ကိုဗစ်ကာလ မိုင်ငါးရာခရီးကို တစ်ကိုယ်တော်စက်ဘီးစီးပြီး အိမ်ပြန်သူ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုဗစ်ကာလ ရန်ကုန်မြို့မှာ နေထိုင်ဖို့ အခက်တွေ့လာတဲ့ တနင်္သာရီတိုင်းသား လူငယ်တစ်ယောက်ဟာ ငွေ ကျပ်တစ်သိန်းကျော်၊ စက်ဘီးအဟောင်း တစ်စီး၊ ဓာတ်မီးငယ်တစ်လုံး၊ ဖုန်း တစ်လုံး၊ အဝတ်ထုပ်တွေနဲ့ မိုင်းငါးရာ ကျော်ခရီးကိုနှင်ပြီး အိမ်ပြန်ဖို့ ထွက်လာ ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် လှည်းတန်းကနေ တနင်္သာရီတိုင်း၊ မြိတ် ခရိုင်၊ ကျွန်းစုမြို့နယ်က သူ့မိဘတွေရှိရာ ရွာကို စက်ဘီးနဲ့သွားဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ရန်ကုန်ကနေ ကျွန်းစုမြို့နယ် အထိဆိုရင် မိုင်ပေါင်းငါးရာကျော် ဝေးပါတယ်။

ခရီးသည်တင်မှန်လုံကားနဲ့သွား မယ်ဆိုရင်တောင် ၁၈ နာရီလောက် ကြာမြင့်တဲ့ ခရီးပါ။ ပြီးရင် သူ့ရဲ့ရွာကို ရောက်ဖို့အတွက်ဆို မြိတ်ကနေတစ်ဆင့် ကျွန်းစုမြို့နယ်ကို လှေနဲ့ကူးရဖို့ရှိပါ သေးတယ်။

အဲဒီခရီးရှည်ကို ဖြတ်သန်းဖို့အတွက် သူစီစဉ်ထားတာက စက်ဘီးနဲ့ နေ့၊ ည နင်းပြီးသွားမယ်။ ဖုန်းတစ်လုံးကတော့ အင်တာနက်ဖွင့်ပြီး Google Map (မြေပုံ) ကြည့်ဖို့အတွက်ပါ။ ဓာတ်မီးအသေးတစ်လုံးကတော့ ညဘက် စက်ဘီးနင်းရင် အသုံးပြုလို့ရအောင် ဆောင်ထားတာဖြစ်ပါတယ်။

အဲဒီလို စက်ဘီးနဲ့ အိမ်ပြန်လာသူကတော့ အသက် ၂၆ နှစ်အရွယ် ကရင် တိုင်းရင်းသား စောလားဘွဲ့ထူးဖြစ်ပါတယ်။ သူ့မှာ မိသားစု ရှစ်ယောက်ရှိ ပါတယ်။ သူကလေးယောက်မြောက်ပါ။ အစ်ကိုနှစ်ယောက်စလုံးက အိမ်ထောင် ကိုယ်စီနဲ့ပါ။ သူ့အိမ်မှာကတော့ မိဘ နှစ်ယောက်နဲ့ သူ့အောက် မောင်နှမနှစ် ယောက် စုစုပေါင်း လေးယောက်ရှိပါတယ်။

သူက ရန်ကုန်မှာ အင်္ဂလိပ်ဘာသာ စကားသင်တန်း တက်နေတာ လေးနှစ်ရှိပါပြီ။ ဒီနှစ်မှာ သူ့သင်တန်းပြီးပါတယ်။ သင်တန်းပြီးတာနဲ့ ရန်ကုန်မှာပဲ ဒေါ်လာ အရောင်းအဝယ်လုပ်ပြီး ဆက်နေနေခဲ့တာပါ။

ကိုဗစ်ပထမအကျော့မဖြစ်ခင် ဖေဖော်ဝါရီလက သူ့မိဘတွေဆီ ခဏပြန်ပါသေးတယ်။ ဇွန်လမှာ ရန်ကုန်ပြန် တက်လာခဲ့တာပါ။ ကိုဗစ်ဒုတိယ အကျော့ထပ်ဖြစ်လာတော့ သူဟာ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။

