ရွှေပြည်တော် မျှော်တလင့်လင့်

65
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်လဲ။ ဒီလို နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အဝေးကြီးကို မျှော်ငေးမိတော့ အကြောင်းအရာတွေက ခေါင်းထဲရှုပ်ထွေး ပွေလီပြီး ရောက်ရှိလာတယ်။

ယိုပေါက်များလှတဲ့ လှေတစ်စီးလို ဘယ်အပေါက်ကို အရင်ပိတ်ရမလဲဆိုတဲ့ ခံစားချက်မျိုးနဲ့ပါ။ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် ကျွန်တော် တွေးမိထားတာတွေက အများကြီး။

စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကစလို့ အရာရာရဲ့ အားနည်းချက်ဒဏ်ကို မငြိမ်းမချမ်း ခံစားနေရတဲ့ လူငယ် တစ်ယောက်အနေနဲ့ ရင်ထဲမှာ ပြောချင်တဲ့ စကားတွေက တစ်ပုံတစ်ပင်ပဲ။ သမိုင်းတွင်မယ့် အနိဋ္ဌာရုံ မြင်ကွင်းတွေကလည်း မျက်စိထဲက မထွက်သေးတော့ ဘာလိုချင်လဲလို့ တိုတိုမေးရင် ငြိမ်းချမ်းရေးလို့ တိုတိုဖြေမိလိမ့်မယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ စကားသုံးလုံးတည်းပေမဲ့ သိပ်ကျယ်ပြန့်တယ်၊ သိပ်နက်ရှိုင်းတယ်၊ သိပ်သိမ်မွေ့တယ်ဆိုတာ သိတယ်။ ဒီစကားစုတစ်ခုရဲ့ ခရီးဟာ ကျွန်တော်တို့ရဲ့ အနာဂတ် နိုင်ငံတော်ကြီးကို ရွှေဘောင်ကွပ်သလို တင့်တယ်သွားနိုင်ကြောင်းကိုလည်း နားလည်ထားပြီးသား။

အရာရာ ယိုင်ရွဲ့နေတဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေးကို အစဆွဲထုတ်ကြည့် လိုက်မယ်ဆို ပထမဦးဆုံး ခုန်ထွက်လာမှာက စီးပွားရေးပဲ။ လက်ညှိုးထိုးမလွဲ သယံဇာတ ပေါများတဲ့နိုင်ငံမှာ စီးပွားရေး အခက်အခဲ ရှိနေတယ်ဆိုတာကတော့ ယုံချင်စရာ မရှိတာ အမှန်ပဲ။ ဒါပေမဲ့ ဒါတကယ့်အဖြစ်အပျက်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချမ်းသာခဲ့တဲ့ ပြည်သူတွေကို မျက်စိပိတ်ပြီး အသိဉာဏ် မုဒိမ်းကျင့် ခံခဲ့ရတယ်လို့ ခပ်ရိုင်းရိုင်း ညွှန်းဆိုလိုက်ရင် ဒါက အကောင်းဆုံး ဥပမာတစ်ခုပါ။ ရှိသမျှ အကုန်ပါသွားတယ်။ တန်ဖိုးထားရတာတွေ အကုန်ယူသွားပြီးတဲ့နောက် မျက်ရည်နဲ့မျက် ခွက် ကျန်ခဲ့တဲ့ ပြည်သူတွေခမျာ စိတ်ဓာတ်ကစလို့ အကုန်ချွတ်ခြုံကျ။ အူမ တောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ အကျည်းတန်လှတဲ့ စကားကို မရှက်မကြောက် လွယ်လွယ်သုံးနိုင်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်သွားကြတာ ပြန်တွေးကြည့်ရင်တော့ ရင်နာစရာ အတိပဲ။

