ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့၊ ခိုးလိုက်လာသူများအား ကွာရန်တင်းထား

0
15960
ထားဝယ်မြို့အနီးရှိ ကုန်ကားယာဉ်မောင်းနှင့်နောက်လိုက်များကို နမူနာယူနေသည့်နေရာအား တွေ့ရစဉ်

ထားဝယ်၊ နိုဝင်ဘာ ၂/ Dawei Watch

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ကုန်တင်ကားဖြင့် ခိုးလိုက်လာသူသုံးဦးကို ကွာရန်တင်းစခန်းတွင်နေထိုင်စေကြောင်း ကံပေါက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

ဖောင်းတောကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်းခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့သည်ဟုပြောကြောင်း ဦးခင်စိုးက ဆိုသည်။

အဆိုပါ သုံးဦးကို တင်လာသည်မှာ ကုန်ပစ္စည်းတင်သည့် မှန်လုံမော်တော်ယာဉ်ဖြစ်ပြီး ခိုးလိုက်လာသူသုံးဦးကို နိုဝင်ဘာလ ၁ ရက်နေ့ညက ကလိန်အောင်(ကံပေါက်) လမ်းဆုံတွင် ချထားခဲ့ကြောင်း ၎င်းက ပြောသည်။ လူထိုင်ခုံများကို ဖြုတ်ပြီး ကုန်ပစ္စည်းတင်ယာဉ်အဖြစ် ပြောင်းလဲထားသော အဆိုပါမှန်လုံယာဉ်သည် ခိုးလိုက်လာသူများကို လူမမြင်နိုင်စေရန် ကုန်ပစ္စည်းအလယ်တွင် လိုက်ပါစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခိုးလိုက်လာသူသုံးဦးကို ကံပေါက်ဒေသ ကွာရန်တင်းစခန်းတွင် နေထိုင်စေကြောင်း ၎င်းက ဆိုသည်။

ယနေ့(နိုဝင်ဘာလ ၂ ရက်နေ့)တွင် အဆိုပါမော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကို တနင်္သာရီအပတ်စဉ်က မေးမြန်းရာ ယာဉ်နံပါတ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အမည်စသည့် အခြားအကြောင်းအရာများကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ယာဉ်နံပါတ်ကို စုံစမ်းသိရပါက အရေးယူရန် ယ.က.က (ပုဂ္ဂလိကယာဉ်များပြေးဆွဲးရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီထံ) ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဟာက ကျွန်တော်တို့ အရေးယူလို့မရဘူး၊ ယ.က.က ကအရေးယူမှရမှာကိုး” ဟု ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

သို့သော် ခရီးသည်ခိုးတင်လာသည့် ကားနံပါတ်နှင့် ကိုဗစ်ပိုးတွေ့သည့် ကားနံပါတ်ကို တိုက်ဆိုင်စစ်ဆေးရာ တူညီနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောဆိုခဲ့သည်။

ကိုဗစ်ကူးစက်မှုကိုတားဆီးနိုင်ရန် သတ်မှတ်ထားသည့်တားမြစ်ချက်ကို ဖောက်ဖျက်သည့်အတွက် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

ယင်းကဲ့သို့ အရေးယူပေးရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီထံ စာပို့တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကုန်တင်ကားတွင် ခရီးသည်တင်ဆောင်ပါက ထိရောက်စွာအရေးယူမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။