ကိုဗစ်လူနာ ဆေးရုံဆင်းသော်လည်း ရွာက အဝင်မခံ

0
931
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာတစ်ဦးမှာ ရောဂါသက်သာသဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့သော်လည်း ၎င်းနေထိုင်သည့်ရွာကို ပြန်ခွင့်မရပေ။

သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ကျေးရွာတွင်နေထိုင်သည့် ကိုဝဏ္ဏအောင် သည် ရန်ကုန်မှပြန်လာပြီးနောက် အောက်တိုဘာလ ပထမအပတ်တွင် ကိုဗစ်ပိုးတွေ့ကြောင်း ကျန်းမာရေး ဌာနက အတည်ပြုခဲ့သည်။

ဆေးကုသမှုခံယူပြီး ရောဂါသက် သာသဖြင့် ဆေးရုံကဆင်းခွင့်ရရှိခဲ့ကာ နေအိမ်တွင်သာနေထိုင်ခြင်း (Stay Home) ခုနစ်ရက် ဆက်ပြီးနေထိုင်ရမည်ဖြစ်သည်။ ရောဂါသက်သာစ ကိုဝဏ္ဏအောင် အနေနှင့် လေကောင်း၊ လေသန့်လည်းရ၊ ပင်လယ်ရွာတစ်ခုဖြစ်၊ သူ့ဇာတိချက်မြှုပ် လည်းလည်းဖြစ်သည့် ကနက်သီရိရွာတွင် Stay Home နေထိုင်ရန် စိတ်ကူးထားခဲ့သည်။

ယင်းအတွက်ကြောင့် ဆေးရုံက ဆင်းလျှင် ရွာပြန်လာမည့်အကြောင်းကို တာဝန်ရှိသူများထံ ဆေးရုံမဆင်းခင် တစ်ရက်ကြိုပြီး ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။

သို့သော် ရွာ၏ တာဝန်ရှိသူများက သူ့အား ရွာသို့ပြန်လာမှုကို လက်မခံကြောင်း အကြောင်းပြန်လာခဲ့သည်။

ဆေးရုံဆင်းပြီး ခုနစ်ရက်ပြည့်ပြီးမှသာ ရွာပြန်လာရမည်ဟု ကိုဝဏ္ဏအောင်အား ကနက်သီရိရွာ ကိုဗစ်ထိန်ချုပ်ရေး ကော်မတီက အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

“အခုရွာထဲဝင်ခွင့်မရတာက ငါပဲ ရောဂါသယ်လာတဲ့သူဖြစ်လို့လား။ သူတို့ကို ဒုက္ခပေးမယ့်သူလို့ မြင်ကြတာလား ဆိုတဲ့ မေးခွန်းတွေ အများကြီးဖြစ်လာတယ်” ဟု သူက ဆိုသည်။

သူ့အား ရွာသို့အဝင်မခံသည့် ကိစ္စကို မသိရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောသည်။ အကြောင်းမှာ ကိုဝဏ္ဏအောင် ဆေးရုံမှ ဆင်းလာချိန်သည့်နေ့တွင် ၎င်းမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစည်းအဝေးတစ်ခုဖြင့် ရောက်နေခဲ့သောကြောင့် ဖြစ်သည်ဟုဆိုသည်။

“သူဆေးရုံကသက်သာလို့ ဆင်း လာရင် ဘယ်မှာပဲနေနေပေါ့နော်။ သူ့မှာ နေဖို့အခွင့်အရေးရှိတယ်။ တကယ်လို့ ရွာကိုလာမယ်ဆိုရင်လည်း ရွာက ကြိုဆိုရဖို့ဆိုပြီးတောင် ပြောနေရသေးတယ်” ဟု ဦးကျော်လွင်က ဆိုသည်။

