ကိုယ့်ကိုကိုယ် ဦးဆောင်မှုက ပေးသည့် အကျိုးကျေးဇူး

0
432

ကိုယ့်ကိုကိုယ် ဦးဆောင်မှုအကြောင်း ဆွေးနွေးရေးသားမှုတွေကို တနင်္သာရီ ဂျာနယ်ကနေတစ်ဆင့် မကြာခဏဆိုသလို လုပ်ခဲ့ပါတယ်။

ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင် လူအများစုဟာ ကိုယ့်အတွင်းစည်း ကိုယ်နိုင်အောင် ကြိုးစားဖို့ မေ့နေပြီး အခြားသူတွေကို ဦးဆောင်ဖို့သာ စိတ်အလေးကဲလေ့ရှိကြတော့ ဒီခေါင်းစဉ်ဟာ သိပ်ပြီး မျက်နှာပန်းမလှသလို အရေးကြီးတယ်လို့လည်း မြင်သူ နည်းပါတယ်။

ဒါပေမဲ့ တကယ်လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် အလျင်းသင့်သလို ဆွေးနွေးဖြစ်ပါတယ်။

အထူးသဖြင့်တော့ ကိုယ့်ကိုကိုယ် ဦးဆောင်တဲ့အခါ အလေးထား ဂရုပြုရမယ့် အချက်တွေဖြစ်တဲ့ တန်ဖိုးထားမှု၊ စိတ်နေသဘောထား၊ သက်ဝင်ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ်သိမှု စတာတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဦးစီးဦးရွက်ပြု ခြင်းအတွက် အရေးကြီးတဲ့ အကြည် ဓာတ်အကြောင်းလည်း ဆွေးနွေးဖူးပါတယ်။ လူတစ်ဦးချင်းစီရဲ့ စက္ကန့်တိုင်းမှာ အကြည်ဓာတ် ဘယ်နှကျပ်သား ပါသလဲဆိုတာဟာ အဲဒီတစ်ဦးချင်းစီက စက္ကန့်တိုင်းမှာ ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်မှု ဘယ်လောက်ရှိတယ် ဆိုတာအပေါ်မှာ မူတည်နေတာကြောင့်ပါ။

အဲလို ကိုယ့်ကိုကိုယ် ဦးဆောင်မှုအကြောင်း ဆွေးနွေးရေးသားမှုတွေ ရှိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဦးဆောင်နိုင်ရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲဆိုတာကို အကျယ်တဝင့် မဆွေးနွေး ဖြစ်သေးပါဘူး။

အခု အဲဒီအကြောင်း ဆွေးနွေးချင်ပါတယ်။ အကြီးတန်းစီမံခန့်ခွဲသူတွေကို သူတို့ရဲ့ အဖွဲ့အစည်းမှာ အပြောင်းအလဲလုပ်ဖို့အတွက် လိုအပ်တာတွေနဲ့ပတ်သက်ပြီး ကူညီ စဉ်းစားပေးသူအဖြစ် လုပ်နေတဲ့ Antony Shave ဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ့်ကိုကိုယ် ဦးဆောင်တတ်ခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သူ့ရဲ့ ယူကျု ဗီဒီယိုမှာ မိတ်ဆက် ရှင်းပြထားတာ၊ JD Meier ဆိုတဲ့ စာရေး ဆရာတစ်ယောက်ကလည်း သူရဲ့ The Power of Personal Leadership ဆိုတဲ့ ဆောင်းပါးမှာ ရှင်းပြထားတာတွေထဲက အချို့အချက်တွေကို ကောက်နုတ် ဆွေးနွေးလိုပါတယ်။

ကိုယ့်ကိုကိုယ် ဦးဆောင်တတ်သူတွေဟာ
၁ ) တစ်စုံတစ်ဦးကြောင့် ဖြစ်ဖြစ်၊ အခြေအနေ တစ်ခုခုကြောင့်ဖြစ်ဖြစ် စိန်ခေါ်မှုတွေ ကြုံရတဲ့အခါမှာ အလွန်အကျွံ သတိလက်လွတ် တုံ့ပြန်တာမျိုး မဖြစ်တော့ဘူး။
လူတွေဟာ ပြဿနာတစ်ခုခု၊ စိန်ခေါ်မှုတစ်ခုခု ကြုံလာတဲ့အခါ တစ်ဦးချင်းစီရဲ့ စိတ်အခြေအနေအပေါ်မူ တည်ပြီး ဒေါသထွက်တာ၊ စိတ်ပျက်တာ၊ ကြောက်တာ၊ ရန်လိုတာ၊ အခြားသူတွေကို အပြစ်ဖို့ ခေါင်းရှောင်တာ၊ ရှောင်ဖယ် နေတာ စဖြင့် ပုံစံ အမျိုးမျိုးနဲ့ တုံ့ပြန်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်စွမ်း ရှိသူတွေက ဒီသဘော တရားတွေကို နားလည်သတိရှိပြီး တကယ့်ပြဿနာရဲ့ ရင်းမြစ်က ဘာလဲ၊ တစ်ဖက်သားက ဘာကို ဆိုလိုတာလဲ၊ ဖြစ်သင့်တဲ့ အဖြေက ဘာလဲ၊ သူက ဘာကြောင့် ဒီလိုမျိုး ပြောဆိုလုပ်ကိုင်နေတာလဲ ဆိုတာမျိုးကိုပဲ စဉ်းစားအဖြေရှာပြီး တုံ့ပြန်လေ့ ရှိပါတယ်။ သတိလက်လွတ် အလွန်အကျွံ ချက်ခြင်း တုံ့ပြန်တာမျိုး လုပ်လေ့ မရှိပါဘူး။