ဒါဟာ နိုင်ငံရဲ့ သယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုစနစ် မကောင်းခဲ့လို့ဆိုတာ သိပ်သိသာတယ်။ ဒီတော့ သယံဇာတ စီမံခန့်ခွဲမှု ကောင်းဖို့လိုမယ်။ သယံဇာတ စီမံခန့်ခွဲမှုသာ ကောင်းခဲ့ရင် စီးပွားရေး ချွတ်ခြုံကျမှုကလည်း ကာကွယ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ကောင်းကောင်း ဖန်တီးပေးနိုင်မှာ။ ဒီနေ့ မြန်မာ့လူငယ်အားလုံး တောင့်တနေကြတာကလည်း အလုပ်အကိုင် အခွင့် အလမ်းပဲ။

အလုပ်အကိုင် အခွင့်အလမ်းလို့ ပြောလိုက်ရင်လည်း သူနဲ့အတူ ကပ်ပါလာတာက အတတ်ပညာ။ တစ်နည်းအားဖြင့် နည်းပညာပေါ့။ ပညာရေးကိစ္စ နဲ့လည်း ဆက်နွှယ်နေတယ် ဆိုပါတော့။ မြန်မာနိုင်ငံရဲ့ ပညာရေးအကြောင်း တွေးမိရင် အနာကျင်ရဆုံးက ရင်ဘတ်ကြီးပဲ။ ရင်နာစရာ ကောင်းလောက်အောင်ကို မြန်မာ့ပညာရေးဟာ တစ်ကမ္ဘာလုံးရဲ့ ထိပ်ဆုံးအဆင့်နားကနေ အောက်ဆုံး အဆင့်နားထိ လျှောဆင်းခဲ့ရတယ်။ မြန်မာ့ဘွဲ့လက်မှတ်က ကမ္ဘာပတ် ခေါင်းမော့နိုင်ခဲ့ရာကနေ အခုတော့ နိုင်ငံတကာမှာ အိမ်ဖော်လုပ် ခေါင်းငုံ့နေရတဲ့ ကိန်း။ ဒါကြောင့် ပညာရေးအဆင့်ကို နိုင်ငံတကာ မကျော်ရင်တောင် နိုင်ငံ တကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ဖြစ်အောင် ပြန်လည်မြှင့်တင်စေချင်မိတယ်။ ကြက်တူရွေးတစ်ကောင်လို နှုတ်တိုက်ကျက်ပြီး ဘာသာစုံထူးချွန် သွားလည်း ဘာအသိပညာမှ မရတဲ့ နိုင်ငံမျိုး မဖြစ်စေချင်တော့ဘူး။ အတတ်ပညာပဲရှိပြီး အသိပညာမရှိတဲ့ ဘွဲ့လက်မှတ်တစ်စောင်လိုလည်း နံရံမှာ အလှချိတ်ရုံသက်သက် မဖြစ်စေချင်တော့။

အမှန်တကယ် နားလည်နိုင်တဲ့ ပညာတွေကိုပဲ ပြဋ္ဌာန်းပြီး ကျောင်းပြီးတာနဲ့ အလုပ်အတွက် မပူရတဲ့ အခြေအနေမျိုး ဘယ်လူငယ်မဆို တောင့်တကြမှာပါ။ အခုလို ဘွဲ့ဓာတ်ပုံတွေ ရိုက်ပြီးနောက် တစ်နေ့အလုပ်အတွက် ပညာကို အစက ပြန်သင်ယူနေရတဲ့ ဘဝတွေ မဖြစ်စေချင်တော့တာ။

