ပေါ့ပေါ့ပါးပါး ကိုဗစ် အတွေးများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၂၀ နှစ်စကတည်းက စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကျွန်တော်တို့တစ်တွေလည်း အတော့်ကို အိုစာသွားခဲ့ရသလို စားလည်းသည် စိတ်၊ အိပ်လည်း သည်စိတ် ရယ်လို့ ဆိုရလောက်မယ့်အထိ ကိုရိုနာတစ်ဖြစ် လည်း ကိုဗစ်-၁၉( ကိုမြင့်နိုင်ကြီး) က လူမှုဘဝကို လွှမ်းမိုးခဲ့ပေတယ်။

တစ်နေ့က ကိုဗစ်ကာလအတွင်း သည်းညဉ်းခံခြင်း (Tolerance Workshop) လို့ အမည်ရတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးမှာ ဂျာနယ်လစ် ဆရာကြီးများနဲ့ ဆုံခွင့် ရခဲ့ပြီး ကိုဗစ်ကာလ အမြဲ မွန်းကျပ်နေတဲ့ စာဖတ်ပရိသတ်တွေရဲ့ ရင်ကို မပူ မလောင်စေဘဲ ကိုဗစ်ကပ်ဘေးကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ ရင်အေး ဆေးလေးများ တိုက်ကျွေးဖို့ရာ အတွေးတွေရခဲ့ပါတယ်။ ပူပင်စရာတွေကို အမြဲ တွေးပြီး လောင်မြိုက်နေကြရတဲ့ လူတိုင်းရဲ့ ရင်ကို အေးမြစေဖို့ အတွေးလေးတွေ ပါပဲ။

ကိုဗစ်ကို ရင်ဆိုင်ခြင်း
သည်နေရာမယ် ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ အသုံးအနှုန်းလေးက အဓိပ္ပာယ် မဲ့တော့ မဟုတ်ပါဘူး။ အချို့ အချို့တွေက ရင်ဆိုင်ကျော်လွှားတို့၊ ကျော်ဖြတ် တို့၊ တားဆီးနှိမ်နှင်းတို့ စသည်ဖြင့် ရဲရဲရင့်ရင့် သုံးနှုန်းကြပေမဲ့လို့ ကျွန်တော် သည်လို စကားလုံးတွေ မသုံးနှုန်းရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကို ပစ္စက္ခကာလအတွင်း သည်ကမ္ဘာမြေက မောင်းထုတ်နိုင်ဦးမယ်လို့ မယူဆလို့ ပါပဲ။

သူဟာ အချိန်အတော်ကြာတဲ့အထိ ကျွန်တော်တို့အနားမှာ ရှိနေမှာ ဖြစ်သလို ကျွန်တော်တို့တွေရဲ့ အဝေးကိုလည်း ရုတ်ချည်း ထွက်သွားဦးမယ်လို့ မယူဆပါဘူး။ သည့်အတွက် မတည့်အတူနေ မိတ်ဆွေဆိုးတစ်ယောက်အဖြစ် ကျွန်တော်တို့တွေ အချိန်အတိုင်းအတာ တစ်ခုအထိ လက်သင့်ခံနေကြ ရဦးမှာ ဖြစ်တယ်။ ကိုဗစ်-၁၉ ရယ်လို့ အမည်မရသေးခင် ကိုရိုနာဗိုင်းရပ်စ်၊ ဝူဟန်ဗိုင်းရပ်စ် ဘဝ လူအတော်များများ ဂရုမပြုမိကြခင် ကတည်းက သည်ဗိုင်းရပ်စ်ကူးစက်မှုကို အလေးတယူ ဂရုပြုဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ကြတယ်။

ပညာရှင်အချို့က ၂၀၂၀ ဇန်နဝါရီ ကစလို့ မတ်လအစောပိုင်းအထိ ပူပင်တကြီးနဲ့ ဒေသနဲ့ ကမ္ဘာ့ကိန်းဂဏန်း၊ အချက်အလက်တွေ ချပြလို့ ဗိုင်းရပ်စ်သည် ဆတိုးကိန်းအသွင် လျင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် ကမ္ဘာ့ကပ်အသွင် ကူးစက်နိုင်ချေ အနေအထားတွေအရ အစဉ်တစိုက် လုပ်နေတဲ့ ကာကွယ်နှိမ် နှင်းရေး ကြိုတင်ပြင်ဆင်မှုတွေထက် ပိုလို့ အရေးအရာယူ ဂရုပြုဖို့ လိုအပ်တယ်လို့ တစိုက်မတ်မတ် အလေးပေး တိုက်တွန်းလာခဲ့ကြပေမဲ့ အရာထင်သင့်သလောက် အရာမထင်ခဲ့ပါဘူး။