၂) ကိုယ့်အတွေးတွေက ပိုအသုံး တည့်လာပြီး အရည်အသွေးလည်း ပိုမြင့်လာပါတယ်။ တစ်နည်းအားဖြင့် ပြောရင် စိတ်ကူး စိတ်သန်းကောင်းတွေ ထွက်ပါတယ်။
ကိုယ့်ကိုကိုယ် ဦးဆောင်မှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တွေထဲမှာ တစ်ခုက အပေါင်းလက္ခဏာဆောင်တဲ့ စိတ်နေသဘောထား ရှိဖို့ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဦးဆောင်မှုကို လက်တွေ့ကျင့်သုံးနေသူတွေဟာ ကြုံလာရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အပိတ်တွေးတာမျိုး မဟုတ်ဘဲ အဖြေတော့ ရှိမှာပါ၊ ဝိုင်းစဉ်းစား ကြတာပေါ့ ဆိုတာမျိုး တွေးလေ့ ရှိပါတယ်။

အဲလို စိတ်ကို ဖွင့်ထားတဲ့အတွက် တစ်နည်းအားဖြင့် စိတ်ရဲ့ အင်တာနာတိုင်ကို ထောင်ထားတဲ့အတွက် စိတ်ကူးစိတ်သန်းကောင်းတွေ၊ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တန်ခြေများတဲ့ အဖြေတွေကို ရလေ့ရှိပါတယ်။

စိတ်က ထူးဆန်းပါတယ်။ မလုပ်နိုင်လောက်ဘူးလို့ တွေးလိုက်တာနဲ့ စိတ်ကူးသစ်တွေက ထွက်ကို ထွက်မလာတော့ပါဘူး။

ဒါကြောင့် တတိယအဖြေလို့ ပြောလို့ရနိုင်တဲ့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေကို လုပ်လာနိုင်တာ ဖြစ်ပါတယ်။

အဲလို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေကို လုပ်လာနိုင် တာဟာ အပေါင်းလက္ခာဏာဆောင်တဲ့ စိတ်နေသဘောထား တစ်ခုတည်းကြောင့် တော့ မဟုတ်ပါဘူး။

လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ တန်ဖိုး ထားမှု၊ သက်ဝင်ယုံကြည့်မှု၊ စိတ်နေ သဘောထားတွေအကြောင်းကိုလည်း အလေးအနက် နားလည်ပြီး ထည့်သွင်း စဉ်းစားတတ်လို့လည်း ဖြစ်ပါတယ်။

၃) အစုအဖွဲ့နဲ့ ဆွေးနွေးချက်တွေ ပိုပြီး အရည်အသွေး ကောင်းလာတယ်။
ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်စွမ်းရှိသူတွေ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ဖို့ ကြိုးစားနေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် သိမှုရာနှုန်းများ သလို အခြားသူတွေရဲ့ ဘဝရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အခြေအနေ အရပ်ရပ်ကိုလည်း အလေးအနက် နားလည်တာမျိုး၊ နား လည်နိုင်အောင် ကြိုးစားတာမျိုး လုပ်လေ့ ရှိပါတယ်။

နောက်တစ်ခုက နားထောင်တဲ့အခါ နားနဲ့ပဲ နားထောင်တာမဟုတ်ဘဲ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နားထောင်တာ ဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်က တစ်ခုခုပြောတဲ့အခါ ကိုယ့်ခံယူချက်၊ ကိုယ့်သဘောထား အပေါ်မှာပဲ ရပ်ခံပြီး ပြန်တုံ့ပြန်ဖို့ပဲ စဉ်းစားနေတာမျိုး မဟုတ်ဘဲ သူဘာကို ဆိုလိုတာလဲ၊ သူ ဒီလိုတွေ ပြောနေတာရဲ့ အကြောင်းအရင်းက ဘာလဲ စသဖြင့် ဖြစ်နိုင်ချေတွေကို ရှာဖို့ မြင်နိုင်ဖို့ ကြိုးစားတာမျိုး လုပ်လေ့ ရှိပါတယ်။