ရွာကိုလာမရန် ပြောဆိုခဲ့သည်မှာ ကနက်သီရိရွာ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ၏ သဘေားထားဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးဇော်နိုင်ဦးက ပြောသည်။ ဆေးရုံက ဆင်းလာခါစ ဖြစ်ဖြစ်သဖြင့် ကိုဗစ်ကူးစက်မှု စိတ်ချရသည့် အနေအထားမဖြစ်သေးသည်က တစ်ကြောင်း Stay Home ခုနစ်ရက်နေရန်မှာ မိဘဖြစ်သူများနှင့် နေပါက ပိုအဆင်ပြေသည်ကတစ်ကြောင်းတို့ကြောင့် ရွာတွင် ခုနှစ်ရက်လာမနေရန် ပြောဆိုခြင်းဖြစ်ကြောင်း ဦးဇော်နိုင်ဦးက ဆိုသည်။

“ရွာကို ပြန်လာလို့မရဘူးဆိုတာ ကတော့ မမှန်ဘူး။ Stay Home ခုနစ်ရက်နေပြီးရင် ဘယ်အချိန်မဆို လာနေ လို့ရတယ်” ဟု ဦးဇော်နိုင်ဦးက ဆိုသည်။

ကိုဝဏ္ဏအောင်၏ မိခင်မှာ ကနက်သီရိရွာသူဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်း ထားဝယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ သို့သော် ကိုဝဏ္ဏအောင်မှာ ထားဝယ်တွင်တစ်လှည့် အဖိုးအဖွားနှင့် အဒေါ်ရှိရာ ကနက်သီရိတွင်တစ်လှည့် နေထိုင်သူဖြစ်သည်။ ကနက်သီရိတွင် ပိုအနေများသည်ဟုဆိုသည်။ ရန်ကုန်ကို ထွက်မလာခင်ကလည်း ကနက်သီရိရွာတွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်သည် ကနက်သီရိရွာသား။ ကျွန်တော်ချက်မြှုပ်တဲ့နေရာဖြစ်တယ်၊ ကနက်သီရိက။ အဲတော့ စိတ်ထဲမှာ နဲနဲတော့ မကျေနပ်တဲ့ပုံစံတော့ဖြစ် မိတယ်။ ရွာက လက်မခံဘူးဆိုတာ ဘာကြောင့် လက်မခံဘူးဆိုတာသိချင်တယ်” ဟု ကိုဝဏ္ဏအောင်က ဆိုသည်။

သူ့အား ရွာက လက်မခံလိုသည်မှာ ယခုမှ မဟုတ်။ ကိုဗစ်ဒုတိယလှိုင်းနှင့်အတူ ရန်ကုန်မှ ပြန်လာစဉ်ကတည်းက ဖြစ်သည်။ ရန်ကုန်က ပြန်လာသည့်အခါ ကိုဝဏ္ဏအောင်မှာ ရွာတွင် ကွာရန်တင်းဝင်ရန်ပြောဆိုခဲ့သော်လည်း အငြင်းခံခဲ့ရသည်။

မိဘနှစ်ဦးမှာ ထားဝယ်တွင် နေထိုင်သူဖြစ်ခြင်း၊ ကျွဲးမင်းကုန်းရွာက သံဃာတော်များနှင့်အတူ ရန်ကုန်မှ ပြန်လာသူဖြစ်ခြင်း၊ ကိုဝဏ္ဏအောင်၏ မှတ်ပုံတင်မှာ ထားဝယ်မှတ်ပုံတင်ဖြစ်နေခြင်း၊ ရွေးကောက်ပွဲတွင် ထားဝယ်တွင်သာမဲပေးရမည်ဖြစ်ခြင်း စသော အကြောင်းပြချက်များဖြင့် သူ့ကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကမူ သူရန်ကုန်မှ ပြန်လာချိန်တွင် ရန်ကုန်ပြန်များတွင် ပိုးတွေ့လူနာမကြာခဏတွေ့ နေသဖြင့် ရွာသာများက သူ့အား ရွာတွင် ကွာရန်တင်းလာဝင်သည်ကို မလိုလားကြောင်း ပြောသည်။