ပထမလှိုင်းကို မြန်မာရင်ဆိုင် ကျော်ဖြတ် ခြင်း
ဇန်နဝါရီကစလို့ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ ပိုး စတွေ့ခဲ့တဲ့ မတ်လ ၂၃ အထိ အချိန်တွေ ကြိုတင်ပြင်ဆင်ဖို့ ရခဲ့ပေမဲ့လို့ လိုအပ်တဲ့ကြိုတင်ပြင် ဆင်မှုတွေ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြပါဘူး။ ရာသီတုပ်ကွေးလိုပဲ ပေါ် လာပြီး ပျောက်သွားမယ့် ရောဂါတစ်ခုလို ပေါ့ပျက်ပျက် သဘောထားခဲ့ကြတာ ငြင်းမရပါဘူး။

ကံသီလို့သာ ပထမလှိုင်းဟာ မြန်မာကို ပြင်းထန်စွာ မရိုက်ခတ်ခဲ့တာဖြစ်သလို နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အလေးယူ အာရုံစိုက်မှုက အလွန်လျော့နည်းခဲ့တယ်။ ထင်သာမြင်သာ ဥပမာပြရရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကပ်ရောဂါ (World Pandemic) အဖြစ် မကြေညာမီ အချိန် မတိုင်ခင် လေးမှာတင်ပဲ ဒီပဲယင်းမှာ လူစုလူဝေးနဲ့ တရုန်းရုန်း ဖြစ်နေခဲ့ကြ တာ စိတ်မကောင်း ဖြစ်စရာပါပဲ။ အမှန်မှာ ၂၀၂၀ ဇန်နဝါရီ ၃၀ ကတည်းကိုက WHO က ကမ္ဘာကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ (Public Health Emergency) အဖြစ် ကြေညာထားခဲ့ပြီး ပတ်ဝန်းကျင် နိုင်ငံတွေမှာ အသည်းအသန် ကူးစက်ပျံ့နှံ့နေတဲ့ အချိန်လည်း ဖြစ်နေခဲ့ပါတယ်။

တင်ကြိုပြင်ဆင်မှုတွေ အားရစရာ ရှိကြပါရဲ့လား
ပြင်ဆင်ထားတာများ နိုင်ငံတကာမှာသော်မှ မရှိသေးလို့ လာကြည့်ရင် ဖျားသွားမယ်လို့ တာဝန်ရှိသူက ဆိုခဲ့ပေမဲ့လို့ အမှန်ပြင်ဆင်ချိန်ရတဲ့ သည်သုံးလအတွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ ရင်းမြစ်တွေ စုဆောင်းမှု၊ မိမိဝန်ထမ်းတွေကို တင်ကြိုတပ်လှန့် ဇာတ်တိုက် လေ့ကျင့်ပြင်ဆင်မှုတွေ ဘာမှ မလုပ်ခဲ့ကြပါဘူး။