ဒါကြောင့် အစုအဖွဲ့နဲ့ ဆွေးနွေးမှုမှာ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြုံပြုချက်တွေ၊ ချည်းကပ်ပုံတွေ စသဖြင့် အမျိုးမျိုးကို လက်ခံနားထောင်ပြီး စုစည်း ကြံဆထားတဲ့ အဖြေကို ထုတ်တာဖြစ်တဲ့အတွက် အရည်အသွေး ကောင်းလာတာ ဖြစ်ပါတယ်။

၄) စိတ်ဖိအားတွေ နည်းလာမယ်။ ကိုယ့်စိတ်က သတိရှိပြီး ထိန်းထိန်း သိမ်းသိမ်း ဖြစ်တယ်။

ကိုယ့်ကိုကိုယ် ဦးဆောင်ဖို့ ကြိုးစားတာဟာ ကိုယ့်ရဲ့ စက္ကန့်တိုင်းကို သတိတရားနဲ့ ရှင်သန်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ ကြုံရတဲ့ ကောင်းခြင်း၊ ဆိုးခြင်း အရာရာနဲ့ ပတ်သက်ပြီး လက်ခံတတ်လာတယ်။ မှန်မှန်ကန် ကန် တည်တည်ငြိမ်ငြိမ် တုံ့ပြန်တတ်လာတယ်။

ကြုံလာရတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်အမူအရာတွေကို ကိုယ်က သတိပိုင်ပိုင်နဲ့ ကြည့်ပြီး ပြုမူတုံ့တာမျိုး ဖြစ်လာတယ်။ ဥပမာ – လူတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်အောင် ပြောဆို ဆက်ဆံလိုက်တာကို ကိုယ်က ဒေါသတကြီး ပြန်တုံ့ပြန်တယ်ဆိုတာက ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်ကို ကိုယ်က သတိပိုင်ပိုင် မရှိလို့ ဖြစ်ပါတယ်။ တချို့က စိတ်ထဲ ဖြစ်ပေမဲ့ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ဒေါသနဲ့ တုံ့ပြန်တာမျိုး မဖြစ်အောင် ထိန်းနိုင်မယ်။ တချို့က ကိုယ်အားဖြင့် မဖြစ်ပေမဲ့ စိတ်အားဖြင့်ရော၊ နှုတ်အားဖြင့်ပါ ဒေါသတကြီး တုံ့ပြန်တာမျိုး လုပ်မိ မယ်။ တချို့ကျတော့ ကာယကံမြောက်အထိ လုပ်မိမယ်။ စသဖြင့် အမျိုးမျိုးတော့ ရှိတာပေါ့။

ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်စွမ်း ပိုအားကောင်းလာလေ အလိုအလျောက် တုံ့ပြန်တာမျိုး နည်းလာလေ ဖြစ်တဲ့အတွက် ကိုယ့်ဘဝကို ကိုယ်ပိုင်သလို ခံစားလာရပါတယ်။ ပြီးတော့ ကိုယ်လုပ် တာတွေအတွက် နောင်တရတာမျိုးလည်း မကြုံရတော့ဘူးပေါ့။ ငါ အဲလောက်ထိတော့ မအော်လိုက်သင့်ပါဘူး။ ငါအဲလောက် ထိတော့ ဒေါသတကြီးနဲ့ ကိုယ်ထိလက်ရောက် မလုပ်သင့်ပါဘူးဆိုတာမျိုးတွေ ခံစားရတာ ပိုနည်းလာတာဖြစ်တဲ့အတွက် ကိုယ့်ဘဝကိုယ် ကျေနပ်မှု ပိုရှိလာပါတယ်။

နောက်တစ်ခုက
၅) စွမ်းဆောင်ရည် ပိုမြင့်လာမယ်။ အလုပ်တွေ ပိုပြီးမြောက်လာပါတယ်။
သတိရှိတဲ့ စိတ်ဟာ အကြည်ဓာတ်လေး ကိန်းနေပြီး ဒေါသထွက်တာ၊ စိတ်ဆိုး စိတ်ပျက်တာ၊ စိတ်ဓာတ်ကျတာ၊ အလိုမကျဖြစ်တာ စသဖြင့် စိတ်အမှိုက်တွေ နည်းတာဖြစ်တဲ့အတွက် အလုပ်လည်းတွင်သလို ဆုံးဖြတ်ချက်နဲ့ ရွေး ချယ်မှုတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ ဖြစ်လာပါတယ်။

သူနဲ့ ပူးပေါင်းလုပ်ကိုင်ချင်တဲ့သူလည်း များလာမယ်။ စိတ်မပါ လက်မပါ၊ စိတ်ညစ်စိတ်နွမ်းပြီး ပါဝင်ပူးပေါင်းရတာမျိုးမဟုတ်တဲ့အတွက် ပူးပေါင်းပါဝင် မှုကလည်း အင်ပြည့်အားပြည့်ဖြစ်လေ့ရှိပါတယ်။

