မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သားသောင်းချီ မဲပေးခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ

0
1608

မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သားသောင်းချီ မဲပေးခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ

မြိတ်၊ နိုဝင်ဘာ ၁

မြိတ်ခရိုင်အတွင်း ကမ်းနီးကမ်းဝေး ရေလုပ်သား သိန်းချီရှိရာတွင် သောင်းဂဏန်းဝန်းကျင်မှာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေကြောင်း ရေလုပ်သားများနှင့် ရေလုပ်ငန်းရှင်များ ထံမှသိရသည်။

 မြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင်ကျော်နှင့် ကမ်းနီးငါးဖမ်းလှေ ငါးထောင်ကျော်ရှိသည်။

ကမ်းဝေးလှေတစ်စီးလျှင် ရေလုပ်သား ၂၀ ဦးမှ ၄၀ ဦးကျော်ခန့်အထိရှိပြီး ကမ်းနီးလှေတစ်စီးတွင် ရေလုပ်သား ၁၅ ဦးမှ ၂၀ ဦးအထိရှိနေကြသည်။

ယင်းအနက်   ခန့်မှန်းရေလုပ်သား သုံးပုံတစ်ပုံခန့်မှာ မဲပေးခွင့် ဆုံးရှုံးနိုင်သည်ဟု ၎င်းတို့ကခန့်မှန်းပြောဆိုသည်။

ကမ်းနီးကမ်းဝေးလှေအများစုသည်  ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်ခန့်ကတည်းက မြိတ်ကမ်းသို့ ပြန်လည်ဆိုက်ရောက် လာကြပြီး လက်ရှိအချိန် ငါးများရောင်းချကြပြီးဖြစ်ကာ ရွေးကောက်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ ၈ ရက်မတိုင်မီ ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာကြတော့မည်ဖြစ်သည်။

၎င်းတို့အနေနှင့် မဲပေးပြီးမှ ပင်လယ်ပြင်သို့ ပြန်ထွက်ရန် ဆန္ဒရှိနေသော်လည်း ရက်သတ္တတစ်ပတ်ခန့်ကြာအောင် ဆိပ်ကမ်းတွင်နေထိုင်ပါက စရိတ်ထောင်းသည့်အတွက် လှေရှင်များက ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာစေလိုနေကြသည်။

ယင်းအတွက် ကြိုတင်မဲပေးရန် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ခဲ့ကြသော်လည်း ကြိုတင်မဲထည့်ခွင့် မရခဲ့ကြဟု ရေလုပ်သား များကပြောသည်။

 မဲထည့်ရန် စာရွက်ရထားပြီး မဲရုံသို့သွားရောက်ခဲ့သော်လည်း အသက် ၆၀ မကျော်သဖြင့် ထည့်ခွင့်မပေးပေ။  ရေလုပ်သားဖြစ်သည့်အတွက် ကြိုတင်မဲ ထည့်ခွင့်မပြုဟု ပြောဆိုကြောင်း မြိတ်မြို့၊ ရေပုန်းရပ်ကွက်နေ အသက် ၄၅ နှစ်ရှိ ကင်းမွန်မီးထွန်းလှေဦးစီး ဦးထွန်းညွန့် ကပြောသည်။

 “မနက်ဖြန်ဆို လှေပြန်ထွက်ရတော့မယ်။ ကျွန်တော်တို့လည်း မဲထည့်ချင်တာပေါ့။ ဒီကိစ္စကို ဘယ်သူမှ  မစီစဉ်ပေးတော့ ကျွန်တော်တို့ရေလုပ်သား အများစုမှာ မဲထည့်ခွင့် ဆုံးရှုံးရတော့မယ်” ဟု ၎င်းကပြောသည်။

ရေလုပ်သားများ ကြိုတင်မဲပေးနိုင်ရန် ပြီးခဲ့သည့် တစ်ပတ်ကတည်းက သောင်းချီရှိသည့် ရေလုပ်သားစရင်းများ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်တင်ပြထားကြောင်း  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး ကပြောသည်။

“ထွက်တဲ့လှေစာရင်း အားလုံးကိုတော့ ပို့ပေးထားပြီးပြီ။ ကြိုတင်မဲတော့ ရနိုင်မယ်လို့ထင်တယ်”  ဟု၎င်း ကပြောသည်။