ပတ်ဝန်းကျင်နိုင်ငံတွေမှာ မိုးမီး လောင်လုအထိ သည်ဗိုင်းရပ်စ်ရဲ့ ကူးစက် ပျံ့နှံ့သေဆုံးမှုတွေ ရှိနေပေမဲ့လို့ နေ့စဉ် ဝမ်းမြောက်ဖွယ်သတင်းအဖြစ် ကိုဗစ်ပိုး မတွေ့ရှိ ဆိုတဲ့ အဖြေထုတ်ပြန်ကြေညာ ပေးခြင်းနဲ့အတူ ဘုရားတရားအရိပ်အောက်က မြန်မာနိုင်ငံကို ကိုဗစ် မလာနိုင်ပါဘူး၊ ကိုဗစ်ဟာ သည်နိုင်ငံကို မလာနိုင်ပါဘူး စသဖြင့် အသိမှား ယုံမှတ်မှု(False Security) နဲ့ နေခဲ့မိကြပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဖို့ ပြင်ဆင် နေကြပါတယ်၊ ကြိုတင် ကာကွယ်နှိမ်နှင်းရေး အစီအမံတွေ ဆောင်ရွက်နေခဲ့ကြပါတယ်လို့ အထက်ပိုင်းက အပြကောင်းရုံ ကိန်းဂဏန်းတွေနဲ့ လုပ်ခဲ့ကြတဲ့ အစည်းအဝေးတွေနဲ့ သက်သေပြကောင်းရုံ အလုပ်တွေသာ လုပ်ခဲ့ကြပြီး အမှန်အောက်ခြေက ရင်ဆိုင်ကြရမယ့် ကျန်းမာရေးဝန် ထမ်းအဆင့်ဆင့်ကို အဲသည်ရောဂါအကြောင်း သင်ကြားပေးမှုနဲ့ သတင်း လမ်းကြောင်း ချိတ်ဆက်မှု၊ ဇာတ်တိုက် လေ့ကျင့်မှုတွေက မရှိသလောက်ဆိုတာ ငြင်းမရပါဘူး။

ပထမ ပိုးတွေ့ရှိခြင်းနဲ့ နိုးကြား လာတဲ့ မြန်မာ
မတ်လ ၂၃ ရက်နေ့ ချင်းပြည်နယ် ကို ပြန်လာတဲ့ နိုင်ငံသားတစ်ယောက်မှာ ပိုးစတွေ့ခဲ့ချိန်မှာ မြန်မာနိုင်ငံရဲ့ တာဝန် ရှိသူတွေရဲ့ မျက်စိ ရုတ်တရက် ပွင့်လာခဲ့တယ်။ နိုင်ငံရပ်ခြားမှ ကူးစက် ဝင်ရောက်လာခြင်း (Input Case) လို့ ဆိုကြရမယ့် နိုင်ငံရပ်ခြားကနေ တရားဝင်ပြန်လာကြ သူတွေကို ထိန်းချုပ် စစ်ဆေးကုသရင်း ပထမဆုံး ရောဂါပိုးတွေ့သူကို တွေ့ခဲ့ကြတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်တို့လို အထင်ကရ မြို့ကြီးတွေရဲ့ လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးပေးတဲ့ လုပ်ငန်းနဲ့ နှာခေါင်းနဲ့ အာခေါင် တို့ဖတ်ရယူ စစ်ဆေးပေးရင်း ပထမလှိုင်းကို အထိအရှ နည်းပါးစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ကြပြီလို့ လက်ခမောင်း ခတ်ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ မြောက်မြားစွာသော တရားမဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်တွေကတစ်ဆင့် တရားဝင်ရော၊ တရားမဝင်ပါ အစုအပြုံလိုက် ပြန်လာကြမယ့် နေရပ်ပြန်တွေရဲ့ ပြဿနာကို အလေးတယူ မစဉ်းစားခဲ့ကြပါဘူး။

ပထမလှိုင်းကို ကျော်ဖြတ်ခြင်း
ပထမလှိုင်းကိုရင်ဆိုင်ခဲ့ကြရာမှာ ကံကောင်းတဲ့ အချက်တစ်ခုက ဒေသတွင်းကူးစက်မှု(Local Transmission) အဖြစ် အင်းစိန် မြို့နယ်မှာ ဖြစ်ခဲ့တာက လွဲရင် အကျယ်တဝင့် မဖြစ်ခဲ့သလောက် နည်းပါတယ်။ ကူးစက်မှု နည်းတဲ့အတွက်လည်း တွေ့သမျှ နောက်ကို ထိတွေ့လူနာ၊ သံသယ လူနာတွေ ရှာဖွေဖော်ထုတ်၊ ထိန်းချုပ်ရင်း (Containment Strategy) နဲ့ အလုပ်ဖြစ်ခဲ့တယ်။