နောက်ပြီး ကိုယ့်ရဲ့ မျှော်ရည်ချက်ကို ရှင်းရှင်းလင်းလင်းသိပြီး အဖြေရှိမှာ ပါလို အမြဲစဉ်းစား ချဉ်းကပ်လေ့ ရှိတာဖြစ်တဲ့အတွက် စိတ်အားထက်သန်မှုက ကောက်ရိုးမီးလိုမဟုတ်ဘဲ အမြဲရှိနေမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လူတွေဟာ ငွေကြေး သက်သက်အတွက် အလုပ်လုပ်နေတာ မဟုတ်ဘူးဆိုတာကို အလေးအနက် နားလည် လက်ခံကျင့်သုံးပြီးတော့ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးကို အလေ့ထားတဲ့အတွက် အဖွဲ့သားတွေကလည်း သူတို့ အလုပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးတွေကိုပဲ ပေးဖို့၊ လုပ်ဖို့ ပျော်ရွင် ကျေနပ်စွာ ပါဝင်ပူးပေါင်းကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွင်တာ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် ကောင်းကောင်း ဦးဆောင်နိုင်သူတွေဟာ ဒီအချက်ကိုလည်း ခံစားရပါသေးတယ်။

၆) အခြားသူတွေရဲ့ လေးစားမှုကို ပိုရလာမယ်။
ဒါကတော့ ရှင်းပါတယ်။ ကိုယ့်အဖွဲ့သားတစ်ဦးချင်းစီဖြစ်ဖြစ်၊ လူတစ်ဦး ချင်းစီကိုဖြစ်ဖြစ် သူတို့ ပြောတဲ့ စကား၊ စိတ်ကူးစိတ်သန်း၊ မှတ်ချက်တွေကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နားထောင်ပေးတယ်။ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ တန်ဖိုးထားမှု၊ သက်ဝင်ယုံကြည်မှုကို အလေးအနက်ထား စဉ်းစားပေးတယ်။

ခေါင်းရှောင်တာ၊ တစ်ချိန်လုံး အပြစ်တင်တာမျိုးတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာမျိုးတွေ မလုပ်ဘဲ ကိုယ့်အဖွဲ့သားတွေကို ခရီးတစ်ခု၊ မျှော်ရည်ချက် တစ်ခုအတွက် အတူတူ ခရီးသွား နေသူတွေအဖြစ် သဘောထားဆက်ဆံတယ်။ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေ၊ သဘောထားမှတ်ချက်တွေလည်း နားထောင်ပေးတာ၊ အတတ်နိုင်ဆုံး ထည့်သွင်း ဆွေးနွေးတာမျိုး လုပ်တဲ့အပြင် ကိုယ်တိုင်လည်း အကြံဉာဏ်ကောင်းတွေ ထုတ်ပေးနိုင်တာမျိုးဖြစ်တဲ့အတွက် အခြားသူတွေရဲ့ လေးစားမှုကို ရတာ ဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်စွမ်းရှိသူတွေဟာ အခြားသူတွေကို ကောင်းကောင်း ဦးဆောင်နိုင်စွမ်းရှိပြီး ခေါင်းဆောင်ကောင်း ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

ဒါကြောင့်လည်း ကိုယ့်ကိုကိုယ် ဦးဆောင်မှုနဲ့ပတ်သက်ပြီး အမြဲပြော လေ့ရှိတာက ကိုယ့်ကိုကိုယ် ဦးဆောင်မှုဆိုတာ အခြားသူတွေကို ဦးစီးဦးရွက် မပြုခင် အဆင့်ဖြစ်ပြီးတော့ အခြားသူတွေကို ဦးဆောင်နိုင်ဖို့အတွက် အခြေခံကျတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် ကောင်းကောင်း ဦးဆောင်နိုင်စွမ်းမရှိတဲ့ ခေါင်းဆောင်နဲ့ အလုပ်တွဲလုပ်ရပြီ ဆိုရင်တော့ ဘုရား တရားသာ တထားပေတော့လို့ ပြောရမှာ ဖြစ်ပါတယ်။

အားလုံး ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်သူတွေ ဖြစ်ပါစေ။ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေနဲ့လည်း တွေ့ကြုံဆုံ လက်တွဲလုပ် ကိုင်ခွင့် ရကြပါစေ။

မှီငြမ်း- The Core Personal Leadership Skill – By Antony Shave
https://www.youtube.com/watch¿v=XmB9StX 4ruA&t=211s

The Power of personal leadership – By J.D. Meier
https://sourcesofinsight.com/the-power-of-personal-leadership/

သည်မွန်