ယင်းအပြင် ကနက်သီရိရွာရှိ ကွာရန်တင်းစခန်းမှာလည်း စနစ်တကျ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ကွာရန် တင်းဝင်နေသူတစ်ဦး ပိုးတွေ့ပါက အခြားသူများပါ ပိုးတွေ့သွားနိုင်သည့် အခြေအနေရှိသဖြင့် ကိုဝဏ္ဏအောင်ကဲ့သို့ ပိုးတွေ့နိုင်ခြေများသူ ရန်ကုန်ပြန်ကို လက်မခံခြင်းဖြစ်ကြောင်း ဦးကျော်လွင် က ပြောသည်။

“ကွာရန်တင်းစခန်းမှာ စောင့်နေတဲ့ သူတွေက သူ(ကိုဝဏ္ဏအောင်) လာမယ် ဆိုရင် ကျွန်တော်တို့ မလုပ်တော့ဘူးဆိုပြီး ကြောက်ပြီးတော့ ပြောကြတာဆို တော့ သူ့(ကိုဝဏ္ဏအောင်) ကို အကျိုးအကြောင်း ကျွန်တော် ရှင်းပြလိုက်ပါတယ်” ဟု ဦးကျော်လွင်က ဆိုသည်။

ရန်ကုန်က ပြန်လာအချိန်က ရွာတွင် ကွာရန်တင်းဝင်ရန် အငြင်းခံရသည်ကို လက်ခံနိုင်သော်လည်း ဆေးရုံဆင်းသည့်အချိန် ရွာသို့အဝင်မခံသည့်အပေါ် ကိုဝဏ္ဏအောင်မှာ နားမလည်နိုင်အောင် ဖြစ်နေသည်။

“ကျွန်တော့်လို ထားဝယ်မှတ်ပုံတင် ကိုင်ပြီးနေတဲ့သူတွေ ရှိချင်ရှိမယ်။ သူတို့ ကနက်သိရီကိုဝင်လာမယ်ဆို ဘယ်လို လုပ်မှာလဲ။ ရန်ကုန်က ဆင်းလာတဲ့ ကနက်သီရိသားတွေ ရွာကိုလာမယ်ဆို ဘယ်လို လုပ်မှာလဲ။ ရွာက လက်မခံဘူးဆိုရင် သူတို့ ဘယ်မှာသွား နေမှာလဲ” ဟု သူက မေးခွန်းထုတ်သည်။

သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းကမူ အများသူငါကို အနှောင့်အယှက်၊ အတားအဆီးဖြစ်စေသည့် ပိတ်ပင်တားဆီးမှုများကို မလုပ်ရဆိုသည်ကို ညွှန်ကြားထားချက် ရှိကြောင်း ပြောသည်။

ကျေးရွာ ကိုဗစ်ထိန်းချုပ်ရေးကော်မတီသည် ရွာထဲသို့ အဝင်မခံသည့် ကိစ္စများကို လုပ်ခွင့်မရှိကြောင်း ဦးသန်းထွန်း က ပြောသည်။

“သူ့ဇာတိ သူပြန်ချင်တဲ့နေရာတော့ ပြန်မှာပေါ့။ သူဇာတိကိုပြန်ချင်တယ်ဆို လို့ရှိရင် ဆရာဝန်က ထုတ်ပေးတဲ့ အထောက်အထားတွေလည်း ပါသွားတာပဲလေ။ ကျန်းမာရေးသတ်မှတ်ချက်အရ Stay Home ခုနစ်ရက်ဆို ခုနစ်ရက်နေရင် ရပြီပေါ့” ဟု ၎င်းကဆိုသည်။

ရောဂါသက်သာသဖြင့် ဆေးရုံက ဆင်းလာသည့် ကိုဝဏ္ဏအောင်မှာ ခုနစ်ရက်ရွာထဲအဝင်မခံရသည့်အပြင် ရွာသား အချို့၏ အပြစ်တင် ဝေဖန်ခြင်းကိုပါခံ နေရကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော့်မှာဆိုတော်သေးတယ်။ ထားဝယ်မှာနေစရာရှိသေးတယ်။ ရွေးချယ် စရာရှိသေးတယ်။ ကျွန်တော့်နေရာမှာ အခြားသူတစ်ယာက်ဆိုရင် ဘယ်လိုလုပ်မှာလဲ” ဟု ကိုဝဏ္ဏအောင်က ဆို သည်။

ကျော်သူစိုး