ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး မပိတ်တော့

0
939

ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး မပိတ်တော့ဟု ဆိုပြန်

ထားဝယ်၊ အောက်တိုဘာ ၂၁/ Dawei Watch

ထားဝယ်မြို့ရှိ ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် မင်္ဂလာဈေးကို မပိတ်တော့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့သူ များပြားလာသည့်အတွက် ကာကွယ်သည့်အနေဖြင့် အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်က ပြောဆိုခဲ့သော်လည်း တိုင်းစည်ပင်သာယာရေးအဖွဲ့က မပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အပေါ် ဈေးသူ/ ဈေးသားများက စိုးရိမ်နေသဖြင့် ဈေးကို ယာယီပိတ်ရန် ဈေးအကျိုးဆောင်အဖွဲ့များက မြို့နယ်စည်ပင်သာယာရေးကော်မတီထံ တင်ပြလာခဲ့မှုကို စည်ပင်ကော်မတီက ဆွေးနွေးပြီး တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ တင်ပြရာတွင် မပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စည်ပင်ကော်မတီ၏ တည်ပြချက်အပေါ် တိုင်းစည်ပင်က ဈေးဖွင့်သည့်ယခင်ပုံစံအတိုင်း စုံရက်/ မရက် သတ်မှတ်ပြီး ပုံမှန်အတိုင်းပင်ဖွင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ရှိ တဂူသိမ်ဈေးကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှစပြီး တစ်ပတ်ကြာပိတ်ထားခဲ့သည်။

တဂူသိမ်ဈေးပိတ်ရခြင်းမှာ ကိုဗစ်ရောဂါပိုးတွေ့သူက ဈေးလာဝယ်ခဲ့သည့်အတွက်ကြောင့်သာ ဈေးတာဝန်ရှိသူက တင်ပြလာသည့်အတွက် တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ ထပ်မံတင်ပြပြီး ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီအတွင်းရေးမှူးက ဆိုသည်။

ဈေးသူ/ ဈေးသားအချို့ကမူ ဈေးယာယီပိတ်ခြင်းထက် စည်းကမ်းသတ်မှတ်ချက်များအတိုင်း သေချာစွာကြပ်မတ်ပြီး ပုံမှန်အတိုင်း ဖွင့်ရန်ကိုသာ လိုလားနေကြသည်။