စီးပွားရေး၊ ပညာရေး အဆင်မပြေလို့ ကျန်းမာရေးဘက် ကြည့်ဦးမလား။ အတူတူနဲ့ အနူနူပဲ။ အိမ်တစ်အိမ်ဆိုတာ ထောက်တိုင်တစ်တိုင် ပြုတ်နေရင် ယိုင်ရွဲ့ နေတတ်သလိုမျိုးပေါ့။ ပညာရေးကဏ္ဍက အမှန်တကယ် ဆေးပညာဝါသနာပါတဲ့ လူငယ်တွေကို နေရာမပေးဘဲ နှစ်လုံးတစ်ကန်း နားမလည် ကျက်ဖြေစက်ရုပ်တွေကိုပဲ ဆေးတက္ကသိုလ် တက်ခွင့်ပေးတော့ မြန်မာ့သင်္ချိုင်းမြေတွေကို တိုးချဲ့ရတာ မဆန်းဘူး။ ဆေးပညာ တကယ်ဝါသနာပါတဲ့ စေတနာရှင်တွေကိုတော့ ချွင်းချက်ပေါ့။ မြန်မာနိုင်ငံမှာ ဆေးပညာ အရူးအမူးတတ်ချင်ပေမယ့် ကြက်တူ ရွေးတစ်ကောင်လို မကျက်တတ်ခဲ့လို့ လမ်းစပျောက်သွားတဲ့ လူငယ်တွေ ဘယ်လောက်များမလဲလို့ တွေးကြည့်စေချင်တယ်။

အခုခေတ်အနေအထားအရ ကျန်းမာရေးကိစ္စက ပိုလို့တောင် ဆိုးလာတယ်လို့ ဆိုရမယ်။ ဗိုင်းရပ်စ်တွေ ကမ္ဘာပေါ် ပြန့်နေတဲ့အချိန် မလတ်ဆတ်တော့တဲ့ မြို့ပြလေထုတွေကြားမှာ လူတွေအသက် က ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားကြရပြီ။

ထုတ်စရာ ဖက်မှ မရှိတော့တာ။ အဓိက ကတော့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် မူဝါဒ ခိုင်ခိုင်မာမာ ရှိမနေတာပဲ။ ပြည်သူအများစု မှီခိုနေတဲ့ ရေမြေတော တောင်ကို တစ်ဦးတစ်ယောက်က ဖြိုဖျက်ဖို့ ကြံလာရင်လည်း ကာကွယ်နိုင်မယ့် စွမ်းအားက နည်းလွန်းခဲ့ကြရတယ်။ သစ်တစ်ပင်ခုတ်ရင် ထောင်ခုနစ်နှစ်၊ တစ်တောလုံးခုတ်ရင်တော့ စပ်တူ ဆိုတာမျိုးတော့ တကယ်ကို အဆင်ပြေမနေဘူး။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူတချို့ရဲ့စိတ်က ကြောက်စရာအကောင်းဆုံး အဆိပ်ဓာတ် တစ်မျိုးပဲ။ အခုနောက်ပိုင်းမှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့် လက်မှတ်ဟာ လူထုရဲ့ အသက်ကယ် ဆေးတစ်လက် ဖြစ်ခဲ့တော့ ဝမ်းသာဝမ်းနည်း ဖြစ်မိရတယ်။ ဝမ်းသာတာက ပြည်သူ့သစ်တောကို အလွဲသုံးစား လုပ်တာကနေ ကာကွယ်နိုင်လို့။ ဝမ်းနည်းတာက သစ်တောဧရိယာ အတော်များများ ပြောင်သလင်း ခါခဲ့ပြီမို့လေ။ ဒါပေမဲ့လည်း မြေရှိရင် အပင်ဆိုတာကလည်း ပြန်ဖြစ်လာမှာလို့ ကျွန်တော်တို့ အားတင်းကြရမှာပါ။ အပင်ပြန်မပေါက်နိုင်တဲ့ တူးဖော်ရေး ဧရိယာတွေကတော့ ချွင်းချက်ပေါ့။ ဆိုတော့ သစ်တောဟာ လူသားတွေရဲ့ အသက်ဓာတ် တစ်ခုဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းအတိုင်း ရှိနေစေချင်မိတယ်။

