အမျိုးသမီးများ မဲပေးကြရန် မွန်အမျိုးသမီးများကွန်ရက် နှိုးဆော်

0
901
Dawei Watch, Dawei News, Dawei News Media

မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အမျိုးသမီးမဲဆန္ဒရှင်များအနေနှင့် မဲထွက်ပေးကြရန် မွန်အမျိုး သမီးကွန်ရက်က ကမ်ပိန်းပြုလုပ်ပြီး တိုက်တွန်းနှိုးထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များအရ ယင်း ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲပေးသူ တစ်ဝက်ခန့်သာရှိပြီး မဲလာမပေး သူအများစုသည် အမျိုးသမီးများဖြစ်သည်။

ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ မဲများများပေးစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောသည်။

“အမျိုးသမီးတွေရဲ့အသံ လွှတ်တော် ထဲရောက်အောင် မဲထွက်ပေးကြပါ။ မဲ ဆန္ဒရှင်တွေ လုပ်ကြပါ။ နိုင်ငံသား တာဝန်ယူကြပါဆိုပြီး ကမ်ပိန်းလုပ် နှိုးဆော် တိုက်တွန်းနေတာရှိတယ်။ ရောဂါကိုလည်း ကာကွယ်၊ မဲလည်း ထွက်ပေးကြဖို့” ဟု ၎င်းက ပြောသည်။

မွန်အမျိုးသမီးကွန်ရက်အနေနှင့် အမျိုးသမီးများ မဲပေးရာတွင်လည်း မှန်ကန်သည့် ကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုများကိုလည်း ရပ်ကွက် ကျေးရွာအဆင့်ထိ လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ကူးစက်ရောဂါ အကျပ်အတည်း ကာလအတွင်း ကျင်းပရမည်ဖြစ်သည့်အတွက် မဲထွက်မပေး ကြမည်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းတို့တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။

“ဒီကာလက လူထုတွေ အခက်အခဲဖြစ်နေကြတယ်။ လူထုတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားတာ မဝင်စားတာအပထား၊ မဲရုံကို သွားကြမလား။ နောက် မဲထည့်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ သွားရဲကြမလား။ ဒီရောဂါကြောင့် မဲရုံမှာ ဘယ်လောက်ထိ စီစဉ်ပေးနိုင်မလဲ။ အခု မဲရုံတွေတိုးချဲ့ပေမဲ့ လောက်ပါ့မလားပေါ့ဗျာ” ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က ပြောသည်။