 သို့သော် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဘက်ကမူ ရွေးကောက်ပွဲ ဥပဒေအရ ရက်ပေါင်း ၉၀ အတွင်း အကျုံးဝင်သည့် ရေလုပ်သားများသာ ကြိုတင်မဲပေးရန် ၃(က)ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ  ခွင့်ပြုထားပြီး ယင်းရက်ပိုင်းအတွင်း လာရောက်လျှောက်ထားခြင်းမရှိ ဟုဆိုသည်။

 “ခုကသတ်မှတ်ရက် ကျော်လွန်သွားပြီ။ ဥပဒေအရ လုပ်ပေးလို့မရတော့ပါဘူး” ဟု မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမူး ဦးလှိုင်ဘွားက ပြောသည်။

 သို့သော် ၃(က)အရ လုပ်ပေးရန်မရတော့သော်လည်း အစုလိုက်အပြုံလိုက် ကျန်ခဲ့သည်ဟူသည့် နည်းဥပဒေအရမူ ပုံစံ(၁၅) ထပ်ဖြည့်ကာ လုပ်ပေးကြောင်း ၎င်းကဆိုသည်။

ပုံစံ(၁၅)ထပ်ဖြည့်ရန် ကာယကံရှင်ကိုယ်တိုင်က တခြားနေရာတွင် မဲစာရင်းမပါဟု ကိုယ်တိုင်ဝန်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ လုပ်ငန်းရှင်၏ ထောက်ခံချက်များ လိုအပ်သည်ဟု ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ကပြောသည်။

“အဲဒီလို  စရင်းမပါဘဲ ကျန်နေခဲ့တဲ့ လူတွေကိုပဲ လုပ်ပေးလို့ရတယ်။ ဥပဒေ၊ နည်းဥပဒေအရ ရေလုပ်သားတွေကိုတော့ ကြိုတင်မဲပေးလို့မရပါဘူး” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၈ ရက်မတိုင်မီ ရက်ပိုင်းအတွင်း ကမ်းနီးကမ်းဝေး ရေလုပ်သားအများစုမှာ ပင်လယ်ပြင်သို့ ငါးဖမ်းရန် ပြန်လည်ထွက်ခွာကြတော့မည့် လှေများရှိနေသလို ရွေးကောက်ပွဲရက် မဲထည့်ပြီးချိန်အထိ စောင့်ဆိုင်းသွားမည့်လှေ အချို့လည်း ရှိနေကြသည်။

ကြိုတင်မဲ ထည့်ခွင့်ရရေး ရေလုပ်ငန်းရှင်များမှ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ အရာမထင်သေးပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရအနိုင်ရပါတီနှင့် လွတ်တော်ကိုယ်စားလှယ်များမှလည်း အကူအညီပေးခြင်း မရှိသည့်အပေါ် ရေလုပ်ငန်းရှင်များနှင့် အောက်ခြေရေလုပ်သားများက စိတ်ပျက်နေကြသည်။

 “တာဝန်အရှိဆုံးက လွတ်တော်ကိုယ်စားလှယ်တွေပဲ” ဟု ရေလုပ်ငန်းရှင် တစ်ဦးကဝေဖန်သည်။

 ယခုအချိန် (နိုဝင်ဘာ ၅ ရက်အထိ)  ရေလုပ်သားများ ပင်လယ်ပြင်မထွက်ကြသေးဘဲ မြို့ပေါ်တွင် အများကြီး ရှိနေသေးပြီး အသက် ၆၀ ကျော်များအား  ကြိုတင်မဲ ထည့်ခိုင်းသကဲ့သို့ ၎င်းတို့ကိုလည်း ခွင့်ပြုပေးစေလိုနေကြသည်။

ထိုမှသာ ရေလုပ်သားတို့အနေနှင့် ရသင့်ရထိုက်သည့်  နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး ရရှိသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်ငါးဖမ်းလှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

“ဒါကတော့ ကျနော်အပါအဝင် ရေလုပ်သားအားလုံးရဲ့ အဖြစ်ချင်ဆုံးတန္ဒပဲ” ဟု၎င်းကပြောသည်။

ကိုဆန်း