အဲဒီလို ကောင်းမွန်တဲ့အရာတွေ ဆက်လက်တည်မြဲနေဖို့အတွက် တရားဥပဒေစိုးမိုးရေးကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပဲ။ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့လူတွေ အရမ်းများတယ်။ အဲဒီလို ဆင်းရဲချမ်းသာ ကွာဟမှုနှုန်း မြင့်မားတာကလည်း တရားဥပဒေ စိုးမိုးမှုမရှိဘဲ အခြေခံ လူတန်းစားတွေကို ဖိနှိပ်ထားတဲ့ အခြေအနေမျိုး ဖြစ်နေလို့ပဲလို့ ကျွန်တော်မြင်တယ်။ အပေါ်ပိုင်းကိုကျတော့ ဟာကွက်လေးတွေ ပေးထားပြီး အောက်ပိုင်းကိုကျ သာသာထိုးထိုး နှက်တတ်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ တရားမျှတပါတယ်လို့ ဘယ်လိုမှ ယုံစား လို့ရမနေဘူး။ တစ်တိုင်းပြည်လုံး မငြိမ်းချမ်းရခြင်းရဲ့ အဓိက စနစ်တံဟာလည်း တရားဥပဒေစိုးမိုးရေး မရှိလို့ပါ။ ဥပဒေကို လက်တစ်လုံးခြား ကစားတတ်တဲ့ လူတချို့ကြားမှာ နေ့စဉ် စားဝတ်နေရေး လုံးပန်းနေရတဲ့ ပြည်သူတွေ ပေသားထုသား ကျနေခဲ့ရတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကိုလည်း သမာသမတ်ကျတဲ့ လမ်းစဉ်နဲ့ ပြည်သူတွေ အမှန်တကယ် အားပေးထောက်ခံတဲ့ ဖွဲ့စည်းပုံမျိုးပဲ ဖြစ်စေချင်မိတာ။ တမင်တကာ ဝင်္ကဘာဆန်အောင် အဆင်တန်ဆာလုပ်ထားတဲ့ ပြည်သူ့အတွက် ဆူးညှောင့် ခလုတ်တွေမျိုး မဖြစ်စေချင်တော့။

ဒီတော့ ရှုပ်ထွေးပွေလီလှတဲ့ အတွေးတွေကြားမှာ လူငယ်တစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကတော့ ရှင်းတယ်။ မြန်မာနိုင်ငံကို အခြားနိုင်ငံတွေလို ဖြစ်စေချင်တာပဲ။ သူများနိုင်ငံတွေ ပြည်သူတွေအပေါ် ဘယ်လို ကြင်ကြင် နာနာ အုပ်ချုပ်နေသလဲ။ အဲဒီအတိုင်း ပြည်သူတွေကို ဗဟိုပြုတဲ့ အုပ်ချုပ်မှု ယန္တရားမျိုးပဲ လိုချင်တာ။ အခြားနိုင်ငံတွေမှာလိုမဟုတ်ဘဲ သာသူကိုဖား နာသူ ကိုထပ်ဖိတတ်တဲ့ ခြစား အခြေအနေမျိုးတော့ လုံးဝမလိုချင် မမြင်ချင်တော့ဘူး။ အခုနောက်ပိုင်း နိုင်ငံတကာတံခါးတွေ ပွင့်ကုန်ပြီ။ အသိပညာတွေလည်း ဖလှယ် လို့ရနေပြီ။ ဒီအချိန်ဟာ ကျွန်တော်တို့ လူငယ်တွေ ကြိုးစားပြီး နိုင်ငံကို ကောင်းမွန်အောင် ဆက်တွန်းဖို့ အသင့်တော်ဆုံး အချိန်ပဲ။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးအရ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လူကြီးတွေက ရှေ့မှာပိတ်ရပ် မနေဘဲ လမ်းပြပေးဖို့ပဲ လိုတယ်။ အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်လည်း အကောင်းဆုံး ဖြစ်တည်လာပြီး တရားဥပဒေစိုးမိုးရေးလည်း အားကောင်းလာ မယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ် ပန်းပေါင်းစုံပွင့်နိုင်တဲ့ ဥယျာဉ်ကြီးတစ်ခြံ ဖြစ်လာဦးမှာ မလွဲပါ။ အချုပ်ပြောရရင် ဒါတွေဟာ ဒီနေ့လူငယ် တစ်ယောက်ရဲ့ နိုင်ငံ့အပေါ် မျှော်လင့်ချက်စစ်စစ်တွေပဲ။ ။

ဟိန်းသက်ပိုင်