လူနာဦးရေက ဂဏန်းသုံးလုံး အထိပဲ ရှိခဲ့တဲ့အတွက်လည်း နိုင်နိုင်နင်း နင်းရှိခဲ့သလို ရက်ရှည် ပိတ်ရက်ဖြစ်တဲ့ သင်္ကြန်ကာလ ကြားခံခဲ့လေတော့ ရောဂါပျိုးရက်တွေမှာ ကူးစက်ပြန့်ပွား နိုင်ချေကို အိမ်မှာ နေကြစေခြင်းဖြင့် ကွင်းဆက်ကို ဖြတ်တောက်နိုင်ခဲ့ကြပါတယ်။ ဒါ မဟာအောင်မြင်မှုရယ်လို့ အထင်မှား ယုံမှတ်မှုတွေနဲ့အတူ ပေါ့ဆခဲ့ကြ ပါတယ်။ သေးသေးမွှားမွှားလို့ ဆိုကြရမယ့် Local Transmission အသေးလေးတွေကို အုပ်စီးမိနိုင်ခဲ့တဲ့အတွက် ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ မာယာများတဲ့ ကိုဗစ်-၁၉ ကို အစဉ်တစိုက် အလေးတယူ ကာကွယ်ဖို့ရာ မပြင်ဆင် နိုင်ခဲ့ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပူပန်မှုနဲ့ ဒုတိယလှိုင်း
WHO က ကြိုတင် အလေးထား သတိပေးချက်ဖြစ်တဲ့ မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း နိမ့်ကျတဲ့ နိုင်ငံမျိုးမှာ ကိုဗစ်- ၁၉ ကပ်အသွင် ကူးစက်မှု ဖြစ်လာခဲ့ရင် ပူပင်စရာ ကောင်းလှပါတယ်လို့ ပြောဆို သတိပေးမှုတွေကို အလေးမထားခဲ့ ကြပါဘူး။

ဒုတိယလှိုင်းကို စတင် ထောက်လှမ်းတွေ့ရှိခဲ့ချိန်ဟာ စက်တင်ဘာလ အတွင်းမှာ စစ်တွေမြို့က စတွေ့ခဲ့တာ ဖြစ်ပေမဲ့လို့ အမှန် စတင်ကူးစက်မှု ဖြစ်ပွားစေခဲ့တဲ့ လူနာနဲ့ ရင်းမြစ်တွေဟာ တစ်နေရာတည်းက မဟုတ်နိုင်ပါဘူး။

ဒေသတွင်း ကူးစက်မှု Local Tran- smission လို့ဆိုရမယ့် အကန့်အလိုက် အဝိုင်းအဝန်းလေးမှာ ကူးစက်မှုထက် ပိုမိုတဲ့ ဒေသတွင်း ပြည်သူများကို ပျံ့နှံ့မှု (Community Transmission)ဆိုတာ ရှိလာခဲ့ပြီဆိုတဲ့ အထောက်အထားတွေ ဟိုမှ သည်မှ ထွက်ပေါ်လာကြပြီး ထွက်လာသမျှ လူနာတွေနဲ့ ထိစပ်မှုရှိနိုင်သူတွေကို လိုက်ရှာဖွေ ထိန်းချုပ်ရင်း အောက်ခြေမှာ မနိုင်မနင်းတွေ ဖြစ်လာကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် ရောဂါပိုး ကူးစက်ခံကြရပါတယ်။ သည်အထိ ကျွန်တော်တို့တတွေသည် အရင်က နည်းဗျူဟာဖြစ်တဲ့ (Containment Stretagy) ကို လွှတ်မချနိုင်သေးပါဘူး။

ရှိနေတဲ့ ရင်းမြစ်တွေကို လိုအပ်တဲ့ နေရာမှာ အကျိုးရှိစွာ အသုံးချနိုင်ဖို့ ပျက်ကွက်နေမြဲ ပျက်ကွက်နေဆဲ ဖြစ်သလို မနိုင်ဝန်ကို မလိုလားအပ်ဘဲ အတင်း ထမ်းနေကြတာကလည်း ကိုဗစ်ကာလ စီမံမှုအလွဲတွေ ဖြစ်ပါတယ်။

