။ အရင်တုန်းကဆို လမ်းခွဲပြတ်စဲကြလို့ ရည်းစားဟောင်းက လိုက်သတ်ကြတဲ့သတင်းတွေ ကြားရတာခဏခဏ။ အက်ဆစ်နဲ့ ပက်လိုပက်။ ဓားနဲ့ထိုးလိုထိုး။ ကြောက်ဖို့ ကောင်းလိုက်တာ။ အချစ်ကြီးလို့ အမျက်ကြီးတာလား။ သူတို့အချစ်က စူဠသုဘဒ္ဒါလို အချစ်မျိုးလား။ ချစ်ရမှာတောင် ကြောက်စရာကြီး။

လူငယ်တွေတင်လားဆိုတော့ လူကြီးတွေလည်း အတူတူပဲဗျ။ အထူးသဖြင့် နိုင်ငံရေးသမားတွေ ကွဲကြပြဲကြပြီ ဆို အပြုံးနဲ့ထက် အမုန်းနဲ့လမ်းခွဲကြတာ များပါတယ်။ ဒါက ခေတ်အဆက်ဆက် ပါပဲ။ အရင်တုန်းကတော့ မသိမီခဲ့လို့ ဂဃနဏမပြောနိုင်။ အခုကတော့ မျက်မြင် ကိုယ်တွေ့မို့ တပ်အပ်ပြောနိုင်တယ်။ ကွဲကြပြဲကြပြီဆို တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်ကြတော့ဘူး။ အမုန်းစကားတွေပြော၊ အောက်လုံးတွေသုံးပြီး တိုက်ခိုက်ကြတော့တာပါပဲ။ ဆိုတော့ ပြန်လည်ပြေလည်အောင် ညှိနှိုင်းဖို့က သိပ်မလွယ်တော့။ လက်နက်မကိုင်တဲ့ လူအချင်းချင်းကြားတောင် အခုလို ဖြစ်နေကြတော့ လက်နက်ကိုင်တွေ အချင်းချင်း ပြေလည်အောင်ညှိနှိုင်းဖို့ အရေးက မျှော်လင့်ဖို့အတွက် ခက်နေပါတော့တယ်။

ကျွန်တော်တို့ လူမှုဝန်းကျင်မှာ တွေ့ဆုံညှိနှိုင်းခြင်း ယဉ်ကျေးမှု အားနည်းလို့ အခုလိုဖြစ်နေရတယ်လို့မြင်တယ်။ ဆိုတော့ ထိပ်တိုက်တွေ့ဆုံပြီး ညှိနှိုင်း အဖြေရှာတဲ့ ဓလေ့လေး ထွန်းကားလာအောင် ကြိုးစားကြရပါမယ်။ ဒီအလေ့ အကျင့်ကောင်းကို ပြုစုပျိုးထောင်ကြရပါမယ်။ ဒါမှ နိုင်ငံရဲ့အနာဂတ် ကောင်းမှာပါ။

၂၀၁၅ မှာ ရွေးကောက်ပွဲရှုံးခဲ့တယ်။ နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၂၀ရောက်တဲ့အထိ အရှုံးသံသရာထဲက မထွက်နိုင်ကြသေး။ စိတ်ထဲ မုန်းတီးစိတ်လည်း မပျက်ပြယ်သေးဘူးလို့တောင် ပြောချင်တယ်။ အမတ်လောင်းတွေ ပြေချင်ပြေမယ်။ ပါတီဝင်အချင်းချင်းကြားမှာတော့ အမုန်းမပြယ် မာန်စောင်လို့ နေကြပြန်တယ်။ ဆိုတော့ နိုင်ငံရေးရင့်ကျက်မှုက ကကြီးခခွေး အဆင့်ပဲ ရှိကြတယ်လို့ ဆိုချင်တယ်။ နိုင်ငံရေးမှာ မေတ္တာတရားကို ရှေ့တန်း မတင်နိုင်သေးသမျှ အောင်မြင်ဖို့မလွယ်ဘူး။ အနိုင်ရတဲ့သူလည်း အလုပ်ချော ချောမွေ့မွေ့လုပ်ဖို့ မလွယ်ဘူး။

ကျွန်တော်တို့ လမ်းခွဲပါတီလေး ဘယ်တော့များ ကျင်းပနိုင်ကြမလဲ။ ရှုံးတဲ့သူက နိုင်တဲ့သူကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဘယ်အချိန်မှာများ လက်ဆွဲနှုတ်ဆက် နိုင်ကြမလဲ။ ဒီလိုအခင်းအကျင်းမျိုး မြင်ချင်လိုက်တာ။ အခုတော့ သူများတွေဆီက မြင်ကွင်းတွေပဲကြည့်ပြီး အားကျနေရတယ်။ အမြန်ဆုံးဖြစ်လာပါစေလို့သာ ဆုတောင်းနေမိတော့တယ်။

လမ်းခွဲပါတီလေးကျင်းပပြီး နှုတ်ဆက်ခဲ့တဲ့ သမီးရည်းစားနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်မပြတ်နိုင်လို့ နောက်ဆုံးမှာ ပြန်လည်ညှိနှိုင်းပြီး ပေါင်းဖက်လက်တွဲ နိုင်ခဲ့ကြတယ်။ ရုပ်ရှင်ဇာတ်ကားဆိုပေမယ့် ကျွန်တော်တို့ အတုယူမယ်ဆို ယူလို့ရပါတယ်။ ဒီလို ထူးထူးဆန်းဆန်း စိတ်ကူး လေးတွေနဲ့ ရိုက်ပြတတ်လို့ အိန္ဒိယ ဇာတ်ကားလေးတွေကို ကျွန်တော် နှစ်သက်မိပြန်တယ်။

သန်းဇော်ဦး(ရလိုင်)