အဲဒီလိုနဲ့ ငှားထားတဲ့အဆောင်မှာပဲ စားလိုက်၊ အိပ်လိုက်နေနေတာ တစ်လ လောက်ကြာတော့ ငြီးငွေ့လာတာရယ်၊ လက်ထဲမှာ ပိုက်ဆံနည်းလာတာရယ် ကြောင့် နေရပ်ကိုပြန်ဖို့ သူဆုံးဖြတ်လိုက် ပါတော့တယ်။ ဒါပေမဲ့ ခက်တာက ရန်ကုန်နဲ့ တနင်္သာရီတိုင်းကိုပြေးဆွဲတဲ့ ခရီးသည်တင်ကားတွေကမရှိတော့ပါ။ ရပ်နားထားကြပါတယ်။

အဲဒါကြောင့် မိုင်၅၄၀ လောက်ဝေးတဲ့ ခရီးကို စက်ဘီးစီးပြန်မယ်လို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ သူပြန်ဖို့ ဆုံး ဖြတ်လိုက်တဲ့အချိန်မှာ သူ့လက်ထဲမှာ ပိုက်ဆံ တစ်သိန်းနှစ်သောင်းပဲရှိကျန် တော့တယ်လို့ဆိုပါတယ်။

အဲဒီပိုက်ဆံလောက်နဲ့ ဆက်နေ မယ်ဆိုရင် ဘယ်လိုမှအဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခန်းငှားရမ်းခ တစ်ခုတည်းကို တစ်လ လေးသောင်းသုံးထောင်ကျပ်ကုန်နေပြီ။ ပိုက်ဆံချေးငှားဖို့ ဆွေမျိုးတွေကလည်း ရန်ကုန်မှာ တစ်ယောက်မှ မရှိဘူး။ သူနဲ့ အတူနေသူတွေကလည်း သူ့အခက်အခဲနဲ့သူ လုံးလည် လိုက်နေတဲ့သူတွေပဲလို့ဆိုပါတယ်။

“အခက်အခဲကတော့ အခုက အလုပ်လုပ်လို့မရဘူးဆိုတော့ ပိုက်ဆံအဆင် မပြေတော့လို့ ပိုက်ဆံမကုန်ခင်ပေါ့နော် ကျွန်တော်ပြန်လာချင်တာပေါ့” လို့ စောလားဘွဲ့ထူးက ဆိုပါတယ်။

“ဒီအချိန် ကားလမ်းနဲ့သွားလို့မရဘူးဆိုတာသိတယ်။ အဲဒါ ဘာနဲ့ ပြန် လာရမလဲ စဉ်းစားပြီးတော့ စက်ဘီးနဲ့ ပြန်လာလိုက်တာ”

အဲဒါနဲ့ လက်ကျန်ပိုက်ဆံထဲက စက်ဘီးအဟောင်းတစ်စီးကို လေးသောင်းကျပ်နဲ့သူဝယ်လိုက်ပါတယ်။ ကျန်တဲ့ငွေ ခုနစ်သောင်းကျော်နဲ့ ရန်ကုန်-ကျွန်းစု စက်ဘီးခရီးစဉ်ကို စတင်ပါ တော့တယ်။ သူစထွက်လာတာက အောက်တိုဘာလ ၄ ရက် မနက်ပိုင်းပါ။

ရန်ကုန်မြို့ထဲကနေ တောက် လျှောက်စက်ဘီးစီးလာတာ စစ်ဆေးမေး မြန်းမရှိပေမဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားရောက်တော့ သူ့ကို ပေးမဖြတ်ပါဘူး။ ရန်ကုန်ကပြန်လာတာ ဖြစ်လို့ ရောဂါမရှိမှ တံတားကိုဖြတ်ခွင့်ရ မယ်လို့ အဲဒီစစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေက ဆိုလာပါတယ်။

