တိုင်းရင်းသားဒေသအချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်၊ ရခိုင်ပြည်နယ်ထက်ဝက်ကျော်ပါဝင်

0
350
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ပြည်နယ်ငါးခုနှင့် တိုင်းဒေသကြီးတစ်ခုတို့ရှိ နယ်မြေအချို့၌ ရွေးကောက်ပွဲ ကျင်းပတော့မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည်။

ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း စသည့် ပြည်နယ်ငါးခုနှင့် ပဲခူးတိုင်း ဒေသကြီးတို့ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောကြောင့် ကျင်းပမည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့၊ ညပိုင်းတွင် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ မြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲများ ရှိတော့မည်မဟုတ်ပေ။ ယင်းမြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်များဖြစ်ပြီး တစ်မြို့ နယ်လုံးအတိုင်းအတာဖြင့် မကျင်းပနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်ဖြူ မြို့နယ်မှ ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ အုပ်စု ၅၁ စု၊ အမ်းမြို့နယ်မှ ရပ်ကွက် သုံးခုနှင့် ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေ မြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု နှင့် ကျေးရွာအုပ်စု ၅၂ ခု လည်း ပါဝင်သည်။

အဆိုပါပမာဏမှာ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး၏ ထက်ဝက်ကျော် ဖြစ်သည်။

ထို့အတူ ရှမ်းပြည်နယ်တွင်လည်း မိုင်းလား၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင် စသည့် ခြောက်မြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတော့သလို ကျောက်မဲ၊ နောင်ချို၊ နန့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ် ခိုင်၊ မူဆယ်၊ မက်မန်း၊ မိုင်းတုံ၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ ဟိုပန် စသည့်မြို့နယ်များတွင် တစ်စိတ်ပိုင်း အားဖြင့် မကျင်းပနိုင်ပေ။

ကချင်ပြည်နယ်တွင် ၁၁ မြို့နယ် (ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်း ဘော၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်နှင့် အင်ဂျင်းယန်)၊ ကရင်ပြည်နယ်တွင် ခြောက်မြို့နယ်(ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီးနှင့် မြဝတီ)၊ မွန်ပြည်နယ်တွင် တစ်မြို့ နယ်(ဘီးလင်း)နှင့် ပဲခူးတိုင်းဒေသကြီးတွင် နှစ်မြို့နယ်(ကျောက်ကြီးနှင့် ရွှေကျင် မြို့နယ်)တို့မှ ကျေးရွာအုပ်စုအချို့လည်း ပါဝင်ခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပ နိုင်ကြောင်းကို ရွေးကောက်ပွဲကျင်းပရန် ၂၃ ရက် အလိုတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။