ဆန်စင်ရာ ကျည်ပွေ့လိုက် နည်းဗျူဟာနဲ့ ကျန်းမာရေးအင်အား ပြုန်းတီးစေခြင်း

ပြီးခဲ့တဲ့ အပတ်က တနင်္သာရီဂျာနယ်ပါ သတင်းတစ်ပုဒ်အရ တနင်္သာရီတိုင်းဒေသကြီးကနေ ရန်ကုန်မြို့ကို ကိုဗစ်-၁၉ ကပ်အသွင်ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ရန် ကျန်းမာရေး ဝန်ထမ်းများ စေလွှတ်ခဲ့ရာ စက်တင်ဘာလ နောက်ဆုံးအပတ်က ၂၅ ဦး၊ အောက်တိုဘာလ ပထမပတ်က ၂၂ ဦး ထွက်ခွာခဲ့ကြပြီး ဖြစ်တယ်။ လိုအပ်လာပါက တတိယအသုတ်အဖြစ် ထပ်မံစေလွှတ်ဖို့ ရှိပါတယ်လို့ သိရပါတယ်။ သည် ဝန်ထမ်းတွေ စေလွှတ်ခဲ့ပေမဲ့ ကျန်းမာရေးဘက်မှ ကုသမှုလုပ်ငန်းတွေကို အခက်အခဲ မဖြစ်စေပါဘူးလို့ တာဝန်ရှိသူက ဖြေပါတယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။ သည်လိုပဲ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း အဲသည်လို ကျန်းမာရေးဝန်ထမ်းတွေကို လတ်တလော လိုအပ်နေတယ်လို့ ယူဆရတဲ့ ဒေသတွေကို တစ်ပွဲထိုး စေလွှတ်ပေးထား ကြရပါတယ်။

ကိုဗစ်ကပ်ဘေး နေရာမရွေးပါ
ပြီးခဲ့တဲ့ စစ်တမ်းတွေအရရော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမေးကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီးရဲ့ အဖြေစကားအရရော တနင်္သာရီ တိုင်းဒေသကြီးမှာ ကျန်းမာရေးဝန်ထမ်း အင်အား အပြည့်အဝ မရှိပါဘူး။ အလားတူပါပဲ။ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ကျန်းမာရေး ပညာရှင်တွေ အလုံအလောက် မခန့်ထားနိုင်မှုအတွက် အဖြေရှာရပါ မယ်လို့ အဖြေစကားနဲ့အတူ ကျန်းမာရေးဝန်ထမ်း တစ်နိုင်ငံလုံးမှာ အလုံအလောက်မရှိမှုကို ဝန်ခံ ဖြေကြားခဲ့ဖူး ပါတယ်။ သည်အနေအထားတွေနဲ့ လတ်တလော ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ကိုဗစ်အပေါ် ထိန်းချုပ်ဖို့ ကြိုးပမ်း လုပ်ဆောင်မှုတွေဟာ ဝိရောဓိ ဖြစ်လို့နေပါတယ်။ ကိုဗစ်ရဲ့ ခြိမ်းခြောက် မှုဟာ အခုရောဂါပိုး ကူးစက်မှု ဗဟိုချက်မ (Epicenter) တွေကိုသာ ရိုက်ခတ်တာ မဟုတ်ပါဘူး။ နိုင်ငံတွင်းက တိုင်းနဲ့ ပြည်နယ် မြို့နယ်တွေတိုင်းသည် ဘေးအန္တရာယ်ရှိနေတဲ့ အနေအထားဖြစ်တယ်။

မနိုင်ဝန်ထမ်းနေကြရတဲ့ အနေအထားကြားက မွန်းကျပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူတွေအတွက် ဖြေသာရာ ပေးကြရမယ့်အစား သူတို့ ကိုယ်တိုင်သော်မှ မွန်းကျပ်လို့နေတာ အထင်အရှားပါပဲ။ တစ်ဖက်ကလည်း ဆတိုးကိန်းတွေနဲ့ ရောဂါပိုး ကူးစက်မှု တွေက ရှာဖွေလေ တွေ့ရှိလေ ဆိုရမလိုပါ။