အဲဒါနဲ့ ကိုဗစ်ရောဂါ စစ်ဆေးခံ လိုက်ရပါတယ်။ စစ်ဆေးခအဖြစ်တော့ သူ့လက်ကျန်ငွေထဲက ကျပ်နှစ်သောင်း ပေးလိုက်ရပါတယ်။

ရောဂါမရှိဘူးလို့ အဖြေထွက်တာကြောင့် သူခရီးဆက်ထွက်လာနိုင်ခဲ့ပါတယ်။
အဲဒီကနေ မွန်ပြည်နယ်၊ ရေးမြို့ကို လေးရက်လောက်အထိ စက်ဘီးနင်းလာ ခဲ့ရပါတယ်။ လမ်းတစ်လျှောက် စစ်တောင်းတံတားမှာ တစ်ညအိပ်တာက လွဲပြီး ကျန်တဲ့အချိန်တောက်လျှောက်နီးပါး စက်ဘီးစီးလာခဲ့တယ်လို့ စောလားဘွဲ့ထူး က ဆိုပါတယ်။

“ညဘက်မှာဆို ဒီအတိုင်းပဲမောင်း လာတယ်။ မောင်းရင်းနဲ့ ပင်ပန်းရင် ခဏထိုင်တယ်ပြီး အနားယူပြီးတော့ ဆက်မောင်း။ ကျွန်တော်မအိပ်ဘူး” လို့ စောလားဘွဲ့ထူးက ပြောပါတယ်။

အဲဒါနဲ့ ငါးရက်မြောက်နေ့မှာ ရေးမြို့ကို သူရောက်လာပါတယ်။ လမ်းမှာ သူ့စက်ဘီးကို ဆိုင်ကယ်နဲ့ ဖြည်းဖြည်းချင်း ဆွဲခေါ်လာပေးတဲ့သူတစ်ယောက်ကြောင့်သာ ရေးမြို့ကို အချိန်ခပ်တိုတိုနဲ့ရောက်လာခဲ့တာပါ။

ဒါပေမဲ့ ရေးမြို့မှာ သူသောင်တင် ဖို့ ကြုံရပြန်ပါတယ်။ အဲဒီအချိန်မှာ တနင်္သာရီတိုင်းဟာ တိုင်းကျော်၊ ပြည်နယ်ကျော် ခရီးသွားလာတွေကို ဝင်ခွင့် မပြုတော့ပါဘူး။ တိုင်းအစိုးရက ပိတ်လိုက်ပါပြီ။ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်း နယ်ခြားဖြစ်တဲ့ မလွှဲတောင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီး ကုန်တင်ကား တွေကိုပဲ တိုင်းထဲသွားခွင့်ပြုထားတဲ့ အချိန်ဖြစ်ပါတယ်။

အဲဒါကို စောလားဘွဲ့ထူး ကြိုမသိခဲ့ဘူး။ စက်ဘီးနဲ့ မလွှဲတောင်ဂိတ်ကို ဖြတ်မလို့လုပ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့ကိုကူညီပေးမယ့် ကျန်းမာရေးဝန်ထမ်းလည်းဖြစ် ပရဟိတ သမားလည်းဖြစ်တဲ့သူ တစ်ဦးနဲ့တွေ့ တာကြောင့် သူကံကောင်းသွားတယ်လို့ ဆိုရမှာပါ။

“မလွှဲတောင်ဂိတ်ကို ဖြတ်လို့ရ လားလို့ ဖုန်းဆက်ပေးတယ်။ မလွှဲတောင် ကတော့ ဖြတ်လို့မရဘူးဆိုပြီးတော့ လုံးဝဘူးခါတယ်” လို့ စောလားဘွဲ့ထူး ကို ကူညီပေးတဲ့ ဦးတက္ကစီခေါ် ဦးမျိုးသိန်းထွဋ်က ဆိုသည်။

