ရွေးကောက်ပွဲကြောင့် တံဆိပ်ရိုက်လုပ်ငန်းများ အလုပ်ဖြစ်

0
395
Dawei Watch, Dawei News, Dawei News Media

ယခုကာလသည် ရွေးကောက်ပွဲ ရာသီဖြစ်သောကြောင့် တံဆိပ်ရိုက် လုပ်ငန်းများမှာ ယခင်ကထက် လုပ်ငန်းအမှာများ ပိုမိုများပြားလာကြောင်း ယင်း လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

ယခင်က ရာသီအလိုက် ပွဲတော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဘောလုံး ဝတ်စုံများ၊ တက္ကသိုလ်မေဂျာများမှ အသင်းအဖွဲ့များ စသည်တို့အတွက် တံဆိပ်ရိုက်ပေးရသော်လည်း ယခုနှစ်တွင် ယင်းလုပ်ငန်းများအားလုံးနီးပါးမှာ ကိုဗစ်ကြောင့် ရပ်နားထားရသည်ဟု ထားဝယ်မြို့၊ ထူးစတိုင် စတိုး တံဆိပ်ရိုက်လုပ်ငန်းမှ ကိုတင်ဝင်းလှိုင် ပြောသည်။

ထားဝယ်အိုးလုပ်ငန်း၏ မှုန်ဝါးဝါးအနာဂတ်

ယခင်က တစ်ရက်လျှင် တံဆိပ်ရိုက်ရန်အတွက် လုပ်ငန်းအမှာ တစ်ခုနှစ် ခုခန့်သာ ဝင်သော်လည်း ယခု (ရွေးကောက်ပွဲကာလ)တွင် ပါတီစည်းရုံးနှင့် မဲဆွယ်စည်းရုံးရေးများကြောင့် နိုင်ငံ ရေးပါတီတို့၏ အင်္ကျီများ၊ ဦးထုပ်များ၊ အလံများ၊ နှာခေါင်းစည်းနှင့် ခေါင်းစည်းများအတွက် လုပ်ငန်းလက်ခံရမှုများ စုပြုံနေကြောင်း ၎င်းက ပြောသည်။

“ဟိုတလောကတော့အရမ်း အုန်းအုန်းထ အစ်မရယ်။ အင်္ကျီတောင်ရိုက်လို့ မနိုင်တဲ့ အနေအထားမျိုးပေါ့” ဟု ၎င်း က ဆိုသည်။

ကိုဗစ်ရိုက်ခတ်မှုကြောင့် စီးပွား ရေးလုပ်ငန်းများအားလုံးနီးပါး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ထိုလုပ်ငန်းများမှာ ခြွင်းချက်ဖြစ်သည်။

တံဆိပ်ရိုက်လုပ်ငန်းတွင် NLDပါတီ၏ အပ်ထည်များကို အများဆုံး ပြုလုပ်ရသည်ဟု ထားဝယ်မြို့၊ ဆန်းချီ လမ်းဆုံရှိ Gold စတေကာလုပ်ငန်းမှ ဆိုင်ရှင်အမျိုးသားက ပြောသည်။

“အရင်တုန်းက တံဆိပ်ရိုက်ရတဲ့ အခြေအနေထက် အခုအခြေအနေက ပိုကောင်းလာတယ်ခင်ဗျာ။ အရင်က သိပ်ပြီး NLDအကျီတွေဝတ်တာ သိပ်မရှိဘူး၊ နည်းတာပေါ့နော်။ အခုနှစ်နှစ် သုံးနှစ်ကြားမှာတော့ ပိုများလာတယ်” ဟု အဆိုပါဆိုင်ရှင် အမျိုးသားက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် တံဆိပ်ရိုက်လုပ်ငန်းများ ယခုလောက် မဖွံ့ဖြိုးခဲ့သော်လည်း ယခုနှစ်တွင်မူ ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ပါတီ အကျီများ၊ ပါတီတံဆိပ်များ၊ အလံများ၊ စတေကာများ၊ ခေါင်းစည်းများ၊ ကြော်ငြာ ဆိုင်းဘုတ်များ အသုံးပြုမှု၊ ဝတ်ဆင်မှု ပိုများလာသဖြင့် အလုပ်ပိုသွက်လာခြင်း ဖြစ်ကြောင်း ကိုတင်ဝင်းလှိုင်က ဆိုသည်။