အကျပ်အတည်းကြားက ရောင်စုံ မဲဆွယ်ပွဲများ၊ အကျပ်အတည်းတွေ့လာတဲ့ လူမှုစီးပွား
သည်လို အကျပ်အတည်းတွေ ကြားမှာ အရောင်အသွေးစုံ ပါတီကြီးတွေက အကြောင်ကြောင် အကြားကြား လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေကြတာတွေဟာ အတော့်ကို အကျည်းတန်သလို တာဝန် ရှိသူအဆင့်ဆင့်ကလည်း ထိန်းကွပ်ဖို့ ပျက်ကွက်နေခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာ ဆယ်လကျော် ကြာလာတဲ့ ကိုဗစ်ကြောင့် လူမှုစီးပွား နာလန်မထူနိုင်တဲ့အပြင် ရှိသမျှ ရင်းမြစ်တွေလည်း အတော်အတန် ပြုန်းခဲ့ပါပြီ။

ဆန်းစစ်သင့်တဲ့ ကိုဗစ်အပေါ် ချဉ်းကပ်မှု နည်းဗျူဟာ
သည်အနေအထားမှာ ကျွန်တော်တို့တွေဟာ ကိုဗစ်ကို ချဉ်းကပ်ရမယ့် နည်းဗျူဟာကို ပြန်ဆန်းစစ်ကြဖို့ တိုက်တွန်းကြရပြန်ပါတယ်။ ကိုဗစ်နဲ့ တိုက်နေရတဲ့ စစ်ဟာ ရေရှည်တိုက်ပွဲဖြစ်တယ်။

သည်နေ့(၁၃-၁၀ ၂၀၂၀)ည ၈ နာရီ အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း သုံးသောင်းကျော်ရှိခဲ့ပြီး ၆၉၃ ဦး သေဆုံးခဲ့ကြရပါပြီ။

ရောဂါပိုးတွေ့လူနာ သေဆုံးနှုန်းက ၂ ဒသမ ၂၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကမ္ဘာ့ အခြေအနေနဲ့ ကြည့်တဲ့အခါ ရောဂါပိုးတွေ့သူ စုစုပေါင်း ၃၈ သန်းကျော်မှာ တစ်သန်းကျော် သေဆုံးခဲ့လို့ ရောဂါပိုးတွေ့ လူနာ သေဆုံးမှုရာနှုန်းဟာ ၂ ဒသမ ၂၈ ဖြစ်လို့ မြန်မာနိုင်ငံရဲ့ ပိုးတွေ့လူနာသေဆုံးနှုန်းဟာ ကမ္ဘာ့ အဆင့်ရယ်လို့ ကြံဖန်တွေးရင်း ဂုဏ်ယူနေဖို့ မသင့်ပါဘူး။

သည်နေ့ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ရောဂါပိုးတွေ့ရှိသူတွေ အနည်းအများအလိုက် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အဆင့်မှာ မြန်မာဟာ ဖိလစ်ပိုင်၊ အင်ဒို၊ ထိုင်းတို့ရဲ့ နောက်မှာ အဆင့် ၄ အနေနဲ့ ရှိပေမဲ့လို့ အဲသည်နိုင်ငံတွေရဲ့ ရောဂါပိုး တွေ့လူနာ သေဆုံးနှုန်း (Case Fatality Rate)ကို ကြည့်ရင် ဖိလစ်ပိုင်က ၁ ဒသမ ၈၄ ရာခိုင်နှုန်း၊ အင်ဒိုက ဝ ဒသမ ဝ၃၅ ရာခိုင်နှုန်း၊ ထိုင်းက ၁ ဒသမ ၆၂ ရာခိုင်နှုန်း၊ မြန်မာက ၂ ဒသမ ၂ ရှိပါတယ်။

မြန်မာဟာ ပိုးတွေ့လူနာ သေဆုံးမှု အလွန်မြင့်မားနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ သည်တော့ လက်ရှိ အင်အားနဲ့ ရောဂါ ပိုးတွေ့ရှိမှုတွေအရ ဦးတည်ရမယ့် ဦးတည်ချက်နဲ့ ချဉ်းကပ်ရမယ့် နည်းဗျူဟာကို ပြန်လည် သုံးသပ် ဖို့အချိန်ရောက်နေပါပြီလို့ ဆိုကြရမှာ ဖြစ်ပါတယ်။