မလွှဲတောင်ဂိတ်ကို ဖြတ်လို့မရရင် စောလားဘွဲ့ထူးအတွက် ညကြီးအချိန် မတော် တည်းခိုဖို့ အခက်အခဲရှိမှာစိုး တာရယ်၊ ရောဂါပိုးရှိနေမှာကို စိုးရိမ် တာရယ်ကြောင့် ဦးမျိုးသိန်းထွဋ်က ကိုဗစ်ကုသနေတဲ့ ရေးမြို့က ကျန်းမာရေးဝန်ထမ်းတွေနေတဲ့ သီးသန့်အဆောင်ကို ခေါ်သွားပါတယ်။

အဲဒီညက ရေးမြို့မှာ လူပြောများတဲ့အထဲမှာ စောလားဘွဲ့ထူးအကြောင်းပါဝင်ခဲ့ပါတယ်။ ရန်ကုန်က ပြန်လာတဲ့ စောလားဘွဲ့ထူးကို ခေါ်လာတဲ့ ဦးမျိုး သိန်းထွဋ်ကိုလည်း အွန်လိုင်းကနေ ဝိုင်းအပြစ်တင် ဝေဖန်ကြပါသေးတယ်။

နောက်ရက်မှာတော့ ဦးမျိုးသိန်းထွဋ် နဲ့ ရေးမြို့က လူမှုကူညီရေးအဖွဲ့တစ်ခု အကူအညီနဲ့ စောလားဘွဲ့ထူးဟာ ထားဝယ်ကို အရေးပေါ်ကားနဲ့ရောက် လာခဲ့ပါတယ်။

သူရန်ကုန်က စထွက်လာတာ ခြောက်ရက်ပြည့်ခါနီး အောက်တိုဘာလ ၉ ရက် ညအချိန်မှာ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် (ထားဝယ်အဝေး ပြေးကားဝင်းအနီး)က စစ်ဆေးရေးဂိတ်ကို ရောက်လာခဲ့တာပါ။ သူ့စီးတော်ယာဉ် စက်ဘီးအဟောင်း အပါအဝင်ပေါ့။

သူပြန်လာနေတဲ့သတင်းဟာ သူ့ဇာတိ ကျွန်းစုနဲ့ မြိတ်ကလူတွေဆီကိုလည်း ပျံ့နှံ့နေခဲ့ပြီးပါပြီ။ မြိတ်မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တစ်ခုဟာ သူ့ကို ထားဝယ်အထိ ကားနဲ့လာကြိုခဲ့ပါတယ်။ အဲဒီလိုနဲ့ စောလားဘွဲ့ထူးရဲ့ မိုင်ငါးရာကျော် စက်ဘီးနင်းမယ့်ခရီးဟာ မိုင်သုံးရာကျော်လောက် နင်းအပြီးမှာတော့ အဆုံးသတ်သွားခဲ့ပါတယ်။

အခုဆိုရင် စောလားဘွဲ့ထူး သူ့ဇာတိကို ပြန်ရောက်နေပါပြီ။
သူ့လိုပဲ ရန်ကုန်မှာ ပိတ်မိနေတဲ့သူတွေကို အစိုးရအစီအစဉ်နဲ့ ပြန်ခေါ် ပေးတာမျိုးဖြစ်ဖြစ်၊ စာရေး၊ သောက်ရေးတွေ အဆင်ပြေအောင် စီစဉ်ပေး တာမျိူးဖြစ်ဖြစ် ကူညီစေချင်တယ်လို့ သူ့ဆန္ဒကို ဖွင့်ဟခဲ့ပါသေးတယ်။

“ကျွန်တော်အထင်တော့ အရမ်းအခက်အခဲရှိတဲ့သူတွေဆိုရင်တော့ အစားအသောက်တွေမဟုတ်ရင်တောင် အနေအထိုင်တွေ အဆင်ပြေဖို့ ကူညီပေးရင် ပိုကောင်းမယ်လို့ထင်တယ်။ ပြန်သွား ခေါ်ပေးရင်တော့ ပိုကောင်းတာပေါ့” လို့ စောလားဘွဲ့ထူးက ဆိုပါတယ်။

ကျော်သူစိုး