အန္တရာယ်ရှိ ဦးတည်အုပ်စုကို ပစ်မှတ် ထားဖို့ သင့်ပြီလား
ဆိုလိုတာက ရောဂါပိုးတွေ့လူနာရဲ့ ၆၀ ရာနှုန်းကျော်က ရောဂါလက္ခဏာ မပြသူတွေုဖြစ်တဲ့အပြင် ဆိုးရွားပြင်း ထန်မှုမရှိပါဘဲ အများစုသည် ပြန်လည် သက်သာလာကြပါတယ်။ သေဆုံးကြရတာ အများစုသည် ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုအများစု ဖြစ်ပါတယ်။ သည်အုပ်စုသည် ကိုဗစ်ဘေးမှာ အန္တရာယ်ရှိတဲ့ အုပ်စု (Risky Group)လို့သတ်မှတ် နိုင်ပါတယ်။

ကိုယ့်မှာ ရှိနေတဲ့ ရင်းမြစ်အင်အား အရရော၊ ရောဂါပိုး ကူးစက်မှု တွေ့ရှိချက်တွေအရ တစ်နိုင်ငံလုံး နေရာအနှံ့ ပျံ့နှံ့နေကြပြီး (Community Spread) အသွင်ရှိနေပြီးဖြစ်တဲ့ သက်သေအထောက်အထားတွေအရပါ တစ်နိုင်ငံလုံးက ရှိသမျှ၊ တွေ့သမျှ ပိုးတွေ့သူနဲ့ ဆက်စပ်သူတွေကို လိုက်လံထိန်းချုပ်နိုင်ဖို့ ဆိုတာဟာ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

ရောဂါပိုးသည် အတန်အသင့် ကိုယ့်ပတ်ဝန်းကျင်ရဲ့ အနီးတစ်ဝိုက် ကူးစက်ပြန့်နှံ့နေနှင့်ပြီး ဖြစ်တဲ့အတွက် အထူးတလည် ရောဂါပိုးကို ထောက်လှမ်းရင်း၊ ထိန်းချုပ်ဖို့ ကြိုးစားရင်း ရှိရင်း အင်အားနဲ့ ရင်းမြစ်တွေကုန်၊ အချိန်ဖြုန်းနေမဲ့အစား၊ ရောဂါလက္ခဏာ မပြပါဘဲ လူအကောင်းအတိုင်း နေနိုင်ကြသူတွေကို ပိုးတွေ့ရုံမျှနဲ့ အတင်းဆေးရုံတင် ကုရင်း အမှန်လိုအပ်နေတဲ့ အခြားရောဂါတွေ ကုသမှု မပေးနိုင် ဖြစ်နေကြမဲ့အစား၊ ကိုယ့်တာဝန် ကိုယ်ယူကြပြီး ကိုယ့်ဘာသာကိုယ် တစ်ကိုယ်ရေ ကာကွယ်မှုတွေ လုပ်ကြဖို့၊ ကိုယ်မကူးစက်ဖို့ ကိုယ့်ဘာသာကိုယ် တာဝန်ယူကြဖို့ပဲ တာဝန်ရှိကြပြီး အဲသည်အတိုင်း ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တာဝန်ခွဲဝေရယူကြဖို့ အချိန်တန်ပါပြီ။

အလေးထားကြရမယ့် ဦးတည် အုပ်စုသတ်မှတ်ပြီး အဲသည် အန္တရာယ်ရှိတဲ့ ဦးတည်အုပ်စု (Risky Group)တွေကို အလေးထား ကုသပေးကြရမယ့် အချိန်ရောက်လာပါပြီ။ အမှန် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဦးတည်အုပ်စုတွေကို အလေးထားကုသမှု ပေးဖို့နဲ့ အခြား ပုံမှန်ကျန်းမာရေးစောင့် ရှောက်မှုတွေကို ပြန်လည် ပြုလုပ်နိုင်ဖို့ သာမက အခြားစီးပွားရေး လုပ်ငန်းတွေကိုပါ ဘေးအန္တရာယ်ကင်းစွာ လည်ပတ်နိုင်မယ့် ပေါ့ပေါ့ပါးပါး နည်းဗျူဟာအသစ် ချမှတ်ကြရမယ့်အချိန် ရောက်ပြီလို့ပဲ ဆိုပါရစေ။